ဉာဏ်တော်အားဆယ်ပါး

ဝီကီပီးဒီးယား မှ

၁။ ဌာနာဌာနကောသလ္လဉာဏ်တော် = အကြောင်း ဟုတ်သည် မဟုတ်သည်ကို ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်တော်။ [ဥပမာ - ဒိဋ္ဌိသမ္ပန္န (= အရိယမဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသော) ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို နိစ္စအားဖြင့် (သုခအားဖြင့်, အတ္တအားဖြင့်) ကပ်ရောက်နိုင်ရာသော ဤအကြောင်းအရာသည် မရှိဟု သိတော်မူ၏။ ပုထုဇန်သည်ကား တစ်စုံတစ်ခုသော သင်္ခါရတရားကို နိစ္စအားဖြင့် (သုခအားဖြင့်, အတ္တအားဖြင့်) ကပ်ရောက်ရာသော အကြောင်းအရာသည် ရှိ၏ဟု သိတော်မူ၏ - ဤသို့ စသည့် အကြောင်းအရာ ဟုတ်သည် မဟုတ်သည်ကို သိတော်မူသော ဉာဏ်တော်တည်း။ ဝိဘင်းပါဠိတော် (၃၄၈-၃၅၁)တို့၌ အကျယ်ကို ကြည့်ပါ။]

၂။ အတီတာနာဂတပစ္စုပ္ပန္နာန-ကမ္မသမာဒါနာန-ဝိပါကဉာဏ်တော် = အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်ကုန်သော ဆောက်တည်ကျင့်သုံးထားအပ်ကုန်သော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားကို (က) အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရားအားဖြင့်, (ခ) တိုက်ရိုက်ဖြစ်စေတတ်သော ဟေတုအကြောင်း (= ဇနကအကြောင်း) တရားအားဖြင့် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိတော်မူသော ဉာဏ်တော်။ [ဥပမာ - ဆောက်တည် ကျင့်သုံးထားအပ်ကုန်သော အချို့ကုန်သော အကုသိုလ်ကံတို့သည် ဂတိသမ္ပတိ (= ကောင်းရာ သုဂတိသို့ ရောက်ရှိနေသဖြင့် ဂတိနှင့် ပြည့်စုံခြင်း), ဥပဓိသမ္ပတ္တိ (= ရုပ်ဥပဓိနှင့် ပြည့်စုံနေခြင်း), ကာလသမ္ပတ္တိ (= ဘုရားရှင်တို့ ပွင့်ထွန်းတော်မူရာကာလ စသည့် အခါ ကာလကောင်းနှင့် ပြည့်စုံနေခြင်း), ပယောဂသမ္ပတ္တိ (= သမထကုသိုလ် ဝိပဿနာကုသိုလ် မဂ်ကုသိုလ်တို့ ကဲ့သို့သော ကုသိုလ်တရားတို့ကို အရှင်အင်္ဂုလိမာလ တို့ကဲ့သို့ အောင်အောင်မြင်မြင် ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂနှင့် ပြည့်စုံခြင်း) တည်းဟူသော သမ္ပတ္တိ လေးမျိုးတို့က တားမြစ်ထားအပ်ကုန်သည် ဖြစ်၍ အကျိုးမပေးနိုင်ကြကုန်။ အချို့ကုန်သော ဆောက်တည် ကျင့်သုံးထားအပ်ကုန်သော အကုသိုလ်ကံတို့ သည် ဂတိဝိပတ္တိ (= မကောင်းသည့် ဒုဂ္ဂတိဘဝသို့ ရောက်ရှိနေခြင်း), ဥပဓိဝိပတ္တိ (= ရုပ်ဥပဓိ ပျက်စီး ချို့ယွင်းနေခြင်း), ကာလဝိပတ္တိ (= ခေတ်ကောင်း အခါကောင်း မဟုတ်ခြင်း), ပယောဂဝိပတ္တိ (= လုံ့လပယောဂ၏ ချို့တဲ့ပျက်စီးနေခြင်း)ဟူသော ဝိပတ္တိတရား တို့ကို အစွဲပြုကာ အကျိုးပေးတတ်ကြကုန်၏ - ဤသို့ စသည်ဖြင့် သိတော်မူသော ဉာဏ်တော်တည်း။ - အကျယ်ကို ဝိဘင်းပါဠိတော် (၃၅၁-၃၅၂)၌ ကြည့်ပါ။]

၃။ သဗ္ဗတ္ထဂါမိနိပဋိပဒါဉာဏ်တော် = အလုံးစုံသော အဂတိ ဂတိသို့ (= ထိုထို ဘုံဘဝသို့) ရောက်ကြောင်းဖြစ်သော အကျင့် လမ်းစဉ်ကို ဟုတ်တိုင်း မှန်စွာ သိတော်မူသော ဉာဏ်တော်။ [ဥပမာ - လူအများတို့ ပေါင်းစုကာ ပါဏာတိပါတအမှုကို လွန်ကျူးရာ၌ ဤ စေတနာကား ငရဲသို့, ဤစေတနာကား တိရစ္ဆာန်ဘုံ သို့, ဤစေတနာကား ပြိတ္တာဘုံသို့ ရောက်ကြောင်း ကျင့်စဉ်လမ်းတည်း၊ ဤကျင့်စဉ်လမ်းကား လူ့ပြည်သို့, ဤကျင့်စဉ်လမ်းကား နတ်ပြည်သို့ ရောက်ကြောင်း ကျင့်စဉ်လမ်းတည်း၊ ဤကျင့်စဉ်လမ်းကား နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်လမ်းတည်း - ဤသို့ သိတော် မူသော ဉာဏ်တော်တည်း။]

၄။ အနေကဓာတုနာနာဓာတုလောကဉာဏ်တော် = များပြားသော ကွဲပြားသော ဓာတ်သဘာဝ အမျိုးမျိုး ရှိသော လောကကို သိတော်မူသော ဉာဏ်တော်။ [ဥပမာ - ရုပ်ခန္ဓာ တစ်ပါးသာရှိသော လောက, နာမ်ခန္ဓာ လေးပါးသာရှိသော လောက, ခန္ဓာငါးပါးရှိသော လောက - ဤသို့ စသည်ဖြင့် ခန္ဓာ, အာယတန, ဓာတ်တို့၏ ထူးထွေ ကွဲပြားမှုရှိသော လောကကို သိတော် မူသော ဉာဏ်တော်တည်း။]

၅။ သတ္တာနံ နာနာဓိမုတ္တိကတာဉာဏ်တော် = သတ္တဝါတို့၏ အမျိုးမျိုးသော နှလုံးသွင်းဓာတ်ခံ ရှိမှုကို သိသော ဉာဏ်တော်။ [ဟီနာဓိမုတ္တိကာ = ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိသော သတ္တဝါ၊ ပဏီတာဓိမုတ္တိကာ = မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိသော သတ္တဝါဟု သတ္တဝါ အမျိုးမျိုး ရှိကြ၏။ နှလုံးသွင်း ဓာတ်ခံ ယုတ်ညံ့တဲ့ သတ္တဝါတွေက နှလုံးသွင်း ဓာတ်ခံ ယုတ်ညံ့တဲ့ သတ္တဝါတွေကို, နှလုံးသွင်းဓာတ်ခံ မွန်မြတ်တဲ့ သတ္တဝါတွေက နှလုံးသွင်းဓာတ်ခံ မွန်မြတ်တဲ့ သတ္တဝါတွေကို မှီဝဲဆည်းကပ်ကြ၏ - ဤသို့စသည်ဖြင့် သိတော်မူသော ဉာဏ်တော်တည်း။ [၁]]

၆။ ဣန္ဒြိယပရောပရိယတ္တိဉာဏ်တော် = မွန်မြတ်သော သတ္တဝါ, ယုတ်ညံ့သော သတ္တဝါတို့၏ ဣန္ဒြေ အနုံ့အထက် အနုအရင့်ကို သိတော်မူသော ဉာဏ်တော်။ [ဘုရားရှင်သည် သတ္တဝါတို့၏ အတွင်းအဇ္ဈာသယဓာတ်ခံကိုလည်း သိတော်မူ၏။ (အတွင်းအဇ္ဈာသယဓာတ်ဟူသည် လောကသည် မြဲ၏၊လောကသည် မမြဲ - ဤသို့ စသော အတ္တဝါဒနှင့် စပ်သော အတွင်း အဇ္ဈာသယဓာတ်များတည်း။) ယင်းတို့၌ ကိန်းဝပ် တည်နေသော အနုသယဓာတ်ကိုလည်း သိတော်မူ၏။ ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိ သင်္ခါရ စသည့် စရိုက်အမျိုးမျိုးကိုလည်း သိတော်မူ၏။ ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံ, မွန်မြတ်သော နှလုံး သွင်းဓာတ်ခံဟူသည့် အဓိမုတ္တိကိုလည်း သိတော်မူ၏။ ပညာမျက်စိ၌ ကိလေသာ မြူမှုန် နည်းပါးသော သတ္တဝါ, ကိလေသာ မြူမှုန် များပြားသော သတ္တဝါ, သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟူသည့် ထက်မြက် သော ဣန္ဒြေရှိသော သတ္တဝါ, နုံ့သော ဣန္ဒြေရှိသော သတ္တဝါ, ကောင်းသော အခြင်းအရာ ရှိသော သတ္တဝါ, မကောင်းသော အခြင်းအရာ ရှိသော သတ္တဝါ, သစ္စာ လေးပါးတရားတော်ကို သိလွယ်သော သတ္တဝါ, သိနိုင် ခဲသော သတ္တဝါ, ကျွတ်ထိုက်သော သတ္တဝါ, မကျွတ် ထိုက်သော သတ္တဝါတို့ကို ဟုတ်တိုင်းမှန်စွာ သိတော် မူ၏။] [၂]

သွာကာရာ = ကောင်းသော အခြင်းအရာရှိသော သတ္တဝါဟူသည် - ကောင်းသောအဇ္ဈာသယ ကောင်း သောစရိုက် ကောင်းသောအဓိမုတ္တိရှိသော, ကိလေသာမြူ နည်းပါးသော, ထက်မြက်သောဣန္ဒြေ ရှိသော သတ္တဝါတည်း။

ဒွါကာရာ = မကောင်းသော အခြင်းအရာရှိသော သတ္တဝါဟူသည် - ယုတ်ညံ့သောအာသယ ယုတ်ညံ့သောစရိုက် ယုတ်ညံ့သောအဓိမုတ္တိရှိသော, ကိလေသာ မြူမှုန် များပြားသော, နုံ့သောဣန္ဒြေ ရှိသော သတ္တဝါတည်း။ [၃]

၇။ ဈာန-ဝိမောက္ခ-သမာဓိ-သမာပတ္တီနံ သံကိလေသ-ဝေါဒါန-ဝုဋ္ဌာန ဉာဏ်တော် = ဈာန်-ဝိမောက္ခ-သမာဓိ-သမာပတ်တို့၏ ညစ်နွမ်းကြောင်း ဖြူစင်ကြောင်း ထမြောက်ကြောင်းကို သိသော ဉာဏ်တော်။ [ဈာန်လေးပါး၊ ဝိမောက္ခ ရှစ်ပါး၊ သဝိတက္ကသဝိစာရ သမာဓိ + အဝိတက္ကဝိစာရမတ္တ သမာဓိ + အဝိတက္က အဝိစာရ သမာဓိ ဟူသော သမာဓိသုံးမျိုး၊ ပထမဈာန် သမာပတ်မှသည် နိရောဓသမာပတ်သို့တိုင်အောင်သော အစဉ်အတိုင်း ဝင်စားအပ်သော အနုပုဗ္ဗသမာပတ် ကိုးမျိုးတို့၏ ဆုတ်ယုတ်သော အဖို့ဘာဂ ရှိသော တရား, ထူးခြားသော အဖို့ဘာဂ ရှိသော တရား, ထမြောက်ကြောင်းတရားတို့၌ လိမ္မာကျွမ်းကျင်တော်မူ သော ဉာဏ်တော်။]

၈။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော် = ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့တတ်သော အဘိညာဏ်ဉာဏ်တော်။

၉။ စုတူပပါတဉာဏ်တော် = သတ္တဝါတို့၏ စုတိနှင့် ပဋိသန္ဓေကို ထိုးထွင်းသိသော ဉာဏ်တော် = ဒိဗ္ဗစက္ခုဉာဏ်တော် = နတ်မျက်စိကဲ့သို့ အဝေးအနီး ရှိသမျှ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသော ဉာဏ်တော်။ [စုတိဆဲ သတ္တဝါ, ပဋိသန္ဓေတည်နေဆဲ သတ္တဝါ, ယုတ်ညံ့သော သတ္တဝါ, မွန်မြတ်သော သတ္တဝါ, အဆင်းလှသော သတ္တဝါ, အဆင်းမလှသော သတ္တဝါ, ကောင်းရာ သုဂတိသို့ လားရောက်သော သတ္တဝါ, မကောင်းသော ဒုဂ္ဂတိသို့ လားရောက်သော သတ္တဝါ, ထိုထို ကံအားလျော်စွာ ထိုထို ဘုံဘဝသို့ ကပ်ရောက်သော သတ္တဝါတို့ကို သိတော်မူ မြင်တော်မူသောဉာဏ်တော်။]

၁၀။ (အာသဝါနံ ခယာ) အနာသဝ-စေတောဝိမုတ္တိ-ပညာဝိမုတ္တိ ဉာဏ်တော် = အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားတို့မှ ကင်းသော အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော, ရာဂမှ လွတ်မြောက်သော အရဟတ္တဖိုလ်သမာဓိ အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော, အဝိဇ္ဇာမှ လွတ်မြောက်သော အရဟတ္တဖိုလ် ပညာ (= ဉာဏ်)တော်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. (အဘိ၊၂၊၃၅၂၊၊)
  2. (အဘိ၊၂၊၃၅၃-၃၅၄။)
  3. (အဘိ၊၂၊၃၅၅။)
  4. ဖားအောက်တောရဝတ်ရွတ်စဉ်။ ဖားအောက်တောရဆရာတော်