ညွန့်ဝေ (ကသာ)

ဝီကီပီးဒီးယား မှ
ညွန့်ဝေ (ကသာ) (၁၉၃၂)
ညွန့်ဝေ (ကသာ) (၁၉၃၂)
ဒေါက်တာသိန်းညွန့်
အမည်ရင်း ဦးသိန်းညွန့်
မွေးသက္ကရာဇ် ၁၂၊ ၈၊ ၁၉၃၂

နိုင်ငံသား မြန်မာနိုင်ငံ
ပညာရေး M.B.B.S.
အလုပ်အကိုင် မြန်မာကဗျာဆရာ၊ စာရေးဆရာ၊ ခွဲစိတ် ပါရဂူ
မွေးရပ်ဇာတိ တောင်တွင်းကြီး
ကြင်ဖော် ဒေါ်ဝေဝေလွင်
မိဘ ဦးလေးမောင် + ဒေါ်အိမ်

ကိုယ်ရေးဖြစ်စဉ်[ပြင်ဆင်ရန်]

ကဗျာဆရာကြီး ညွန့်ဝေ (ကသာ) ၏ အမည်ရင်းမှာ ဦးသိန်းညွန့် ဖြစ်သည်။ အဖ ဦးလေးမောင် (သစ်ကုန်သည်) နှင့် အမိ ဒေါ်အိမ်တို့၏ တတိယမြောက် သားဖြစ်သည်။ တောင်တွင်းကြီး ဇာတိ ဖြစ်သော်လည်း ဖခင် အခြေချရာ ကသာမြို့၌ ကြီးပြင်းခဲ့သည်။ မွေးသက္ကရာဇ်မှာ ၁၂၉၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် (၁၂၊ ၈၊ ၁၉၃၂) သောကြာနေ့ဖြစ်သည်။


ကသာမြို့တွင် အထက်တန်း ပညာ သင်ခဲ့ပြီး ရန်ကုန် တက္ဗသိုလ် ဆေးပညာ မဟာဌာနမှ M.B.B.S. ဘွဲ့ကို ၁၉၅၉ ခုနှစ်တွင် ရရှိခဲ့သည်။ အထက်တန်း ကျောင်းသား ဘဝမှ စ၍ ကဗျာအထုံ စွဲခဲ့ပြီး ကဗျာများ စပ်ဆိုလာရာ အသက် တဆယ့်လေးနှစ် အရွယ် သတ္တမတန်း ကျောင်းသားဘဝတွင် ညွန့်ဝေ (ကသာ) အမည်ဖြင့် မနှင်းဆီ ကဗျာမှာ ပထဆုံး ပုံနှိပ်ကဗျာ အဖြစ် ပါရှိခဲ့သည်။ တက္ကသိုလ်သို့ ရောက်သော အခါ ဆေးကျောင်း တဖက်ဖြင့် ကဗျာများ ဆက်တိုက် ရေးသားခဲ့သည်။


ကလောင်စုံ၊ ပဒေသာ၊ သွေးတောက်၊ ရှုမဝ မဂ္ဂဇင်းတွင် ဆိုးမားဆက်မွမ်၏ စာပေအမြင် ဆောင်းပါးများကို တနှစ်ကျော် ဆက်တိုက် လစဉ် ရေးသားခဲ့သည်။ ဆေးသိပ္ပံ မဂ္ဂဇင်း၊ အိုးဝေ မဂ္ဂဇင်း၊ တက္ကသိုလ် မဂ္ဂဇင်းတို့တွင်လည်း ကဗျာများ၊ ဆောင်းပါးများနှင့် ဝတ္ထုများ ရေးသားခဲ့သည်။ ဆေးပညာပေး ဆောင်းပါးများကို စာပေဗိမာန် မဂ္ဂဇင်း၊ ရှုမဝမဂ္ဂဇင်း တို့တွင် ရေးသားခဲ့သည်။ ဆရာဝန်ဘဝ အတွေ့အကြုံ အသိပညာများကို အခြေခံသော သိမှတ်ဖွယ်ရာ ဆောင်းပါး ပေါင်းချုပ်နှင့် "ဇော" ပညာပေး ဝတ္ထုရှည်တို့ကို ထုတ်ဝေခဲ့သည်။ ဆေးကျောင်းသား ဘဝ၊ ဆရာဝန် ဘဝ အတွေ့အမြင်များသည်ပင် ညွန့်ဝေ (ကသာ) ၏ ခံစားမှု ကဗျာများစွာကို မွေးဖွားခဲ့သည်။


၁၉၆၈ ခုနှစ်တွင် နိုင်ငံခြား ပညာတော်သင် အဖြစ် မျက်နှာ မေးရိုး ခွဲစိတ်မှုနှင့် အစားထိုး ပြုပြင်ခွဲစိတ်မှု ဘာသာရပ်ကို လေ့လာ သင်ကြားခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်တွင် ပါရဂူဘွဲ့ကို ရရှိခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်တွင် အတိုင်ပင်ခံ ဆရာဝန်ကြီး၊ ကထိက ဌာနမှူးနှင့် ပါမောက္ခ ဌာနမှူး ရာထူး တာဝန် အဆင့်ဆင့် ထမ်းဆောင်ခဲ့ရသည်။ ဆေးပညာ လေ့လာ ဆည်းပူးရေး ခရီး အနေဖြင့် ဆိုဗီယက်ယူနီယံ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ အမေရိကန်ပြည်ထောင်စု၊ စင်ကာပူတို့တွင် သွားရောက် ဆည်းပူးခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ အစားထိုး ခွဲစိတ်မှု ဆရာဝန်များ အသင်း၏ အဝေးရောက် ဂုဏ်ထူးဆောင် အသင်းဝင် အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။ ဆေးပညာ တာဝန်များကို ထမ်းဆောင်ရင်း အခြား တဖက်မှလည်း စာပေကဗျာများကို ဆက်လက်လိုက်စား ရေးသားခဲ့သည်။ စာပေ ခရီးအဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်သို့ စာရေးဆရာ ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် သွားရောက်ခဲ့သည်။


၁၉၉၂ ခုနှစ်တွင် အမျိုးသား စာပေ ကဗျာဆုကို ရရှိခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဇနီးဖြစ်သူ ဒေါ်ဝေဝေလွင် ကွယ်လွန် သွားခဲ့သည်။ ယခုတိုင် ကလောင်နှင့် ခွဲစိတ်ဓားကို ပြိုင်တူ ကိုင်ဆွဲဆဲ ဖြစ်သည်။


မြန်မာနိုင်ငံ ဆေးပညာရှင် အဖွဲ့ အမှုဆောင် အဖွဲ့ဝင် အဖြစ် ၁၉၉၃ ခုနှစ်မှ စ၍ တာဝန် ထမ်းဆောင်ခဲ့သည်။ အမျိုးသား စာပေဆု၊ စာပေဗိမာန် စာမူဆု၊ ပခုက္ကူ ဦးအုန်းဖေ စာပေဆု၊ အမျိုးသားဆောင်ပုဒ် စာပေဆုနှင့် တပ်မတော်နေ့ ကဗျာပြိုင်ပွဲ အကဲဖြတ် အဖွဲ့ဝင် အဖြစ် ၁၉၉၂ ခုနှစ်မှ ယနေ့တိုင် ရွေးချယ်ရေး တာဝန်များ ထမ်းဆောင်လျက် ရှိသည်။


ရေးသား ပြုစုခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

၁။ ဆိုးမားဆက်မွမ်၏ စာပေအမြင် ဆောင်းပါးများ ၁၉၅၆

၂။ သိမှတ်ဖွယ်ရာ ဆေးပညာ ၁၉၆၇

၃။ ဇော

၄။ စိတ်ပြတင်း ကဗျာများ ၁၉၉၂

၅။ ရင်မှဆင်းသော မြစ်တစင်း ၁၉၉၈

၆။ ဆေးပညာဆိုင်ရာ သုတေသန ၂၀၀၂

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၈ ဖေဖော်ဝါရီမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)