ဇော်ဂျီတောင်ဝှေးပင်

ဝီကီပီးဒီးယား မှ
Cordyline fruticosa
Foliage and fruit
Green C. fruticosa in Makawao Forest Reserve, Maui
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
မျိုးစဉ်: Asparagales
မျိုးရင်း: Asparagaceae
မျိုးရင်းသေး: Lomandroideae
မျိုးစု: Cordyline
မျိုးစိတ်:
C. fruticosa
ဒွိနာမ
Cordyline fruticosa
Synonyms[၁]

Convallaria fruticosa L.
Asparagus terminalis L.
Cordyline terminalis Kunth
Dracaena terminalis Lam.
Terminalis fruticosa (L.) Kuntze

ပုံသဏ္ဌာန် : အပင် - ပင်ပျော့ပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၁၀ ပေခန့် ထိမြင့်သည်။ အကိုင်းအခက်ဖြာခြင်းမရှိ။ ပင်လုံးထီးတည်းဖြစ်၏ ။ ပင်စည်လုံးပေါ်တွင် အရွက်ရော အမာရွတ်ကလေးများ ရှိသည်။ (ပင်စည် လုံးသည် တောင်ဝှေးနှင့် သဏ္ဌာန်တူ၏ ။) အရွက် - ပင်စည်လုံးအားပတ်၍ ထွက်၏ ။ ရှည်မျောမျော လှံစွပ်ပုံသဏ္ဌာန်ရှိ၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းသို့ သွယ်သွား၏။ အလျား တစ်တောင်ခန့် ရှိ၏ ။ ရွက်ညှာ ၄ လက်မခန့်ရှည်ပြီး မြောင်းကဲ့သို့ ဖြစ်နေသည်။ ရွက်ညှာရင်းသည် ပင်စည်ကို ကုပ်ပတ်ထား၏ ။ ရွက်ညှာနှင့်တကွ အရွက်အထက်အောက် မျက်နှာပြင် ၂ ဖက်လုံး နုစဉ်အနီရင့်ရောင်ရှိ၍ ရင့်လျှင် နီညိုရောင်နှင့် စိမ်းမှိုင်းမှိုင်းရောင်ရောစပ်နေ၏ ။ ရွက်နားအနီရောင်ရှိ၏ ။ ရွက်ပြားချောမွေ့၍ အနည်းငယ်မာ၏ ။ ရွက်နားချော၍ လှိုင်းအနည်းငယ်ရှိသည်။ ရွက်လယ်ကြော ထင်ရှား၍ သန်မာသည်။ အပွင့် - အပင်ထိပ်မှ ပွင့်တံထွက်၍ ပွင့်၏ ။ အပွင့်သေးငယ်၍ နီညိုရောင်ရှိ၏။ အမြစ် - ရေသောက်မြစ်ရှည်လျား၍ ယင်းဘေးမှ မြစ်မြွှာလေးများ ဖြာထွက်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက် ၊ အမြစ် ၊ ပဉ္စငါးပါး။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။ ဘုရား ညောင်ရေအိုးပန်း ထိုးရန်အတွက် လည်းကောင်း ၊ အလှအပအဖြစ်လည်းကောင်း ခြံဝင်းများတွင်လည်း စိုက်ပျိုး၏ ။ အသုံးဝင်ပုံ : အာနိသင် - မြန်မာဆေးကျမ်းများ အလိုအရ ဇော်ဂျီတောင်ဝှေးသည် အရသာဖန်၏။ အေး၏ ။ သွေးအန် သွေးကျ ၊ သွေးလျှံ၊ သွေးသွန်နာကိုနိုင်၍ သည်းခြေ ဒေါသအပူကို လွန်စွာ ငြိမ်းစေနိုင်၏ ။

အသုံးပြုပုံ- အရွက် ၁။ အရွက်ကို ရေနှင့် ကျိုသောက်က သွေးအန်သွေးကျ သွေးလွန်ရောဂါ ပျောက်၏ ။ သကြားနှင့် ကျိုသောက်သော် ဝမ်းကောင်းစေ မှန်စေ၏ ။ ထန်းလျက်နှင့် ကျိုသောက်သော် အူရောင်ရောဂါ ၊ အသည်းရောင်ရောဂါတို့ ပျောက်၏ ။ ၂။ ရွက်နုများကို ပါးပါးလှီး၍ သုပ်စားတို့စားလျှင် ဝမ်းကိုက်ရောဂါ ပျောက်၏ ။ ဝမ်းကို လည်းကောင်းစေ၏ ။ ၃။ ဇော်ဂျီတောင်ဝှေးရွက်ကို လူနို့နှင့် ပြုတ်သောက်ပါက အဆုတ်ရောင်ခြင်း ၊ အသည်းရောင်ခြင်း နှင့် ကျောက်ကပ်တွင်ဖြစ်သော ရောဂါများ ပျောက်၏ ။ အမြစ် ၁။ အမြစ်ကို သွေး၍ ရှူလျှင် ထိပ်ကပ်နာနှင့် နှာခေါင်း သွေးလျှံ ၊ သွေးကျခြင်းများ ပျောက်၏ ။ ၂။ လျှာ၌ အနာ ၊ အဖုအပိမ့်များပေါက်လျှင် ဇော်ဂျီတောင်ဝှေး မြစ်ကိုသွေး၍ ဆားအနည်းငယ်ထည့်ပြီး လျှာနာ ကို နှိုက်ပေးရ၏။ ၃။ အမြစ်ကို ပြုတ်သောက်က ဝမ်းကောင်းစေ၏ ။ ၄။ အမြစ်ကို သွေးလိမ်းသော် ဝဲစို ၊ ဝဲခြောက်နာ ၊ ပေါက်ခြံကွဲနာနှင့် အခြားအနာအဆာများပျောက်၏။ ပဉ္စငါးပါး ၁။ အမျိုးသမီးများ မီးယပ်မပေါ်သော် ဇော်ဂျီတောင်ဝှေး ပဉ္စငါးပါးကို သကြားနှင့် ကျိုသောက်က မီးယပ်ပေါ်စေ၏ ။ ၂။ ဇော်ဂျီတောင်ဝှေး ပဉ္စငါးပါးပြုတ်ရည်ကို သကြား ။ ကန်စွန်းရွက်ပြုတ်ရည်နှင့် ဖျော်စပ်၍ နေ့စဉ်သောက်သော် အဆုတ်နာ ပျောက်၏။ ၃။ ဇော်ဂျီတောင်ဝှေး ပဉ္စငါးပါး ကြိတ်ညှစ်ရည် ၊ ချင်း ၊ ထန်းလျက်ရည်တို့ ဆတူစပ်၍ နေ့စဉ်သောက်သော် အမျိုးသမီးများ သွေးသားမှန်ကန်၍ လှစေ ၀စေ၏ ။ အမောလည်း ခံနိုင်၏ ။ အမျိုးသမီးကြီးများ သွေးဆုံးရောဂါကို လည်း ပျောက်စေ၏ ။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. "Cordyline fruticosa"Germplasm Resources Information Network (GRIN)၊ Agricultural Research Service (ARS), United States Department of Agriculture (USDA)2009-11-17 တွင် ပြန်စစ်ပြီး
  2. http://arogyamonline.com/commodity/materials/?raw=51[လင့်ခ်သေ]