ဇေယျဝတီဆရာတော်
မြန်မာနိုင်ငံ သာသနာ့ဂိုဏ်း ၉ ဂိုဏ်းဝင် ကူးတို့ဂိုဏ်းသာသနာ၌ အထင်ရှားဆုံး၊ အကျိုးအပြုဆုံး ဆရာတော်ဟု ကူးတို့နိကာယသာသနာဝင် ကျမ်း၌ မှတ်တမ်းတင်ခံရသည်။ ထားဝယ်မြို့ ဇေယျဝတီ ပရိယတ္တိစာသင် တိုက်နှင့် ပဋိပတ္တိသာသနာ့ရိပ်သာတည် ပထမဇေယျဝတီဆရာတော်ဟု ထင်ရှားသည်။ ပရိယတ်၊ ပဋိပတ် စွယ်စုံ ကျင့်ကြံအားထုတ်၍ ပရိယတ် ပဋိပတ်မှအပ ဗာယီယကိစ္စဟူသမျှ မလိုလား။ ဝိနည်းအလေးထား၍ ရဟန်းပီသစွာ ကျင့်ကြံအားထုတ်ရေးကိုသာ ဆိုဆုံးမလေ့ရှိသည်။ ဆိုဆုံးမသည့်အတိုင်း ကိုယ်တိုင် ကျင့်ကြံအားထုတ်၍ နမူနာစံပြ ဖြစ်စေခဲ့သည်။ ပျိုရွယ်စဉ်ကပင် နေ့ပရိယတ်၊ ညပဋိပတ် ကျင့်ကြံဆောင်ရွက် သည်။ သိက္ခာ ၄၀ ဝါအရတွင် တောရကျောင်းပြောင်း၍ ပဋိပတ္တိ ကျင့်ကြံ အားထုတ်သည်။ ပျံလွန်ခါနီးတွင် ‘ငါသည်တစ်မူကား ပစ္စည်းလေးပါး တည်းဟူသော (အာမိသ) အမွေကို မငဲ့မူ၍ တပည့်တို့၌ သနားခြင်း စသော နာယကဂုဏ်ခြောက်ပါးကို နှလုံးသွင်းလျက် ချစ်ခြင်း၊ မုန်းခြင်း စသော အဂတိတရားကို ဆုံးမ၍ မြတ်စွာဘုရား သာသနာတော်ကို အသက်ကဲ့သို့ စောင့်ရှောက်ခဲ့ပြီး သူတော်ကောင်းဖြစ်ကုန်သော သင်တပည့် တို့သည်လည်း ငါ့ကို သက်သေပြု၍ ဘုရားရှင်၏သာသနာကို စောင့်ရှောက် ကြကုန်လော့’ ဟု မှာတမ်းထား ကျောက်စာရေးထိုး သတိပေးခဲ့သည်။
သီလ၊ ရှင်၊ ဇေယျတီဆရာတော်
[ပြင်ဆင်ရန်]၁၈၇၄ ခုနှစ် ဇွန်လ ၁၉ ရက် သောကြာနေ့တွင် တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံမြို့နယ် မင်းရပ်ရွာ၌ ဖွားသည်။ အဖ လှေသူကြီး ဦးဘိုးချေး အမိ ဒေါ်မွှေးအုံ ဖြစ်သည်။ မွေးချင်း ၉ ယောက်တွင် အဋ္ဌမ မြောက်ဖြစ်၍ အမည်ရင်း မောင်ချစ်ရင် ဖြစ်သည်။
၁၂ နှစ်အရွယ်တွင် မင်းရုပ်ရွာ တလိုင်းမော်ကျောင်းဘုန်းကြီး ရှင်သုမန ထံ စတင်ပညာသင်သည်။ ၁၄ နှစ်တွင် ရှင်သုမနကို ဥပဇ္ဈာယ် ယူ၍ သာမဏေဖြစ်သည်။ ဘွဲ့ ရှင်သီလ ဖြစ်သည်။ သာမဏေဝတ်ဖြင့် ရှင်သုမနထံ ပရိယတ္တိစာပေ သင်ယူသည်။ ရှင်သုမန (၁၈၅၂–၁၉၃၅) သည် ဂဏ၀ိမုတ်စာချွန်ရ ကူးတို့ဂိုဏ်းတည် ရှင်သာရမဉ္ဇူနှင့် ရှင်ဣန္ဒဝံသ တို့၏ လက်ရုံးတပည့်တစ်ပါးဖြစ်၍ ပိဋကတ်စာပေ ကျွမ်းကျင်သည်။ လူအမည်နှင့်တွဲ၍ ဘုန်းကြီးသိုင်းဟု လူသိများ၏။
သာမဏေ ၆ ဝါရ ၁၈၉၄ ခုနှစ်တွင် ထားဝယ်မြို့ ပိဋကတ်တိုက် ကျောင်းသိမ်၌ ရဟန်းဖြစ်၏။ ရဟန်းဒါယကာမှာ မိဘနှစ်ပါးဖြစ်သည်။ ဥပဇ္ဈာယ်ဆရာမှာ ကူးတို့ဂိုဏ်းတည် ဂိုဏ်းချုပ် ရှင်ဣန္ဒဝံသ (၁၈၃၁– ၁၉၁၇) ဖြစ်သည်။ ရဟန်းဘွဲ့ ရှင်သီလ ဖြစ်သည်။
ရဟန်း ၅ ဝါရသည့်တိုင် ဓမ္မာစရိယဆရာရင်း တလိုင်းမော် ဆရာတော် ရှင်သုမနထံ ပရိယတ္တိ စာပေသင်ယူသည်။ ထို့နောက် ရှင်သုမန၏ အစီအစဉ်ဖြင့် ရေနံချောင်းမြို့ စိန်ပန်းပင်ကျောင်းတိုက် ဆရာတော်၊ ဝိနည်းနှင့် ပိဋကတ်အကျော် မိုးနံကုန်းဆရာတော် ရှင်ဇယန္တ (၁၈၄၇ - ၁၉၁၃)၊ မန္တလေး တောင်ပြင် မိုးတားတိုက် မိုးတားသာသနာပိုင် ကျီဝန်ဆရာတော် ရှင်သုဇာတာလင်္ကာရ (၁၈၃၀-၁၉၀၂)၊ ရန်ကုန်မြို့ အလုံ ဇောတနာရာမ ဆရာတော်တို့ထံ ပရိယတ်စာပေနှင့် ဘာသန္တရ သင်ယူ၏။ ထို့နောက် ဓမ္မာစရိယဆရာရင်း တလိုင်းမော်ဆရာတော်ထံ ပြန်လည်သီတင်းသုံးသည်။ ရဟန်း၊ သာမဏေ၊ ကျောင်းသားငယ်များအား စာပေပို့ချသည်။
၁၉ဝ၅ ခုနှစ် ရဟန်း ၁၂ ဝါရတွင် လောင်းလုံမြို့နယ် စပ်ပြဲရွာ ရေပုံးကျောင်းကို အလှူခံ၍ စာပေပို့ချသည်။ ၁၉ဝ၈ ခုနှစ်တွင် ထားဝယ်မြို့ သမာဓိမြို့ဝန် သူဌေး စောရွှေညွန့်က ပစ္စည်းလေးပါး ဒါယကာခံ၍ ထားဝယ်မြို့၌ ဇေယျဝတီ ပရိယတ္တိစာသင်တိုက်ကို တည်ထောင်သည်။ ဆရာတူတပည့် ရှင်တေဇဝန္တကို တိုက်အုပ်ခန့်၍ ပရိယတ္တိစာပေ ပို့ချသည်။ ရှင်သီလသည် ပိဋကတ်အခြေခံ သဒ္ဒါ၊ သင်္ဂြိုဟ်၊ ကင်္ခါမှစ၍ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ ပို့ချရာ သင်ရိုးပိဋကတ် ၇ ခေါက် ပေါက်သည်။ ပရိယတ္တိ ပို့ချရုံမျှမက ပါတိမောက်ကို ၇ ရက်တစ်ပတ်ကုန် ပူဇော်ရွတ်ဆို လေ့ရှိသည်။ နေ့တွင် စာဝါပို့ချပြီး ညအချိန်တွင် ကျောင်းတိုက် အရှေ့ မြောက်ထောင့် လိုဏ်ဂူ၌ ပဋိပတ္တိ ကျင့်ကြံအားထုတ်သည်။ စာဝါနားချိန် ဝါဆို၊ သီတင်းကျွတ်၊ သင်္ကြန်ရက်များတွင် တပည့်ရဟန်း၊ သာမဏေများကို ဦးဆောင်၍ မင်းရပ်တောကျောင်း၊ ရေဖြူဂေါ့အင်းတောကျောင်း၊ ကတက်ကြီး ရန်ကင်းတောကျောင်းတို့၌ ပဋိပတ္တိ ကျင့်ကြံအားထုတ်သည်။
၁၉၂ဝ ပြည့်နှစ်တွင် မွေးရပ်ဇာတိ မင်းရပ်ရွာ၌ မင်းရပ်တောကျောင်း တည်၍ ပဋိပတ္တိ ကျင့်ကြံအားထုတ်သည်။ တောကျောင်းကို ပဋိပတ္တိ ထက်သန်သော တပည့် တောင်ပွားဆရာတော် ရှင်တေဇိန္ဒ (၁၈၈၄—၁၉၆၆)၊ သမုတ်ဘုန်းကြီး ရှင်နန္ဒိယ (၁၈၉၁—၁၉၆၆)၊ ဘုန်းကြီးစီပိုး ခေါ် ရှင်ပညာဝံသတို့ကို လွှဲအပ်၍ တရားပြစေသည်။ ထိုဆရာတော်သုံးပါးလုံးပင် ပဋိပတ္တိအရာတွင် တရားထူးရသည်ဟု ထင်ရှားကျော်စောသည်။
ရှင်သီလသည် ပဋိပတ္တိ ကိုယ်တိုင်ကျင့်ကြံအားထုတ်ရုံမျှမက ပဋိပတ္တိအရာ ကိုယ်တွေ့တရားထူးရသော တပည့်ကြီးသုံးပါးနှင့် ပရိယတ် ကျွမ်းကျင်သော လူပြန်တော် ကပ္ပိယကာရက ဦးအုန်းတို့အား နိုင်ငံအနှံ့ ပဋိပတ္တိကျင့်စဉ် ဝိပဿနာနည်းလမ်းများ စူးစမ်းနည်းခံစေသည်။ အိန္ဒိယနှင့် သီဟိုဠ် (သီရိလင်္ကာ) ဘုရားဖူးမှအပြန်တွင် မိတ္ထီလာမြို့မှ ကမ္မဋ္ဌာန်း နည်းပြ ရှင်ဝိဇယကို ပင့်ဆောင်၍ မင်းရပ်တောရ၌ တရားပြစေခဲ့ပါသည်။ တရားစခန်းတွင် ဇေယျဝတီဆရာတော် ရှင်သီလသည် ယောဂီများ ထင်မြင်လာခဲ့သော ကိုယ်တွေ့တရားကို ကျမ်းဂမ်နှင့် ညီ-မညီ မေးမြန်း စိစစ်သော်လည်း အဆင့်အတန်း မဆုံးဖြတ်ဘဲ ရှေ့ကိုတိုး၍ ဆက်လက် အားထုတ်ခိုင်းလေ့ရှိသည်။
၁၉၁၉ ခုနှစ်တွင် ထားဝယ်မြို့ ပိန္နဲတောရပ်ကွက် လောကမာရဇိန် ဘုရားကြီး ဝေယျာဝစ္စအသင်းက စေတိယသန္တကနှင့်ပတ်သက်၍ အပ်မအပ် လျှောက်ထားရာ ‘စေတိယသန္တက ဝိနိစ္ဆယစာတမ်း’ ရေးသားခဲ့သည်။ ၁၉၃၃ ခုနှစ် သက်တော် ၆ဝ သိက္ခာ ၄၀ ဝါအရ၌ ဇေယျဝတီစာသင်တိုက် ကြီးကို တပည့်စာချ ရှင်တေဇဝန္တ (၁၈၈၂-၁၉၇၉) ဦးဆောင်သော နာယကအဖွဲ့အား လွှဲအပ်၍ ဇာတိရပ်ရွာ မင်းရပ်တောကျောင်း ပြောင်း၍ ပဋိပတ္တိ ကျင့်ကြံအားထုတ်သည်။ တပည့်ကြီး ရှင်တေဇဝန္တမှာ ဉာဏ်ပညာ ထက်မြက်၍ လောကီ၊ လောကုတ် စွယ်စုံကျွမ်းကျင်၏။ နောင်အခါ ဒုတိယ ဇေယျဝတီဆရာတော်၊ ကူးတို့နိကာယ အဋ္ဌမမြောက် ဂိုဏ်းချုပ်ဆရာတော် အဖြစ် တင်မြှောက်ခံရသည်။ တိုက်ကြပ်ဆရာတော် ရှင်သာဂရ (၁၈၉၈— ၁၉၉၁) မှာ နောင်အခါ တတိယ ဇေယျဝတီဆရာတော်၊ ကူးတို့နိကာယ ဒသမမြောက်ဂိုဏ်းချုပ်အဖြစ် တင်မြှောက်ခံရသည်။ စာချ ရှင်ဝီရိယ သည် နောင်အခါ စတုတ္ထဇေယျဝတီဆရာတော်၊ ကူးတို့နိကာယ ဧကဒသမ ဂိုဏ်းချုပ်ဆရာတော်အဖြစ် တင်မြှောက်ခံရသည်။
၁၉၃၃ မှ ၁၉၄၂ ခုနှစ်အထိ မင်းရပ်တောကျောင်းတွင် ပဋိပတ္တိ ကျင့်ကြံအားထုတ်သည်။ ၁၉၄၂ ခုနှစ်တွင် စစ်ဘေးကြောင့် လောင်းလုံမြို့ အောင်သပြေကျောင်း၊ ထိုမှတစ်ဆင့် ဇေယျဝတီစာသင်တိုက်၊ ထိုမှတစ်ဖန် မင်းရပ်တောကျောင်းပြန်၍ သီတင်းသုံးသည်။ ၁၉၅ဝ ပြည့်နှစ်တွင် နယ်မြေအေးချမ်းမှု အခြေအနေအရ ထားဝယ်မြို့ ဇေယျဝတီစာသင်တိုက်သို့ ပြန်၍ သီတင်းသုံးသည်။ ဇေယျဝတီစာသင်တိုက်၏ ပရိယတ္တိစာပေ သင်ကြားပို့ချရေးကို တပည့်ကြီးများနှင့် လွှဲထားပြီးဖြစ်၍ ဝိပဿနာ ကျင့်ကြံအားထုတ်လိုသူ ရဟန်းရှင်လူများအား ကိုယ်တိုင် ဟောပြော နည်းညွှန်ပြသ၏။ ထိုနှစ်မှာပင် ဇေယျဝတီစာသင်တိုက်၏ မြောက်ဘက် လယ်မြေ ၆ ဧကဝယ်၍ ဇေယျဝတီ ပဋိပတ္တိသာသနာ့ရိပ်သာ တည်ထောင် ၏။ ကျောင်း၊ ဇရပ်၊ ကမ္မဋ္ဌာန်းကျောင်းများ ပေါ်ထွန်းလာ၍ နိုင်ငံတော် အစိုးရ၏ ပဋိပတ္တိ သာသနာ့ရိပ်သာ နှစ်စဉ် ထောက်ပံ့လှူဒါန်းငွေ ရရှိ သည်။ ၁၉၅၄- ၁၉၅၆ ခုနှစ် ဆဋ္ဌမ သင်္ဂါယနာတင်ပွဲသို့ နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်ဝန်ကြီးချုပ်က ပင့်လျှောက်သော်လည်း ဇရာဒုဗ္ဗလ ဒုက္ခကြောင့် မကြွနိုင်တော့ချေ။
သက်တော် ၈၃ သိက္ခာ ၆၃ ဝါအရ ၁၉၅၇ ခုနှစ် မေလ ၁၄ ရက် တနင်္လာနေ့ ညနေ ၆ နာရီတွင် ထားဝယ်မြို့ ဇေယျဝတီကျောင်းတိုက်၌ တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းခဲ့ပါသည်။ ဆရာတော်၏ မှာတမ်းကို ပါဠိ- မြန်မာ နှစ်ဘာသာဖြင့် ကျောက်စာရေးထိုးခဲ့ပါသည်။ ထိုမှာတမ်းတွင် “ငါသည်တစ်မူကား ပစ္စည်းလေးပါးတည်းဟူသော (အာမိသ) အမွေကို မငဲ့မူ၍ တပည့်တို့၌ သနားခြင်း စသော နာယကဂုဏ် ခြောက်ပါးကို နှလုံးသွင်းလျက် ချစ်ခြင်း၊ မုန်းခြင်း စသော အဂတိတရားကို ဆုံးမ၍ မြတ်စွာဘုရားသာသနာတော်ကို အသက်ကဲ့သို့ စောင့်ရှောက်ခဲ့ပြီး သူတော် ကောင်းဖြစ်ကုန်သော သင်တပည့်တို့သည်လည်း ငါ့ကို သက်သေပြု၍ ဘုရားရှင်၏ သာသနာကို စောင့်ရှောက်ကြကုန်လော့” ဟု ရေးသားခဲ့သည်။ [၁]