ဇမ္ဗူဒိပ်ကျွန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဇမ္ဗူဒိပ်ကျွန်း[ပြင်ဆင်ရန်]

မဟာဝင်၊ အာဒိကပ္ပကမ္ဘာဦးကျမ်းအစရှိသော မြန်မာကျမ်းဂန်များအရ၊ ကျွနု်ပ်တို့နေထိုင်ရာ ကမ္ဘာလောက သည် ဇမ္ဗူဒိပ်ကျွန်းဖြစ်သည်။ ဇမ္ဗူဒိပ်ကျွန်းသည် မြင့်မိုရ်တောင် ၏ တောင်ဘက် မျက်နှာတွင်ရှိသော ကျွန်းကြီးဖြစ်သည်။ ပါဠိ ဘာသာအားဖြင့် ဇမ္ဗူဒိပ်ကျွန်းဟု ခေါ်သည်။ ယင်းကို မြန်မာမှု ပြုသော် ဇမ္ဗူဒိပ်ကျွန်းဖြစ်၏။ မြင့်မိုရ်တောင်ကို ဗဟိုပြု၍ အရှေ့ ဘက်တွင် ပုဗ္ဗဝိဒေဟကျွန်း၊ အနောက်ဘက်တွင် အပရဂေါယာ နကျွန်း၊ တောင်ဘက်တွင် ဇမ္ဗူဒီပကျွန်း၊ မြောက်ဘက်တွင် ဥတ္တရကုရုကျွန်းဟူ၍၊ ကျွန်းကြီးလေးကျွန်းနှင့် အရံကျွန်းငယ် ၂ဝဝဝ ရှိသည်။ ဇမ္ဗူဒိပ်ကျွန်းသားတို့သည် အခြားကျွန်းများသို့ မသွားရောက်နိုင်သကဲ့သို့ အခြားကျွန်းသားတို့သည်လည်း ဇမ္ဗူ ဒိပ်ကျွန်းသို့ မလာရောက်နိုင်ပေ။ ဘုရားရဟန္တာနှင့် စကြဝတေး မင်းတို့သာလျှင် ကြွသွားနိုင်သည်ဟု ဆို၏။

ဇမ္ဗူဒိပ်ကျွန်း၏ ပမာဏမှာ အရှေ့မျက်နှာအပြင်သည် ယူဇနာနှစ်ထောင်၊ အနောက်မျက်နှာအပြင်သည် ယူဇနာနှစ် ထောင်၊ မြောက်မျက်နှာအပြင်လည် ယူဇနာနှစ်ထောင်၊ တောင် မျက်နှာအပြင်သည် ယူဇနာလေး ထောင်ကျယ်သည်။ ထောင့် ကြီးသုံးထောင့်၊ ထောင့်ငယ်သုံးထောင့်ရှိသည်ဖြစ်၍၊ လှည်းဦး နှိုက်ခင်းအပ်သော ကတ်သဏ္ဌာန်ကဲ့သို့ တည်သည်။ အချင်း အားဖြင့် ယူဇနာတသောင်း၊ အဝန်းအားဖြင့် ယူဇနာသုံးသောင်း ရှိသည်ဟု လောကပညာတ္တိကျမ်း၊ ဆဂတိဒီပနီကျမ်းတို့တွင် လာသည်။ တယူဇနာလျှင် ခုနစ်မိုင်ခန့်ရှိသည်။

ဇမ္ဗူဒိပ်ကျွန်းနှင့် အရံကျွန်းငယ် ၅ဝဝ တို့တွင် နေကြ သော ကျွန်းသားတို့၏ သက်တမ်းမှာ မတည်မမြဲချေ။ ရံခါ လည်း အသင်္ချေရှည်သည်။ ရံခါလည်း ဆယ်နှစ်သာရှည်သည်။ ပုဗ္ဗဝိဒေဟကျွန်းသားတို့၏ သက်တမ်းမှာ အနှစ်ခုနစ်ရာအမြဲ ရှည်၏။ အပရဂေါယာနကျွန်းသားတို့၏ သက်တမ်းမှာ အနှစ် ငါးရာအမြဲ ရှည်၏။ ဥတ္တရကုရုကျွန်းသားတို့၏ သက်တမ်းမှာ အနှစ်တထောင်အမြဲရှည်၏။ ဤသို့ သံယုတ္တနိကာယ်အဋ္ဌကထာ တွင်ဆိုလေသည်။

ဇမ္ဗူဒိပ်ကျွန်းသားတို့၏ မျက်နှာမှာ ကျွန်း၏ပုံကိုလိုက်၍ သုံးထောင့်သဏ္ဌာန်ရှိသည်ဟု ဆိုကြ၏။ အခြားကျွန်းသားတို့၏ မျက်နှာမှာလည်း ထိုအတူပင် ကျွန်းပုံကိုလိုက်၍ အသီးသီးရှိကြ သည်။ ဇမ္ဗူဒိပ်ကျွန်းသားတို့၏ အဆင်းသဏ္ဌာန်သည် အထူး ထူးအပြားပြားရှိကုန်၏။ ဇမ္ဗူဒိပ်ကျွန်းတွင် ဟောပြောဆုံးမမည့် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝက စသော သူတော်သူမြတ် တို့ ရံခါရှိတတ်သောကြောင့် ဤကျွန်းသူကျွန်းသားတို့ သည် သုဂတိနတ်ရွာ အမြိုက်နိဗ္ဗာန်ချမ်းသာတိုင်အောင် လားရကုန် သည်။ အခြားကျွန်းကြီး ၃ ကျွန်းတွင် ဟောပြောဆုံးမမည့်သူ မရှိသဖြင့် သံသရာဝဋ်ဆင်းရဲ၏ အကြောင်းသာများသည်။ ထို ကြောင့် ကျွန်းကြီးလေးကျွန်းတွင် ဇမ္ဗူဒိပ်ကျွန်းသည် နိဗ္ဗာန်သို့ ကူးရာဆိပ်ကမ်းနှင့် တူသောကြောင့် ဘုရားအစရှိသော သူတော် ကောင်းတို့သည် အထူးချီးမွှမ်းတော်မူကုန်သည်။ ဤကိုရည်၍ ရှင်မဟာသီလဝံသပုဂ္ဂိုလ်ကျော်က တံတားဦးတည်မော်ကွန်းတွင်၊ 'မိုးနတ်သိကြား၊ မြောက်ကျွန်းသားလည်း၊ တရားကုသိုလ်၊ နှိုင်း၍ဆိုမူ၊ မတူကြဘဲ၊ ရာဆကဲ၍၊ ဖြစ်ခဲစွာမှု၊ ဧဟိပြု၏၊ ဘိက္ခုသံဃာ၊ အရိယာသမိုက်၊ ရှင်တော်ရိုက်လျှင်၊ ဤ၌သီးခြား၊ တည်ထွန်းပွား၏၊ ဦးဖျားပေါပေါ၊ ဖိုလ်မဂ်ဇောဟု၊ သင်္ဘော ဗိမာန်၊ သည်ကခံမှ၊ နိဗ္ဗာန်တူရူ၊ ကူးမှတ်မူသား၊ ဇမ္ဗူ့လကျာ်၊ တို့ကျွန်းသာလျှင်၊ ဆိပ်ညာတဖြောင့် တန်းတန်းတည်း'ဟူ၍ စပ်ဆိုထားလေသည်။

ဇမ္ဗူဒိပ်ကျွန်းဦးတွင် ဇမ္ဗူ့သပြေပင်ရှိသည်။ ထိုဇမ္ဗူ့သပြေ ပင်မှ ဇမ္ဗူရာဇ်ရွှေကိုရရှိသည်။ ဇမ္ဗူဒိပ်ကျွန်းနှင့်တကွသော ကျွန်းကြီးကျွန်းငယ်တို့၏ ဗဟို ပြုရာ မြင့်မိုတောင်တွင် ရောင်ခြည် ၄ ပါးရှိ၏။ အရှေ့ဘက် ပိုင်းသည် ငွေအတိပြီး၏။ အနောက်ဘက်ပိုင်းသည် ဖလ်အတိ ပြီး၏။ တောင်ဘက်ပိုင်းသည် ပတ္တမြားညိုအတိပြီး၏။ မြောက် ပိုင်းသည် ရွှေအတိပြီး၏။ ဤသို့ သာရတ္ထဒီပနီဋီကာတွင်ဆို၏။ ထိုရတနာတို့၏ အရောင်သည် မျက်နှာမူရာ ကျွန်းကြီးကျွန်း ငယ်တို့သို့ ထွန်းပ လွှမ်းမိုးနေလေသည်။ ထိုကြောင့် အမြဲစိမ်း လန်းစိုပြည်နေသည်ဟု ဆိုသည်။ ဇမ္ဗူဒိပ်ကျွန်းနှင့် တကွသော ကျွန်းကြီးကျွန်း ငယ်တို့ကို အုပ်စိုးသောမင်းကို စကြဝတေးမင်း ဟု ခေါ်သည်။

ဇမ္ဗူဒိပ်ကျွန်းတွင် အချင်းယဇနာ ၃ဝဝဝ၊ အဝန်းယူဇနာ ၉ဝဝဝ၊ အမြင့်ယူဇနာ ၅ဝဝ ခန့်ရှိသော ဟိမဝန္တာတောင်နှင့် ၈၄ဝဝဝ မျှသော တောင်ငယ်တောင်ထွတ်တို့ရှိ၏။ အချင်း ယူဇနာ ၅ဝ ခန့်၊ အဝန်း ယူဇနာ ၁၅ဝ ခန့်ရှိသော အနော တတ္တအိုင်၊ ဆဒ္ဒန္တအိုင်၊ ကုဏာလအိုင်၊ အန္ဒာကိနီအိုင်၊ သီဟပ္ပ ပါတအိုင်၊ ကဏ္ဏမုဏ္ဍအိုင်၊ ရထကာရအိုင်ဟူ၍ အိုင်ကြီး ၇ အိုင်တို့ရှိ၏။ အနောတတ္တအိုင်ကိုရံလျက်၊ သုဒဿနတောင်၊ စိတ္တကူဋတောင်၊ ကာဠကူဋတောင်၊ ဂန္ဓမာဒနတောင်၊ ကေလာ သတောင်ဟူ၍ တောင် ၅ လုံးရှိသည်။ အနောတတ္တအိုင်၌ ပြွန် လေးသွယ်ရှိ၍ တောင်ဘက်ပြွန်မှ ဂင်္ဂါ၊ ယမုနာ၊ အစီရဝတီ၊ မဟီ၊ သရဘူဟူသော မြစ်ကြီး ငါးစင်တို့ဖြစ်ပေါ်လာသည်ဟု ဆိုသည်။

ဇမ္ဗူဒိပ်ကျွန်းတွင် မြို့သစ်ပေါင်း ပထမအကြိမ် ၆၃ဝဝဝ ဒုတိယအကြိမ် ၆၃ဝဝဝ၊ တတိယအကြိမ် ၆၃ဝဝဝ ပေါ်ထွန်းခဲ့ ၍၊ သီရိဓမ္မာသောကမင်းကြီးလက်ထက်တိုင်သော်၊ မြို့သစ် ၈၄ဝဝဝ တိုးပွားသည်ဟု ဆို၏။ သင်္ဘောဆိပ် ကိုးသန်းခြောက် သိန်း၊ ရတနာတည်ရာ ငါးဆယ့်ခြောက်ဌာန၊ ကျေးရွာခရိုင် ကိုးသန်း ကိုးသိန်းရှိသည်ဟု ဆိုလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)