မာတိကာသို့ ခုန်သွားရန်

ဇဝန၊ စာရေးဆရာ

ဝီကီပီးဒီးယား မှ
ဇဝန
အမည်ရင်းမောင်သိန်း
မွေးဖွား၁၂၇၃ ခုနှစ်၊ နတ်တော် လပြည့်ကျော် ၅ ရက်
ပြည်မြို့၊ ကြိုးတန်းရပ်
ကွယ်လွန်၁၉၈၃ ခု မတ်လ ၈ ရက်
ရန်ကုန်
ကလောင်အမည်ပရော်ဖက်ဆာ ဇဝနော စကီး၊ မောင်သိန်း (ပြည်)၊ ရတနာသိန်း၊ ဦးသိန်း (ဇဝန)
အလုပ်အကိုင်စာရေးဆရာ
လူမျိုးဗမာ
နိုင်ငံသား မြန်မာ
ပညာရေးရန်ကုန် တက္ကသိုလ်
အိမ်ထောင်ဖက်မထားအိ (ဝါ) ထား
သားသမီးသားသမီး ခြောက်ဦး
မိဘဦးဖိုးမင်း + ဒေါ်မြ
ကိုးကွယ်မှုဗုဒ္ဓဘာသာ


ဇဝန (၁၉၁၁ - ၁၉၈၃)

[ပြင်ဆင်ရန်]

ကိုယ်ရေးဖြစ်စဉ်

[ပြင်ဆင်ရန်]

ပြည်မြို့ ကြိုးတန်းရပ်၌ အဖ ဆန်ကုန်သည် ဦးဖိုးမင်း၊ အမိ ဒေါ်မြ တို့က ၁၂၇၃ ခု နတ်တော် လပြည့်ကျော် ၅ ရက် (၁၉၁၁ ခု ဒီဇင်ဘာလ ၁ဝ ရက်) တနင်္ဂနွေနေ့တွင် ဖွားမြင် ခဲ့သည်။ မွေးချင်း ၁၄ ယောက်တွင် ၁ဝ ယောက်မြောက်သား ဖြစ်သည်။ အမည် ရင်းမှာ ဦးသိန်း ဖြစ်၏။

ဇဝန ခေါ် ဦးသိန်း

ပြည်မြို့ ကျောင်းကြီးရပ် ဦးဘအို မြန်မာစာသင် ကျောင်းတွင် စတုတ္ထတန်းထိ သင်ယူ ခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်တွင် ပြည်မြို့ အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ခဲ့သည်။ (၁၃) နှစ်သား အရွယ် (၈) တန်းမှ စ၍ ဘားမားဘွိုင် မဂ္ဂဇင်းတွင် ဇာနည်ဘွား ဝတ္ထုကို စ ရေးခဲ့သည်။ အမျိုးသား ကျောင်းတွင် ခြောက်နှစ် နေပြီး ဆယ်တန်း အောင်စာရင်း စောင့်နေစဉ် လန်ဒန်အတ် မဂ္ဂဇင်း၌ ဇနဝ ကလောင် အမည်ဖြင့် ဝတ္ထုတပုဒ် ပါခဲ့သည်။ ၁၉၂၇ တွင် ၁ဝ တန်း အောင်မြင်ခဲ့ပြီး၊ ရန်ကုန် တက္ကသိုလ်သို့ ရောက်ရှိ ခဲ့သည်။ ၁၉၃ဝ ပြည့်တွင် ရန်ကုန် တက္ကသိုလ်မှ ထွက်ခဲ့သည်။


ဆရာ ဇဝနသည် ဆရာကြီး သခင် ကိုယ်တော်မှိုင်းနှင့် ပီမိုးနင်း တို့၏ စာပေများကို နှစ်သက်၍ အတုယူ ရေးသား ခဲ့သည်။ ကာတွန်း ဟိန်စွန်းနှင့် တွဲ၍ လာမယ် လာမယ် မကြည်ရဲ့ သီချင်းကို သရုပ်ဖော်သည့် ကာတွန်း ရုပ်ရှင်ကို တီထွင် ခဲ့သည်။ လန်ဒန်အတ် ရုပ်ရှင် ကုမ္ပဏီတွင် မြနှင်းဆီ ဇာတ်ကား အတွက် ဇာတ်ညွန်း ရေးခဲ့သည်။


၁၉၃၅ တွင် မြန်မာ နေ့စဉ် သတင်းစာတွင် လက်ထောက် အယ်ဒီတာ အဖြစ် အမှု ထမ်းခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် မြန်မာ့ အလင်း သတင်းစာတွင် ဘာသာပြန်နှင့် လက်ထောက် အယ်ဒီတာ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ကြီးပွားရေး မဂ္ဂဇင်း အထူး စာစောင်တွင် သိကြားမင်း ဦးမာဃ စာပြောင် ရေးခဲ့သည်။ ၁၉၃၈ ခု မေလ ၂၆ ရက်နေ့တွင် မထားအိ (ဝါ) ထားနှင့် လက်ထပ်ခဲ့ရာ သားသမီး ခြောက်ဦး ထွန်းကား ခဲ့သည်။ ၁၉၃၉ ခုနှစ် သူရိယ မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် တာဝန်ယူ လုပ်ကိုင် ခဲ့သည်။


၁၉၄၂ ခုနှစ်တွင် စာရေး ဆရာ အသင်း အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့သည်။ ဂျာနယ်ကျော် ဦးချစ်မောင်နှင့် တွဲ၍ စာရေး ဆရာ စာစောင် အမှတ် (၂) တွင် ဦးသိန်း (ဇဝန) အမည်ဖြင့် တွဲဖက် အယ်ဒီတာ တာဝန် ထမ်းခဲ့သည်။ ဂျပန်နိုင်ငံ အတွက် သင်္ကန်းဝတ် ဟာသ ဝတ္ထု တပုဒ် ရေးပေး ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ဇဝန ဂျာနယ် စတင် ထုတ်ဝေ ခဲ့သည်။ ဘုရင်ခံ ဆာဒေါ်မန် စမစ် ပြန်လာခြင်းကို သရော်၍ ဘုရင်ခံ ဝတ္ထု ရေးခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဦးညိုမြနှင့် တွဲ၍ အိုးဝေ နေ့စဉ် သတင်းစာ ထုတ်ဝေ ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဆရာမှာ တီဘီ ရောဂါ ဖြစ်၍ မကျန်းမာ သောကြောင့် စာရေးသားမှု ခေတ္တ ရပ်နား ခဲ့ရသည်။ ၁၉၅၆ ခုနှစ်တွင် မြဝတီ မဂ္ဂဇင်းနှင့် ကလေး ဂျာနယ် မဂ္ဂဇင်း တို့တွင် အယ်ဒီတာ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။


၁၉၆၁ ခုနှစ်တွင် စာရေး ဆရာ ဦးသိန်းဖေမြင့် နှင့်အတူ ဂျပန်ပြည်တွင် ကျင်းပသော အာရှ - အာဖရိက စာရေး ဆရာ ညီလာခံ တက်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ကိုင်ရိုတွင် ကျင်းပသော အာရှ -အာဖရိက စာရေး ဆရာများ ဒုတိယ ညီလာခံသို့ တက်ရောက် ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ပြည်လုံးကျွတ်သတင်းထောက် သင်တန်း ပို့ချချက်၊ သတင်းစာ ပညာနှင့် ကိုယ်တွေ့ သတင်းစာ ပညာ ကောက်နုတ်ချက် ဆောင်းပါး၊ ကမ္ဘာအေး သတင်းထောက် ညီလာခံ တို့တွင် ဟောပြောခဲ့သည်။


၁၉၆၄ တွင် ကြေးမုံ သတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန်ပေးခြင်း ခံရသည်။ ယင်းနှစ်မှာပင် ဂျပန်၊ ရုရှား၊ ယူဂိုစလပ်၊ ဟန်ဂေရီပြည် တို့သို့ လေ့လာရေး ခရီး သွားခဲ့သည်။ ၁၉ရဝ တွင် ဩစတြေးလျပြည်သို့ လေ့လာရေး ရောက်ခဲ့သည်။


'ဝိဇယဂျာနယ်' တွဲဖက် ထုတ်ဝေသူနှင့် 'ပုဂံ လက်သီး စာစောင်' တွဲဖက် အယ်ဒီတာ (၁၉၂၇)၊ လက်ဒန်အတ် ရုပ်ရှင် ကုမ္ပဏီ အတွက် 'မြနှင်းဆီ' ရုပ်ရှင် ဇာတ်ညွှန်းတွင် ဘိုကလေး ဦးသက်ရှည်နှင့် တွဲဖက် ရေးသူ (၁၉၂၉)၊ ဗြိတိသျှ ဘားမာ ရုပ်ရှင် ကုမ္ပဏီတွင် လခစား ဇာတ်ညွှန်းရေး ဆရာ (၁၉၃ဝ)၊ မြန်မာ့ နေ့စဉ် သတင်းစာ တွဲဖက် အယ်ဒီတာ (၁၉၃၅)၊ မြန်မာ့အလင်း သတင်းစာ ဘာသာပြန်နှင့် လက်ထောက် အယ်ဒီတာ (၁၉၃၆ - ၃၉)၊ သူရိယ မဂ္ဂဇင်း အယ်ဒီတာ (၁၉၃၉ - ၄၁)၊ စာရေးဆရာ အသင်း အတွင်းရေးမှူးနှင့် စာရေးဆရာ မဂ္ဂဇင်း အယ်ဒီတာ (၁၉၃၉ - ၄၁)၊ ၁၉၄၆ တွင် ဇဝန ဂျာနယ်၊ ၁၉၄၇ တွင် ဇဝန သတင်းစာ ကိုယ်တိုင် တည်းဖြတ် ထုတ်ဝေ ခဲ့သည်။ ထို့နောက် ဂျာနယ်ကျော်၊ ဒီးဒုတ် ဂျာနယ်နှင့် အိုးဝေ သတင်းစာ တို့တွင် အယ်ဒီတာ အဖြစ် လုပ်ကိုင် ခဲ့သည်။ မြဝတီ မဂ္ဂဇင်းနှင့် ကလေးဂျာနယ် တို့၏ တာဝန်ခံ အယ်ဒီတာ (၁၉၅၆ - ၅၈)၊ သောကြာ စာစောင်နှင့် ကြေးမုံ သတင်းစာ တည်ထောင်ရာ တွင် ပါဝင် ခဲ့ပြီး ၁၉၇၂ တွင် ကြေးမုံ သတင်းစာ အယ်ဒီတာချုပ် အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။


၁၉၅၂ - ၅၃၊ ၁၉၅၈၊ ၁၉၆ဝ - ၆၁ တို့တွင် စာရေးဆရာ အသင်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၅၂ ဗီယင်နာ၌ ကျင်းပသည့် အာရှ - အာဖရိက စာရေး ဆရာများ အရေးပေါ် ညီလာခံ၊ ၁၉၆၂ ကိုင်ရိုတွင် ကျင်းပသော အာရှ - အာဖရိက စာရေး ဆရာများ ဒုတိယ ညီလာခံ၊ ၁၉၆၄ တွင် ဂျပန်၊ ရုရှား၊ ယူဂိုဆလပ်၊ ဟန်ဂေရီ နိုင်ငံများသို့ လေ့လာရေး၊ ၁၉ရဝ ပြည့်တွင် ဩစတြေးလျ နိုင်ငံသို့ လေ့လာရေး ခရီးများ သွားရောက် ခဲ့သည်။


၁၉၂၄-ခုနှစ်၌ 'ဘားမားဘွိုင်း မဂ္ဂဇင်း' တွင် 'ဇာနည်ဘွား' ဝတ္ထုကို ရေး၍ စာပေ လောက တွင်းသို့ စတင် ဝင်ရောက် ခဲ့သည်။ ၁၉၂၇ တွင် 'လန်ဒန်အတ် မဂ္ဂဇင်း' ၌ 'ဇဝန' ကလောင် အမည် သုံး၍ ဝတ္ထု ရေးခဲ့သည်။ အချစ်၊ အလွမ်း၊ စုံထောက်၊ ဟာသ၊ အသော့အထေ့ စာပြောင်များ (သရော်စာများ) ရေးရာတွင် ထင်ရှားသည်။ ကယ်ရီကေးချား(ကာတွန်း) ရေးဆွဲရာ တွင်လည်း ပြောင်မြောက် လှသည်။ ဓာတ်ပုံ ပညာ (၁၉၃ဝ)၊ ကော်လိပ် ကျောင်းသား (၁၉၃၅ - ၃၇)၊ ကောလိပ်ကြမ်းပိုး (၁၉၃၈)၊ ကောလိပ်ဂျင် (?)၊ တို့ကျောင်းသား (၁၉၃၉)၊ ဤရူပ (၁၉၄ဝ)၊ ရွှေဝါဆန် (၁၉၄၅)၊ မြို့လုံးပတ်လည် (၁၉၄၅)၊ ဦးလေးပြောမယ် (၁၉၄၅)၊ ဆာယိုးနယား (၁၉၄၆)၊ ဒိုးဝမ်းကီး (၁၉၄၈)၊ အပါ ပုံပြောမယ် [ဇဝန ပုံပြင်] (၁၉၄၉)၊ ဆိုးပေ (?)၊ အရှေ့ဆီက လေနီကြမ်း [ဘာသာပြန်] (၁၉၅၂)၊ ဟာသ စင်တော်ကြီး (၁၉၇၃)၊ ဘယ်ကျော် (၁၉၇၇)၊ ပန်းဝတ်ရည် ကလေး ကဗျာများ (၁၉၇၉)၊ ဇဝန၏ ဇဝန (၁၉၈၃) တို့မှာ ထင်ရှားသည်။ ပရော်ဖက်ဆာ ဇဝနောစကီး၊ မောင်သိန်း (ပြည်)၊ ရတနာသိန်း၊ ဦးသိန်း (ဇဝန)တို့သည် ကလောင်ခွဲများ ဖြစ်ကြသည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

၁၉၈၃ ခု မတ်လ ၈ ရက် အင်္ဂါနေ့ နံနက် ၁ဝ နာရီ ၂ဝ မိနစ်တွင် ရန်ကုန် ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။


ဆရာ ဇဝန ရေးသား ပြုစုခဲ့သော စာအုပ်များ

[ပြင်ဆင်ရန်]
စဉ်အမည်ထုတ်ဝေနှစ်မှတ်ချက်
ပန်းဝတ်ရည် ကလေး ကဗျာများ၁၉၇၉ကဗျာပေါင်းချုပ်
စာပေ ဆွေးနွေးပွဲ ရေးသူ သိန်းဖေမြင့်နှင့် ဇဝနစာပေဆိုင်ရာနှင့်ပညာပေး
ဓာတ်ပုံ ပညာ ရေးသူ မောင်သိန်း (ပြည်)၁၉၃ဝစာပေဆိုင်ရာနှင့်ပညာပေး
ဆာယိုးနရာ၁၉၄၆နိုင်ငံရေး
ဘုရင်ခံ၁၉၄၆နိုင်ငံရေး
မြို့လုံးပတ်လည်၁၉၄၅နိုင်ငံရေး
ဦးလေး ပြောမယ်၁၉၄၅နိုင်ငံရေး
ဇဝန ပုံပြင်၁၉၃၉ပုံပြင်ပေါင်းချုပ်
အပါ ပုံပြောမယ်၁၉၄၅ပုံပြင်ပေါင်းချုပ်
၁၀အရှေ့ဆီက လေနီကြမ်း၁၉၅၂ဘာသာပြန်
၁၁အာရပ် အစ္စရေး စစ်နှင့်ဆွေးနွေးပွဲ၁၉၇၈ဘာသာပြန်
၁၂ကားထဲက မိန်းကလေး၁၉၇၅ဝတ္ထု
၁၃ကောလိပ် ကျောင်းသား (ပထမပိုင်း)၁၉၃၅ဝတ္ထု
၁၄ကောလိပ် ကျောင်းသား (ဒုတိယပိုင်း)၁၉၃၆ဝတ္ထု
၁၅ကောလိပ် ကျောင်းသား (တတိယပိုင်း)၁၉၃၆ဝတ္ထု
၁၆ကောလိပ် ကျောင်းသား (စတုတ္ထပိုင်း)၁၉၃၇ဝတ္ထု
၁၇ကျွန်တော့လင်၁၉၆၅ဝတ္ထု
၁၈ချစ်နှောင်းသက်လယ်၁၉၆၆ဝတ္ထု
၁၉ချစ်ဦးသခင်၁၉၇၅ဝတ္ထု
၂၀ဆိုးပေ၁၉၇၃ဝတ္ထု
၂၁ဆွေးကြွေလုသဲနှင့် မိုက်မလင်းနိုင်သူ၁၉၆၁ဝတ္ထု
၂၂ဇမ္ဗူတလူ၁၉၇၇ဝတ္ထု
၂၃ဇွတ်သမား၁၉၄ဝဝတ္ထု
၂၄တောက်တဲ့မာယာ၁၉၆၈ဝတ္ထု
၂၅တို့ကျောင်းသား၁၉၇၆ဝတ္ထု
၂၆ဒိုးဝမ်းကီး၁၉၆၅ဝတ္ထု
၂၇ပါးအို့နီ၁၉၃၉ဝတ္ထု
၂၈ပီယဆေး၊ ဝတ္ထုညွှန်းဝတ္ထု
၂၉ပင့်ကူအိမ်၁၉၃၅ဝတ္ထု
၃၀ပျိုတို့လင်၁၉၇၆ဝတ္ထု
၃၁ဘုနှင့်ဘောက်၁၉၇၃ဝတ္ထု
၃၂ဘယ်ကျော်၁၉၇၇ဝတ္ထု
၃၃ရွှေဝါဆန်၁၉၄၅ဝတ္ထု
၃၄သတို့သမီး အလိုရှိသည်၁၉၆၃ဝတ္ထု
၃၅သားရွှေစင်၁၉၆၁ဝတ္ထု
၃၆သူပုန်မ၁၉၄ဝဝတ္ထု
၃၇သူ့မယား၁၉၄၂ဝတ္ထု
၃၈သင်္ကန်းဝတ်၁၉၄၃ဝတ္ထု
၃၉အပျိုစစ်ပါပဲရှင်ဝတ္ထု
၄၀ဤရူပ၁၉၅၃ဝတ္ထု
၄၁ဟာသ စင်တော်ကြီး၁၉၇၃ဟာသစာပေပေါင်းချုပ်
၄၂ဇဝန၏ ဇနဝ၁၉၈၃အတ္ထုပ္ပတ္တိ

စာညွှန်း

[ပြင်ဆင်ရန်]
  1. မလိခ။ မြန်မာ စာပေ အဘိဓာန် (၂)။ စာ ၁၉၃ - ၁၉၆။
  2. မလိခ။ မြန်မာ ဝတ္ထု အညွှန်း(၂)။ စာ ၁၁၂ - ၁၂၉။
  3. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၄)။ စာ ၁၇၂ - ၁၇၃။
  4. နှစ်ဆယ် ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း။ စာ ၅၇ - ၆ဝ။
  5. မဌေးဌေးခင် (ဝိဇ္ဇာဘွဲ့)။ ဇဝန စာစုစာရင်း (၁၉၈၃)။
  6. ဇဝန၏ ဇဝန(၂ဝဝ၂)။
  7. ဇဝန။ ကိုယ့်ကိုယ်ကိုယ် ဖော်ရသော်၊ ငွေတာရီ (အောက်တိုဘာ ၁၉၆ဝ)။ စာ ၂၆-၂ရနှင့် ၃၂၈ - ၃၃၄။
  8. စာတည်း အဖွဲ့။ ဇဝန၊ မြဝတီ (ဖေဖော်ဝါရီ ၁၉၅၆)။ စာ ၄-၈။
  9. စာတည်း အဖွဲ့။ ဆရာဇဝန [၁၉၁၁-၁၉၈၃]၊ ရှုမဝ (ဇူလိုင် ၁၉၈၇)။ စာ ၁၂၆။
  10. မောင်ဇေယျာ။ ဇဝန (၁၉၁၁-၁၉၈၃)၊ စာအုပ်လောက (ဇွန် ၂ဝဝ၄)။ စာ ၂ဝ - ၂၃။
  11. နာရေးကြော်ငြာ၊ လုပ်သား ပြည်သူ့နေ့စဉ် (၉-၃-၈၃)၊ စာ ၇။]

[]

[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်(၂ဝဝ၅ ခု၊ ဇူလိုင်)
  2. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့မှ စုဆောင်း ပြုစုသော 'နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း' စာအုပ် ၂ဝဝ၃ ခုနှစ်၊ ဧပြီလ(ပထမ အကြိမ်) ပညာရွှေတောင် စာအုပ်တိုက်