ဆွေးနွေးချက်:အဂတိ လေးပါး

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

အဂတိ လေးပါး

=[ပြင်ဆင်ရန်]

လူအများက အဂတိလိုက်စားသည်ဆိုခြင်းကို လာဘ်စားခြင်းတစ်ခုတည်းဟုသာ အမြင်မှား အသိမှား နေတတ်ကြသည်။ အမှန်တကယ်၌ အဂတိလိုက်စားခြင်းဟူသည် လာဘ်စားခြင်းတစ်ခုတည်းကိုသာ ဆိုလိုခြင်း မဟုတ်ပေ။ ဗုဒ္ဓမြတ်စွာဘုရားသည်ပင်လျှင် သိင်္ဂါလလုလင်အား မဟာကရုဏာတော်မြတ်ဖြင့် ရှောင်ကြဉ်ရမည့် ကမ္မကိလေသ တရားလေးပါးကို ပြညွှန်းတော်မူခဲ့ပြီး အဂတိတရားလေးပါးကို မလိုက်စားအပ်ကြောင်း ဆုံးမတော်မူခဲ့သည်။ ယင်းအဂတိတရားလေးပါးမှာ (၁) ဆန္ဒာဂတိ (၂) ဒေါသာဂတိ (၃) မောဟာဂတိ (၄) ဘယာဂတိတို့ ဖြစ်ကြသည်။

(၁) ဆန္ဒာဂတိ (ချစ်ခင်သဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း) - ဆွေမျိုးတော်စပ်သောကြောင့်ဖြစ်စေ၊ ရင်းနှီးခင်မင်သောကြောင့်ဖြစ်စေ၊ ချစ်ခင်အောင် လိုက်လျောခံရသောကြောင့်ဖြစ်စေ၊ တံစိုးလက်ဆောင် လာဘ်လာဘ ယူ၍ဖြစ်စေ မိမိ၏ တာဝန်ဝတ္တရား၊ ကိုယ်ကျင့်တရားတို့မှ တိမ်းစောင်းချွတ်ချော်ကာ မပြုသင့် မပြုအပ်သည်ကို ပြုခြင်းဖြစ်သည်။

(၂) ဒေါသာဂတိ (စိတ်ဆိုးသဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း) - မုန်းတီးခြင်း၊ ရန်ငြိုးထားခြင်း၊ အာဃာတထားခြင်းတို့အပေါ် အခြေခံလျက် မိမိပြုလုပ်ရမည့် အရာတွင် သမာသမတ်မရှိဘဲ လျော်ညီစွာ ကျင့်ရမည့် တရားထုံးတမ်းမှ တိမ်းစောင်းချွတ်ချော်သွားခြင်းဖြစ်သည်။

(၃) မောဟာဂတိ (ဆင်ခြင်တုံတရားမရှိဘဲ မိုက်မဲတွေဝေသဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း) - အမှန်နှင့် အမှား၊ အကောင်းနှင့် အဆိုး၊ အကျိုးနှင့် အပြစ်၊ သမ္မာနှင့် မိစ္ဆာ၊ ဓမ္မနှင့် အဓမ္မတို့အား ခွဲခြမ်းဝေဖန် စိစစ်ဉာဏ် ကင်းမဲ့သောကြောင့် တာဝန်ဝတ္တရားနှင့်အညီ ဖြောင့်မတ်စွာ မဆောင်ရွက်ခြင်းဖြစ်သည်။

(၄) ဘယာဂတိ (ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း) - အကြောက်တရား၏ ဖိစီးနှိပ်စက်မူကြောင့် လူ့အားမာန်၊ လူ့သတ္တိ ကင်းမဲ့လျက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခြိမ်းခြောက်အကျပ်ကိုင်သူ အဓမ္မဝါဒီ အင်အားစုတို့၏ အလိုကျ အမှန်တရားမှ ကင်းကွာဆန့်ကျင်လျက် ဆောင်ရွက်ခြင်း ဖြစ်သည်။

အဂတိတရားလိုက်စားခြင်းနှင့် ပတ်သက်သော အကျိုးအပြစ်အဖြစ် “အဂတိတရားလေးပါးကို လိုက်စားပြုကျင့်သူသည် လဆုတ်အခါ လမင်း၏ အရောင်အဝါသည် တစ်နေ့တခြား လျော့ပါးဆုတ်ယုတ်သကဲ့သို့ စည်းစိမ်ဥစ္စာနှင့်တကွ ဂုဏ်ကျေးဇူး ကျော်စောခြင်းတို့သည် လျော့ပါးဆုတ်ယုတ်တတ်လေသည်။ အဂတိတရားလေးပါးကို မလိုက်စားမပြုကျင့်သူသည် လဆန်းအခါ၌ လမင်း၏ အရောင်အဝါသည် တစ်နေ့တခြား ထွန်းလင်းတောက်ပသကဲ့သို့ ကျက်သရေ၊ ဂုဏ်သိန်၊ စည်းစိမ်ဥစ္စာတို့သည် တစ်နေ့တခြား ကျော်ကြားတိုးတက် ပေါ်လွင်ထင်ရှားလေသည်” ဟု ဗုဒ္ဓဘာသာရေးအဆုံးအမများ၌ ဖော်ပြထားသည်ကို တွေ့ရှိရသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံတွင် အဂတိလိုက်စားမှုများက ပြည်သူ့ဘဏ္ဍာများကို အချိုးမညီမျှမှု ဖြစ်စေပြီး ပြည်သူတို့အတွက် လူမှုဖူလုံရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၌ အသုံးပြုရမည့် ဘဏ္ဍာငွေများကို လမ်းလွဲသွားစေသောကြောင့် ပြည်သူတို့အတွက် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ အားနည်းချည့်နဲ့သွားရသည်။ ယင်းဒဏ်ကို အများဆုံး ခံစားရသူများသည် ဆင်းရဲသား ပြည်သူများပင် ဖြစ်သည်။ အဂတိလိုက်စားမှုများ၏ဒဏ်ကို အများဆုံးခံစားရသူများမှာ အခြေခံလူတန်းစား ဆင်းရဲသားပြည်သူများသာ ဖြစ်သောကြောင့် အဂတိလိုက်စားမှုဟူသည် ပြည်သူတစ်ရပ်လုံး၏ ရန်သူဖြစ်ပါကြောင်း