ဇန်ဇိဗာကျွန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဇန်ဇိဗာကျွန်းသည် အာဖရိကတိုက် အရှေ့ဘက်၊ တောင်လတ္တီတွဒ် ၆ ံတွင်တည်ရှိသည်။ အာဖရိကတိုက်မှ မိုင်ပေါင်း ၂၂ မိုင်ခွဲခန့် ကွာဝေးသည်။ အာဖရိကကမ်းခြေရှိ သန္တကျွန်းများအနက် အကြီးဆုံးကျွန်းဖြစ်သည်။ အလျားအားဖြင့် မိုင် ၅ဝ၊ အနံအားဖြင့် ၂၄ မိုင်ခန့်ရှိ၍၊ အကျယ်အဝန်းမှာ စတုရန်းမိုင် ပေါင်း ၆၄ဝ ခန့်ရှိသည်။ ဇန်ဇိဗာ၏အရှေ့မြောက်ဘက်တွင် အလျား ၄၂ မိုင်၊ အနံ ၁၄ မိုင်ရှိ၍၊ စတုရန်းမိုင် ၃၈ဝ ခန့်ကျယ်သော ပင်းဗာကျွန်းတည်ရှိသည်။ ပင်းဗာအပါအဝင် ဇန်ဇိဗာကျွန်းသည် ဗြိတိသျှစောင့်ရှောက်ခံနယ်ဖြစ်သည်။ ၁၉၄၈ ခုနှစ် သန်ကောင်စာရင်းအရ ဇန်ဇိဗာကျွန်း၌ လူဦးရေ ၁၄၉၅၇၅ ယောက်ရှိ၍၊ ပင်းဗာ၌ ၁၁၄၅၈၇ ယောက်ရှိသည်။ ယင်းနှစ်ရပ်ပေါင်း လူဦးရေတွင် အာဖရိကလူမျိုး ၁၉၉၉၇၅ ယောက်၊ အာရပ်လူမျိုး ၄၄၅၆ဝ ယောက်၊ အိန္ဒိယလူမျိုး ၁၅၈၉၂ ယောက်၊ ဥရောပလူမျိုး ၂၉၆ ယောက်၊ အခြား လူမျိုး ၃၄၃၉ ယောက်ရှိသည်။ မြို့တော်မှာ ဇန်ဇိဗာမြို့ပင်ဖြစ်၍၊ လူဦးရေ ၄၅၂၇၅ ယောက်ရှိသည်။

၁၆ ရာစုနှစ်တွင် ပေါ်တူဂီလူမျိုးများသည် ဇန်ဇိဗာကျွန်း၌ ကုန်ရောင်း ကုန်ဝယ်ဌာနတစ်ခု တည်ထောင်ကာ အခြေစိုက်ခဲ့ကြသည်။ သို့ရာတွင် ဇန်ဇိဗာကျွန်းအရှေ့ဘက်ကမ်းရိုးတန်းရှိ အာရပ်လူမျိုးတို့သည် အာဖရိကတိုက်တွင် နေထိုင်သော အာရပ်အမျိုးသားများ၏ အကူအညီဖြင့် ပေါ်တူဂီလူမျိုးတို့ကို နှင်ထုတ်လိုက်ကြသည်။ ၁၈၃၂ ခုနှစ်တွင် အာရပ်တို့သည် ဇန်ဇိဗာမြို့ ကို ဇန်ဇိဗာကျွန်း၏ မြို့တော်အဖြစ် သမုတ်၍၊ သီးခြားနယ် တည်ထောင်ကြသည်။ သို့ရာတွင် ၁၈၅၆ ခုနှစ်သို့ရောက်မှပင် ဇန်ဇိဗာကျွန်းသည် အာဖရိကတိုက်မှ သီးခြားလွတ်လပ်သော ဒိုမီနီယန်နိုင်ငံဖြစ်လာသည်။ ၁၈၉ဝ ပြည့်နှစ်၌မူ ပြင်သစ်နှင့် ဂျာမန်တို့က ဇန်ဇိဗာနှင့် ပင်းဗာကျွန်းများတွင် ဗြိတိသျှတို့၏ အကျိုးခံစားခွင့်ရှိသည်ဟု အသိအမှတ် ပြုလိုက်သောကြောင့် ပင်ဗားအပါအဝင် ဇန်ဇိဗာကျွန်းမှာ ဗြိတိသျှစောင့်ရှောက်ခံနယ် ဖြစ်လာလေသည်။ အုပ်ချုပ်ရေးမှာ စူလတန်နှင့် ဗြိတိသျှကိုယ် စားလှယ်တို့ ပူးတွဲအုပ်ချုပ်သော စနစ်ဖြစ်သည်။ ၁၉၂၆ ခုနှစ်တွင် အမှုဆောင်ကောင်စီနှင့် ဥပဒေပြုကောင်စီဟု အဖွဲ့နှစ်ဖွဲ့နှင့် အုပ်ချုပ်သော စနစ်ဖြစ်ပေါ်လာသည်။ အမှုဆောင်ကောင်စီဥက္ကဋ္ဌမှာ စိုးစံသူ စူလတန်ဖြစ်၍၊ ဥပဒေပြုကောင်စီဥက္ကဋ္ဌမှာ ဗြိတိသျှကိုယ်စားလှယ်ဖြစ်သည်။ တရားစီရင်ရေးမှာမူ ဗြိတိသျှနိုင်ငံရှိ ဗြိတိသျှ ဟိုက်ကုတ်တရားရုံးတော်တို့ လက်အောက်တွင်တည်ရှိသည်။

ဇန်ဇီဗာစောင့်ရှောက်ခံနယ်တွင် လေးည|င်းစိုက်ပျိုးခြင်းသည် အဓိကလုပ်ငန်းဖြစ်၍၊ အများအားဖြင့် အာရပ်နှင့်အိန္ဒိယလူမျိုးတို့၏ လက်တွင်း၌ရှိသည်။ နိုင်ငံ၏စီးပွားရေးအားဖြင့် ဒုတိယအရေးပါသောလုပ်ငန်းမှာ အုန်းပင်စိုက်ပျိုးရေးဖြစ်သည်။ အုန်းခွံ၊ အုန်းဆီ၊ ဆပ်ပြာနှင့် အုန်းမှထွက်သော အခြားပစ္စည်းတို့သည် ဤကျွန်း၏ ထွက်ကုန်များဖြစ်ကြသည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် လုပ်ငန်းသစ်တစ်ရပ် ထွန်းပေါ်လာခဲ့သည်။ ယင်းမှာ ကနစိုခေါက်ကို ခွာ၍ ထွက်ကုန်အဖြစ်နှင့် တင်ပို့သည့်လုပ်ငန်းဖြစ်သည်။ အသီးအနှံတို့မှာ ဆန်စပါး၊ လိမ်မော်၊ နာနတ်၊ သင်္ဘောသီး၊ သရက်သီး စသည်တို့ ဖြစ်ကြသည်။ ထို့ပြင် ဇန်ဇိဗာကျွန်းသည် ကမ္ဘာပေါ်တွင် ဆင်စွယ်အများဆုံး ထွက်ရာအရပ်ဖြစ်သည်။ ဇန်ဇိဗာမြို့မှာ နှစ်စဉ်ပင်လယ်ကူးသင်္ဘော ၃ဝဝ ခန့်ဝင်ထွက်ရာ ဆိပ်ကမ်းမြို့ ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)