ညောင်လွန့်တောရဆရာတော်
ညောင်လွန့်တောရဆရာတော် အရှင်မေဓာဝီ ကောဇာသက္ကရာဇ် (၁၂၂၉ ~ ၁၂၉၅)
[ပြင်ဆင်ရန်]ညောင်လွန့် ဆရာတော် အလောင်းအလျာကို ၁၂၂၉ခု၊ တပေါင်း လပြည့်ကျော် ၁၂ရက်၊ ကြာသပတေးနေ့ ည (၁) နာရီအချိန်၌ မိတ္ထီလာမြို့ အနောက်ကန်ဆယ်အိုင့်ရွာတွင် ဦးမှုတ်-ဒေါ်ဂုံတို့မှ ဖွားမြင်ပါသည်။ (၇) နှစ်သား အရွယ်တွင် အိုင့်ရွာကျောင်း ဆရာတော် ဥုးကေသရထံ၌ ပညာသင်ယူစေသည်။
အသက် (၁၂)နှစ် အရွယ်တွင် မိဘများက ရှင်သာမဏေ အဖြစ် သာသနာ့ဘောင်သို့ သွတ်သွင်း ချီးမြှောက်သည်။ ဘွဲ့အမည်မှာ ရှင်မေဓာဝီ ဖြစ်သည်။ သာမဏေဘဝ စာမကျက် စာမသင်ရသော အချိန်တွင် ကျောင်းခြံစည်းရိုး ချုံနွယ် ပိတ်ပေါင်း ကောင်းသောနေရာသို့ ကပ်၍၊ အလယ်တွင် ရှင်းလင်းပြီး ထိုနေရာတွင် တောထွက်သော အနေမျိုးဖြင့် တစ်ပါးတည်း ဧကာသနိက်ပဏ္ဍပိုဏ်ဓုတင်များကို ဆောက်တည်၍ တရားအားထုတ်တော်မူသည်။
သာမဏေ ဘဝ၌ပင် သဒ္ဒါကြီး၊ သင်္ဂြိုဟ်၊ ဆန်း၊ အဘိဓာန်၊ အလင်္ကာ စသော ပရိယတ် အခြေခံ ကျမ်းစာများကို သင်ကြား တတ်မြောက်သည်။ ကိုယ်ကျင့်သိက္ခာတွင်လည်း ဝိနည်း ကျင့်ဝတ်ကို အလွန် ရိုသေလေးစားပေသည်။ အသက်နှစ်ဆယ် ပြည့်သောအခါတွင် နောင်တော် ဥုးကေသရထံ၌ပင် ရဟန်းဝတ်လေသည်။ ရဟန်းဘဝ ရောက်သောအခါတွင်လည်း သီလ သိက္ခာ လွန်စွာ လေးစား၍ ‘စာထဲက ရဟန်းပင်’ ဖြစ်နေပေတော့သည်။
ရဟန်း ၃-ဝါ ရရှိသောအခါ ဆရာတော် ဥုးကေသရ၏ ညွှန်ကြားချက်အရ မန္တလေးမြို့တော်သို့ တက်၍ တောင်ပြင် ဘုရားကြီးကျောင်းတိုက်၌ ၂-ဝါ တိုင်တိုင် နေထိုင်တော်မူ၍ လေးပြင်လေးရပ် ထင်ရှားတော်မူသော ဆရာတော် ဘုရားကြီးထံ၌ ပရိယတ်ကို သင်ယူကြိုးစား အားထုတ်တော်မူလေသည်။ တစ်ဖန် ဆရာတော် ဥုးကေသရ ပြန်ခေါ်သဖြင့် ဇာတိ အိုင့်ရွာကျောင်း၌ပင် သီတင်းသုံးတော် မူရလေသည်။
ငယ်ဆရာ ဥုးကေသရ၏ အမိန့်အရ ညောင်ရမ်းမြို့အနီး၊ တောင်ဘက်ရှိ ရေအိုးစင်ရွာကျောင်း၌ အစောင့်အရှောက် အဖြစ် သီတင်းသုံးရသည်။ ထိုအခိုက် ဝိနည်းအကျော် မိုးနံကုန်း ဆရာတော်ဘုရားကြီးသည် ညောင်ရမ်းမြို့သို့ ကိစ္စတစ်ခုဖြင့် ကြွရောက်လာ၏။ ဥုးမေဓာဝီသည် ဝိနည်းတော်အရ ခါးပန်းကြိုးနှင့် ပတ်သက်၍ မရှင်းလင်းသော အချက်များကို မိုးနံကုန်း ဆရာတော် ဘုရားကြီးအား လျှောက်ထား ခွင့်ပန်လေသည်။ ကျေနပ်လောက်သော အဆုံးအဖြတ်များ မှတ်သားရရှိသဖြင့် ဆရာတော်ဘုရားကြီးထံ လိုက်ပါ ပညာသင်ယူရန် ဆုံးဖြတ်လိုက်လေသည်။ ဆရာတော် ဥုးကေသရကို ခွင့်ပန်၍ ရလေရာ ရဟန်းငါးဝါ အရတွင် ပျော်ဘွယ်မြို့ အရှေ့တောင် တစ်မိုင်ခန့်အကွာ မိုးနံကုန်းရွာကျောင်း၊ မိုးနံကုန်းဆရာတော် ဘုရားကြီးထံတော်သို့ ကြွရောက် သီတင်းသုံး နေထိုင်တော်မူလေသည်။
မိုးနံကုန်း ဆရာတော်ဘုရားကြီးထံတော်တွင် နေ့အခါ၌ သမ္ဗန္ဓစိန္တာ စသော သဒ္ဒါငယ်များမှ အစ ဝိနည်းငါးကျမ်း ပါဠိအဋ္ဌကထာ၊ အဘိဓမ္မာ အဋ္ဌကထာတို့ကို သင်ကြားရ၏။ ညဘက်၌ အဘိဓမ္မာ ညဝါများကို သင်ကြားရ၏။ ဥုးမေဓာဝီသည် အိပ်ချိန်ကို အနည်းငယ် ထား၍ စာပေလိုက်စားရင်း ဆရာတော်၏ ဝတ်ကြီးဝတ်ငယ်တို့ကို သူမတူအောင် မြဲသော ဆရာတော် တစ်ပါး ဖြစ်ပေသည်။
အကျင့်သီလကို မြတ်နိုးလှသော ဥုးမေဓာဝီအဖို့ ဝိနည်း ပိဋကနှင့် အကျင့်သီလ အရာ၌ ထင်ရှားကျော်ကြားသော မိုးနံကုန်း ဆရာတော်ဘုရားကြီးနှင့် ကြုံကြိုက်ရသည်မှာ အခွင့်သာလှပေ၏။ (ပညာချွန်လိုသူတို့သည် ရှင်သာရိပုတြာထံ၊ တန်ခိုးဣဒ္ဓိပါဒ် ကျွမ်းကျင်လိုသူတို့သည် ရှင်မောဂ္ဂလာန်ထံ၊ ဓုတင်ပဋိပတ် ဖြည့်ကျင့်လိုသူတို့သည် ရှင်မဟာကဿပထံသို့ ခိုလှုံမိလျက်သား ဖြစ်ကြရသည်။)
မိုးနံကုန်း ဆရာတော်ဘုရားကြီးထံတော်တွင် ၁၅-နှစ် တိုင်တိုင် ဝတ်နိဗဒ်တို့ကို မြဲလေသည်။ ထို့နောက် ဝိပဿနာ အားထုတ်ရန် ရည်ရွယ်ရင်း ရဟန်းသိက္ခာ ၂၀-ဝါ ရသောအခါတွင် တရားအားထုတ်ရန် ခွင့်ပန်လေသည်။ မိုးနံကုန်းဆရာတော်ဘုရားကြီး၏ ခွင့်ပြုချက်အရ ရှေးအဖို့က ကတိကဝတ် တိုင်ပင်ထားခဲ့ဖူးသော လင့်စင်ကုန်း ဆရာတော်နှင့်အတူ ပျော်ဘွယ်မြို့ မြောက်ဘက် ရှမ်းစုရွာ အနောက်ဘက်ရှိ မင်လိုတောင်ပေါ်သို့ တရား အားထုတ်ရန် ထွက်ခဲ့ကြလေသည်။ တရားအားထုတ်၍ အရှိန်ရလာသောအခါတွင် ဒကာ ဒကာမ များလာခြင်း၊ ဝါဆိုရဟန်း ပရိသတ် ၂၅-ပါးခန့် ရှိလာသောကြောင့် မိုးနံကုန်း ဆရာတော်ဘုရားကြီးထံ ပြန်လည် သီတင်းသုံးပြန်သည်။ ထို့နောက် ဆရာတော်ဘုရားကြီးအား တရားအားထုတ်ပါရန် တိုက်တွန်းလေသည်။ သို့နှင့် တတိယအကြိမ် ဥုးမေဓာဝီသည် မိုးနံကုန်း ဆရာတော်ဘုရားကြီးနှင့်အတူ တောထွက် ဖြစ်ကြလေသည်။
သပိတ် ကိုယ်စီဖြင့် ရွှေဓား ဘူတာ၊ ထိုမှ ညောင်လွန့်ဘူတာ၊ ထို့နောက် ရသေ့ကြီး ဥုးခန္တီ၏ ဇာတိ ရွာသာရွာနှင့် ပျော်ဘွယ်၊ ထိုမှ ဆရာတော် ဥုးဇော၏ နွားစားကျက်တောရကျောင်းသို့ ရောက်ရလေသည်။ တရားရှုမှတ်ခြင်း၊ ဓုတင်တည်ဆောက်ခြင်းများဖြင့် ဝီရိယတိုးကာ အားစိုက်နေကြလေသည်။ ၁၂၇၁-ခုနှစ် ဝါဆိုလတွင် ဝါ ၂၀-ကျော် မထေရ်ကြီးများ အပါး ၅၀ ခန့်ထိ စုဝေး နေထိုင်ကြလေသည်။ ထိုအချိန်မှ စ၍ တောရကျောင်းတိုက်ကြီး အဖြစ် ပေါ်ထွန်းလျက် ညောင်လွန့်တောရကျောင်းတိုက်ကြီး ဟူ၍ အမည်တွင်လေသည်။
၁၂၇၄-ခုနှစ် တပေါင်းလဆန်း ၈ ရက်၊ နေ့လယ် ၁၂ နာရီတွင် မိုးနံကုန်းဆရာတော်ဘုရားကြီး ပျံလွန်တော်မူလေသည်။ ထိုအချိန်မှ စ၍ ညောင်လွန့်တောရ ဆရာတော် ဥုးမေဓာဝီသည် တရားအလုပ်ကို အရိုးကြေကြေ အရေခန်းခန်း အားထုတ်တော်မူလေသည်။ ၁၂၈၀ ပြည့်နှစ်အထိ ၇ နှစ်တိုင်တိုင် အပြင်းအထန် အားထုတ်တော်မူသော ညောင်လွန့်တောရ ဆရာတော် ဥုးမေဓာဝီသည် တပည့်များကို ဆုံးမရာ၌ “ဘုန်းကြီးတို့၊ ဥုးပဉ္စင်းတို့ ရဟန်းတရားဆိုတာ မနေမနား အသက်ကို စွန့်၍ တကယ်တမ်း မှန်ကန်စွာ အားထုတ်ကြပါလျှင် မုချရနိုင်သည်။ ဘုန်းကြီးတို့၊ ဥုးပဉ္စင်းတို့လဲ တကယ် ယုံယုံကြည်ကြည်နဲ့ မဆုတ်မနစ် အားထုတ်ကြည့်ကြစမ်းပါ၊ မုချရပါလိမ့်မယ်။ တပည့်တော်သည် နှစ်ပရိစ္ဆေဒ အဓွန့် ရှည်ကြာ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း အားထုတ်လာရာ ယခုမှ တကယ်ရနိုင်ကြောင်းကို ယုံကြည်စွာ သိရသည်။ ယခု ဤသို့ ဘုန်းကြီးတို့၊ ဥုးပဉ္စင်းတို့ ဖွင့်ဟ ပြောရခြင်းမှာ မဆုတ်မနစ် ကြိုးစား၍ ယုံကြည်စွာ အားထုတ်ကြအောင်လို့သာ ပြောရသည်။” ဟူသော ဩဝါဒကို ထောက်ရှု၍ ဆရာတော်ဘုရားကြီးသည် မည်မျှ အားထုတ်ရှုပွားထားသည်ကို သိရှိနိုင်ပေသည်။
၁၂၈၂ ခုနှစ် နောက်ပိုင်းတွင် ပရိယတ်ကို အနည်းအကျဉ်းမျှသာ ပို့ချ၍ ပဋိပတ်ကို အလေးပေး အားထုတ်လေသည်။ ၁၂၈၇-ခုနှစ်တွင် စာဝါ မပို့ချဘဲ တစ်တိုက်လုံး တရား အားထုတ်ခိုင်းလေသည်။ တရား အားမထုတ်လိုသော ကိုယ်တော်များအား တခြားကျောင်းသို့ ပြောင်းရွှေ့ရန် ညွှန်ကြားတော်မူလေသည်။
အများ တောင်းပန် လျှောက်ထားသောကြောင့် …
(၁) သမထ, ဝိပဿနာ နယသင်္ခေပကျမ်း၊
(၂) ဂဏစာရိက ပဋိပတ္တိကျမ်း၊
(၃) နိဗ္ဗာန ပကာသနီကျမ်း၊
(၄) တိပိဋက ပကိဏ္ဍက ဒီပနီကျမ်းနှင့်
(၅) ဝိနယ ဂဏ္ဌဌာန ဝိနိစ္ဆယတ္ထကျမ်း --- တို့ကို စီရင်ရေးသားတော်မူခဲ့သည်။
ဆရာတော်ဘုရားကြီးသည် လယ်ဝေးမြို့၊ မြွေရိုးကြီးကျောင်းတိုက်၌ ၁၂၉၅ ခုနှစ်၊ နယုတ်လဆုတ် ၃ ရက်နေ့၊ ည ၁၁ နာရီ အချိန်တွင် ခန္ဓာဝန်ချတော်မူခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ - ဓမ္မာစရိယ ဦးဌေးလှိုင်
- ကျေးဇူးရှင် ဆရာတော်ဘုရားကြီးများ၏ ဝိပဿနာရှုနည်း (၉) နည်း (ဒု-တွဲ) - ဦးကျော်နန္ဒအောင်