ဆွေးနွေးချက်:သခင်တင် (ဝိုင်အမ်ဘီ)
http://kthirdwave.com/2010-05-07-08-22-29/59-2010-06-02-02-56-45
(Temp) /ဝိုင်အမ်ဘီအေ သခင်တင်
1 2 3 4 5
( 2 Votes )
ဇူလိုင်လ ၂ဝ ရက်နေ့ည၇နာရီအချိန်က မန္တလေးမြို့တော် ခန်းမတွင် တို့ဗမာသီချင်း ၃၅ နှစ်မြောက်နှင့် ဝိုင်အမ်ဘီအေ သခင်တင် ဂုဏ်ပြုပွဲကျင်ပမသည်၊ မည်သည့်အစီအစဉ်များရှိပါသည်၊ စသည်ဖြင့်သတင်းစာမှ ကျေညာခဲ့ရာ ပရိတ်သတ်များသည် ညနေ ၅ နာရီကတည်းက လာနေကြသည်။ ၆နာရီ ၁၅မိနစ်တွင် ခန်မကြီးပြည့်လျှံပြီး သီးသန့်ဖိတ်ထားသော ဧည့်သည်များကိုပါ နေရာမပေးနိုင်၍ အားနာစရာဖြစ်ရပြီး ခန်းမထဲမှာထက် အပြင်မျာ ပရိသတ်ပိုများနေတော့သည်။
ပဏာမတေးဂီတ တီးမှုတ်ကြပြီးနောက် အလေးပြုသည့်အစီအစဉ်များပြုလုပ်သည်။ ထို့နောက် ဘာကြောင့်တို့ဗမာသီချင်း ၃၅နှစ်မြောက်နှင့် စာရေးဆရာကြီး ဝိုင်အမ်ဘီအေသခင်တင် ဂုဏ်ပြုပွဲကျင်ပရသည့်အကြောင်း ကျွန်တော်က ဟောပြောရသည်။
စစချင်းပင် နေရာထိုင်ခင်း လုံလုံလောက်လောက် မစီစဉ်နိုင်သည့်အတွက် ခွင်လွှတ်ဖို့ ကော်မတီကိုယ်စား တောင်းပန်ရသည်။ ဇာတ်ခုံစင်မြင့်ပေါ်ပါပရိတ်သတ်ကတက်လာကြသဖြင့် ကျုံးထောင့် လဟာပြင်တွင် စီစဉ်မည် ကြံကြသေးသောလည်း မိုးစိတ်မချရသောကြောင့် မစီစဥ်ရသည့်အကြောင်း စသည်ဖြင့် ပြောပြရပါသည်။
တို့ဗမာသီချင်း ပေါ်ပေါက်ခဲ့ပုံ၊ အကျိုးပြုခဲ့ပုံနှင့် ဝိုင်အမ်ဘီအေ သခင်တင်၏ အတ်ထုပတ်တိအကျဉ်ကို ဤရက်အတွင်းသိမှတ်သင့်ကြသည် ဟုကျွန်တော် ယူဆသည်။ မြို့တော်ခမ်းမ၌ တဝုန်းဝုန်းထဲတွင် ဟောပြောရသည်ကလည်း မကောင်းသောကြောင့်အစီးအစဉ်များအားလုံးပြီး၍ ၁၂နာရီခွဲအချိန် အလုပ်တိုက်သို့ပြန်ရောက်ပြီးနောက် သတင်းစာအတွက် လုပ်စရာများ လုပ်ပြီးလျှင် နံနက် ၂ နာရီ အချိန်ကစ၍ ကျွန်တော် ဟောပြောခဲ့သည့် အကြောင်းအရာများကို ပြန်၍ ရေးချကြည့်ပါသည်။ စာနှင့် ရေးထားလိုက်လျှင် မြို့တော်ခန်းမတွင် နေရာမရသူများ၊ ဤပွဲသဘင်သို့ မလာနိုင်သူများနှင့် ရပ်ဝေးကပုဂ္ဂိုလ်များပါ ဖတ်ကြရမည်ဖြစ်သောကြောင့် အကျိုးရှိပါသည်။
ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၅နာရီ ၃၅ မိနစ်ထွက်သော အမြန်ရထားနှင့် ရန်ကုန်သို့ သွားရဘို့ကလည်းရှိနေပါသည်။ အိပ်ချိန်ရတော့မည် မဟုတ်ပါ။ ကိစ္စမရှိ၊ ပြီးအောင်ရေးပါမည်။ မီးရထားပေါ် ရောက်မှ ငိုက်သွားတော့မည်။ ဤအကြောင်းအရာမျိုးကို သူ့အချိန်ပိုင်းအတွင်း မြန်မြန်ဖတ်ကြ မှ သာ၍ကောင်းပါသည်။ ရန်ကုန်သို့သွားရမယ့် အကြောင်းမှာ ဇူလိုင်လ ၂၃ ရက်နေ့သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း အနိစ်စရောက်ခြင်းတနှစ်ပြည့်သောနေ့ဖြစ်၍ ဆရာဇေယျအစရှိသော ဆရာကြီး၏သားသမီးများနှင့် ကျွန်တော်တို့၏ မိတ်ဆွေ များက လာစေလိုကြသောကြောင့်ဖြစ်ပါသည်။
မိတ်ဆွေများခင်ဗျား။
တို့ဗမာသီချင်းကို ယနေကလူကြီးပိုင်း၊ လူလတ်ပိုင်းကတော့ သိကြပါလိမ့်မယ်။ လူငယ်ပိုင်းတွေကတော့ ခတ်ရေးရေးသာ သိကြမလားမပြောတတ်ပါ။
သီချင်းဟာကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ အလွန်အရေးကြီးတဲ့ သီချင်းဘဲ။ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကိုရေးကြယင် ဘယ်သူဘဲရေးရေး ဒီသီချင်းမပါယင်မပြီးပါ။ ပါကိုပါရပါမယ်။
အခုလို တို့ဗမာသီချင်း ၃၅နှစ်မြောက်နဲ့ ဝိုင်အမ်ဘီအေ သခင်တင်ဂုဏ်ပြုပွဲ ကျင်ပဖြစ်တာဟာ လွန်ခဲ့တဲ့နှစ်က ချောက်မြို့မှာ ကျင်းပတဲ့ မေဒေးကို တိုင်းပြည်အတွက် အနစ်နာခံခဲ့တဲ့ သခင်ဟောင်းကြီးများကို ဗိုလ်ချုပ်ကြီးနေဝင်းက ဖိတ်ခေါ်ဂုဏ်ပြုခြင်းရဲ့ ဂွင်းဆက်ပါဘဲ။ အဲဒီပွဲကြီးပြီးတဲ့နောက်တို့ဗမာအစည်းအရုံးသမိုင်းရေးကြတဲ့ အစီအစဉ်များ လုပ်နေကြရာက ဒီနေ့ဒီရက်မှာ ဒီဂုဏ်ပြုပွဲလုပ်ကြဘို့ဖြစ်လာတာပါဘဲ။
၁၉၃ဝ ခု၊ ဇူလိုင် ၂ဝ ရက်၊ မြန်မာသက်ကရာဇ် ၁၂၉၂ ခု၊ ဝါဆိုလဆုတ် ၁၁ ရက် တနင်္ဂနွေနေ့မှာ တို့ဗမာအစည်းအရုံးဝင် သခင်လူငယ်များကတို့ဗမာသီချင်းကို အခမ်းအနားနှင့် ပြည်သူလူထေု့ရှမှောက်မှာ ရှေ့ဦးဆုံးသီဆိုကြပါတယ်။
ဆိုတဲ့နေရာကတော့ ရွှေတိဂုံဘုရား ရာဟုထောင့်က တန်ဆောင်းကြီးထဲမှာဘဲ။ ဒီတန်ဆောင်ကြီးကလဲ ဂျူဘလီဟောတို့၊ ကျွန်တော်တို့ မန္တလေး အိမ်တော်ရာဘုရား ၁၂ ခန်းစရပ်ကြီးတို့လိုဘဲ လွတ်လပ်ရေးသမိုင်းနဲ့ အလွန်ဆက်စပ်တယ်။
တို့ဗမာသီချင်းကြောင့် လွတ်လပ်ရေး ရတယ်လို့ တည့်တည့်ကြီးမဆိုနိုင်ပေမဲ့ ဒီတို့ဗမာသီချင်းဟာ ဗမာပြည်သူတို့ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲများမှာ ပြည်သူတို့ရဲ့ အထင်ရှားဆုံး စစ်ဟိန်းသံကြီး၊ အထင်ရှားဆုံး စစ်ချီသီချင်းကြီးဘဲ။
နယ်ချဲ့သမားကို ဒီသိချင်းဆိုပြီးပြည်သူလူထုက တိုက်ခဲ့ကြတယ်။ ဒိသီချင်းဆိုပြီး လက်နက်ကိုင်တော်လှန်ခဲ့ကြသည်။ ဒီသီချင်းဟာ ပြည်သူတို့ရဲ့ အထက်မြက်ဆုံးလက်နက် တခုဖြစ်ခဲ့တယ်။
ဆရာကြီးသခင်ကိုယ်တိုင်မှိုင်းက တို့ဗမာသီချင်းကို နယ်ချဲ့သမားမောင်းထုတ်တဲ့ကမ္မဝါ၊ နယ်ချဲ့သမား မောင်းထုတ်တဲ့ ဂါထာမန္တရားလို့ ပြောလေ့ရှိပါတယ်။ သရဲသဘက်နယ်ချဲ့သမားများကို ဒီနိုင်ငံရေး ကမ္မဝါနဲ့ မောင်းထုတ်နေကြတယ်လို့ ဆိုတာဘဲ။
ဆရာကြီးရဲ့ စကားကိုပန်းချီဆရာကြီး ဦးဘစိန်ကကောင်းကောင်းကြီးထောက်ခံတယ်။ သူနေတဲ့ရန်ကုန် ၄၆လမ်းက အိမ်ခန်းတခန်းမှာ သခင်လူငယ်တွေ တို့ဗမာသီချင်း တိုက်နေကြတယ်။ “တို့ဗမာ၊ ဟေ့ တို့ဗမာ”စတဲ့ သီချင်းရဲ့ တက်ကြွမြည်ဟီးတဲ့အသံများကြောင့် ၃-၄ ရက်နေတော့ တခန်းခြားမျာနေတဲ့ အင်္ဂလိပ်တယောက် ရူးသွားတယ်လို့ပြောဘူးပါတယ်။
အဲဒီကာလမှာ ဒီသီချင်းဟာ ပြည်သူတွေကို စိတ်အားထက်သန်တကကြွစေတာနဲ့အမျှ နယ်ချဲ့ဘက်တော်သားတွေကို ထိတ်လန့်စေပါတယ်။
ဒီသီချင်းကိုစပ်တဲ့ ပုဂ္ဂိုလ်ဟာ စာရေးဆရာကြီး ဝိုင်အမ်ဘီအေဆရာတင်ဘဲ။ ၁၉၂၉ -၃ဝ -၃၁ ခုနှစ်များမှာ ကျွန်တော် ဗဟန်းရေတာရှည်လမ်း အမှတ် ၉၂ မှာ နေပါတယ်။ သခင်ဗသောင်းတို့နေတဲ့ခြံနဲ့ဆိုယင် တပြလောက်ပဲ ဝေးပါတယ်။ ဒါကြောင့် တို့ဗမာအစည်းရုံး၊ တို့ဗမာသီချင်းရဲ့ လှုပ်ရှားမှုတွေကို ကိုယ်တိုင်မြင်တွေနေရပါတယ်။ ရွှေတိဂုံ ဘုရားပေါ်မှာ သခင်ဗသောင်းတို့၊ ဝိုင်အမ်ဘီအေသခင်တင် ဖြစ်လာပြီဖြစ်တဲ့ ဆရာတင်တို့လူငယ်တွေနဲ့ တို့ဗမာသီချင်း စဆိုတဲ့ဆီလဲ ကျွန်တော်တို့ရောက်ပါတယ်။ တက္ကသိုလ်တကောင်းဟောဘော့လုံးပွဲနိုင်တော့ အငြိမ့်မကခင်ခွင့်တောင်းပြီး အငြိမ့်စင်ပေါ်တက် ဝါဒဖြန့်တော့လဲ ကျွန်တော်တို့ရှိနေပါတယ်။
ဒီသီချင်းကိုကြားကာစ သုံးလေးကြိမ်မှာ ဘယ်သူ မဆိုကြက်သိမ်းဖြန်းကနဲ ထပြီး အလွန်တက်ကြွပါတယ်။ ဇာတိသွေး ဇာတိမာန် အလွန်တက်စေတဲ့သီချင်းဘဲ။
အခုမကြာခင်ဘဲ ရွှေမန်းဦးတင်မောင်နဲ့ သခင်ဟောင်းကြီးတွေ လက်သီး လက်မောင်းတန်းပြီး တို့ဗမာသီချင်းကို ဆိုကြပါလိမ့်မယ်၊ အဲဒီတော့ ဘယ်လိုဆိုတာ မိတ်ဆွေများ ကိုယ်တိုင်သိကြပါလိမ့်မယ်။
၁၉၂၉ - ၃ဝ တဝိုက်မှာ ဆရာစံ လယ်သမားသူပုန်ထ၊ အဓိကရုဏ်းတွေဖြစ်နဲ့ တော်တော် ရှုပ်ရှက်ခတ်နေပါတယ်။ ပြည်သူတွေဟာ နယ်ချဲ့သမားနဲ့ သူတို့နောက်က ကပ်ပြီး စီးပွားရေးလုပ်ငန်းတွေမှာ လက်ဝါးကြီးအုပ်နေကြတဲ့ နိုင်ငံခြားသားတွေကို အလွန်မုန်းနေကြပါတယ်။
ဒါကြောင့် အမျိုသားစိတ် အလွန်တက်ကြွနေကြတယ်။ အဲဒီအချိန်မှာ ကမ္ဘာ့ရာဇဝင်ချုပ်ကို ဘာသာပြန်တဲ့အတွက် ဝေလမင်းသား ဆုငွေ ၁ဝဝဝ ရတဲ့ ကိုဘသောင်းဟာ နိုင်ငံခြားက နိုင်ငံရေး စာပေတွေဖတ်ပြီး တိုင်းပြည်မှ လူတိုင်း နိုင်ငံရေး လုပ်ရမယ်ဆိုတဲ့အမြင်နဲ့ အလွန်စိတ်အား ထက်သန်နေတယ်။ ရှေ့နေဘာဘူကြီးအထိ သခင်ခေါ် ဘုရားထူးနေ့တဲ့အဖြစ်ကိုလဲ မကြည့်ချင်ဘူး။ ဒါကြောင့် မီးဒုတ်သခင်သိန်းမောင်၊ သခင်လှဘော်တို့နဲ့ တို့ဗမာ အစည်းအရုံး တည်ထောင်ဘို့ စိုင်းပြင်ကြတယ်။ မန္တလေးက ရောက်နေတဲ့ မိတ်ဆွေဟောင်း ဝိုင်အမ်ဘီအေသခင်တင်ကိုလဲ နိုင်ငံရေး အမြင်တွေ ဆွေးနွေးတယ်။ တစတစလက်ခံစေတယ်။ ဒီနောက် တို့ဗမာ သီချင်းစပ်ကြဘို့ တိုင်ပင်ကြတယ်။ သီချင်းစာသားထဲမှာ ပါချင်တဲ့ အကြောင်းအရာတွေကို သခင်ဗသောင်းက စဉ်းစား စီစဉ်ပေးတယ်။ ဝိုင်အမ်ဘီအေသခင်တင် ကသီချင်းဖြစ်အောင် ရေးတယ်။ သူတို့ ၄ - ၅ ယောက်ထပ်တိုင်ပင်တယ်။ စာသားပြုပြင်ကြတယ်။ အသံနဲ့အသွား ထပ်ရှာပြီး ကောင်းသထက်ကောင်းအောင် လုပ်ပေးပါအုံးလို့ ဆရာတင်ကို တာဝန်ပေးကြပြန်တယ်။ ဆရာတင်က အသံထပ်ရှာတယ်။
အဲဒီအချိန်မျာ နိုင်ငံရေးအဖွဲ့အစည်းတချိုကက ပုဂ္ဂိုလ်တွေဟာ ရာထူး၊ ငွေရေးကြေးရေးနဲ့ပတ်သတ်ပြီး နာမယ်တော်တော် ပျက်ကြတယ်။ တို့ဗမာ သီချင်က “နောင်လာနောက်သား ကောင်းစားဘို့ရာ တို့ကိုယ်ကျိုး လုံးလုံးမပါ ” ဆိုပြီး ကြွေးကြော် ထွက်ပေါ်လာတော့ လူငယ်ပိုင်းတွေက ဒီသီချင်းနဲ့ ဒီဝါဒကို ကြိုက်လာကြတယ်။
စာရေးဆရာကြီး ဝိုင်အမ်ဘီအေသခင်တင် ဟာ မန္တလေး ရွှေဘုန်းရှိန် မင်းသားစုသားဘဲ။ ဖခင်ဦးရန်အောင်က တရုတ်တန်းသား၊ မိခင် ဒေါ်သိန်းက မင်းသားစုသူပါ။ ဆရာမွေးဖွားနေထိုင်တဲ့အိမ်ရာမှာ အခုတူမများ အိမ်သစ်ဆောက်ပြီးနေကြပါတယ်။ ဒီနေ့ဒီပွဲကို သူတို့လာကြပါတယ်။
ဆရာဖွားမြင်တာ ၁၂၅၅ ခုနှစ်ကဘဲ။ အခုရှိနေယင် အသက် ၇၂ နှစ်ရှိပါမယ်။ မနှစ်က စာဆိုတော်နေ့မှာ ကွယ်လွန်အနိစ္စရောက်သွားတဲ့ ဆရာကြီးရွှေပြည်အေးဦးဘတင်နဲ့ ရွယ်တူပါဘဲ။ သခင်ဗသောင်းက အခု ၆၅ နှစ်ရှိပြီ။ သခင်သိန်းမောင်ကတော့ ၆၂ နှစ်လောက်ပဲရှိအုံးမယ်။ တို့ဗမာ သီချင်းပေါ်ပေါက်အောင် အားထုတ်ကြတဲ့ လူ ၄ယောက်ထဲက သခင်ဗသောင်းနဲ့ မီးဒုတ် သခင်သိန်မောင် ဘဲကျန်တော့တယ်။ သခင်လှဘော်နဲ့ ဝိုင်အမ်ဘီအေသခင်တင် ကမရှိတော့ဘူး။ သခင်သိန်းမောင်ကလဲ မိတ္ထိလာ စစ်ဆေးရုံမှာ တက်ပြီးဆေးဝါးကုနေရတယ်။
တို့ဗမာသီချင်း ၃၅ နှစ်မြောက် နဲ့ စာရေးဆရာကြီး ဝိုင်အမ်ဘီအေသခင်တင် ကိုဂုဏ်ပြုတဲ့ အခမ်းအနားမှာ မန္တလေးသဘင်ကောင်စီဝင် တေးဂီတ ဆိုတီးက အနုပညာရှင်တွေက ဘာကြောင့် ဒီလောက်လုံးပန်းကြသလဲ၊ အကြောင်းရှိပါတယ်။
ဆရာတင်ဟာလွတ်လပ်ရေး တိုက်ပွဲသမိုင်းမှာ အလွန်အရေးကြီးတဲ့ တို့ဗမာသီချင်းကို ရေးခဲ့တယ်။ လွတ်လပ်ရေးရတော့မယ်ဆိုတော့ ပြည်ထောင်စုအလံနဲ့ နိုင်ငံတော်သီချင်း အမျိုးသားသီချင်းကိုရှာကြရတယ်။ နိုင်ငံကျော် သီချင်းရေးဆရာကြီးများလဲ သီချင်းကို ၄ - ၅ ပုဒ်ရေးပြီး တင်ပြကြတယ်။ ဒါပေမယ့် ဝိုင်အမ်ဘီအေသခင်တင် ရေးခဲ့တဲ့ တို့ဗမာသီချင်းအသွားထက်ပိုကောင်းတယ်လို့ ယူဆနိုင်တဲ့ သီချင်းတပုဒ်မှ ပါမလာဘူး။ ဒါကြောင့် နိုင်ငံတော်သီချင်းအတွက် တို့ဗမာ သီချင်းရဲ့ စာသားတချို့နဲ့ သီချင်းသွားကို ယူကြရတယ်။
ဝိုင်အမ်ဘီအေသခင်တင် လို့ဘာကြောင့်ခေါ်သလဲဆိုတာ သိလိုကြပေလိမ့်မယ်။ ဆရာဟာ ဘီတီအင် ဗုဒ္ဓဘာသာကျောင်းမှာ ၇ တန်းအောင်သည်အထိနေတယ်။ ဆယ်တန်းကို ကယ်လီကျောင်းကအောင်တယ်၊ အမ်ဘီတီ အလွတ်ပညာသင်ကျောင်းမှာ ဆရာဝင်လုပ်တယ်။ ဒီနောက်ဝိုင်အမ်ဘီဆိုတဲ့အမည်နဲ့ ၈၄လမ်း၊ ကွမ်းခြံရပ်မှာ အလွတ်ပညာသင်ကျောင်းတကျောင်းထောင်တယ်။ အခုဆရာထီ မျက်မှန်တိုက်နေရာမှာဘဲ။ ဒီနေရာကလဲ အနုပညာရှင်များနဲ့ အများကြီး ဆက်စပ်တယ်။အောင်ဗလသေဆုံးတာ ဒီတိုက်မှာပေါ့။ တိုင်းပြည်ကချစ်တဲ့ ယောက်ျားမင်းသမီးသေဆုံးတော့ လူတွေ တက်ကြည့်တာ တိုက်ပြိုမလားတောင် အောက်မေ့ရတယ်။ မန္တလေးသူမန္တလေးသားတွေကဲပုံ၊ သူတို့ချစ်တဲ့ အနုပညာသယ်ကို ဂုဏ်ပြုပုံက အောင်ဗလသေတော့ ဓာတ်ရထားငှားပြီးနာရီစင်နဲ့ ဘုရာကြီးခေါက်တုံ့ခေါက်ပြန် ဧယင်ကြူးကြတယ်လို့တောင် အဆိုရှိတယ်။
အဲဒီနေရာကနေပြီး မင်းသားစုအပေါင်ဆိုင် ငွေချေးဌာနနေရာမှာတခါ ဝိုင်အမ်ဘီကျောင်းဖွင့်ပြန်တယ်။ ဒိနောက် တနေရာရွှေ့သေးတယ်။
‘ဝိုင်အမ်ဘီ’ဆိုတဲ့ အလွတ်ပညာသင်ကျောင်း ထောင်တဲ့ အတွက် ဝိုင်အမ်ဘီ ဆရာတင် လို့တွင်တာဘဲ။ ဆရာ့ကျောင်းမှာအစတော့ ကျောင်းသားတော်တော်များပါတယ်။ နောက်တော့ လျော့လျော့သွားတယ်။ လျော့ကုန်တဲ့အကြောင်းကတော့ ဆရာကတပည့်တွေကို စည်းလိုက်လိုက် ခိုင်းလွန်းတဲ့ အတွက်ဘဲ။
၁၂၇၆ - ခုနှစ်ကတဲက ဝိုင်အမ်ဘီ သခင်တင်ဟာ သီချင်းတွေရေးလာတယ်။ သူရေးတဲ့သီချင်းတွေကို စုပေါင်းလိုက်ယင် သုံးထောင်လောက်ရှိမယ်လို့ ဆိုပါတယ်။ ဒီလောက်ပဲများပါတယ်။
မန္တလေး ဇာတ်သဘင်တေးဂီတအဖွဲ့တွေကဆရာ့ကို အလွန်လေးစားကြတယ်။ ဒါကြောင့်လဲ ဒီနေ့ဂုဏ်ပြုပွဲမှာ အင်တိုက်အားတိုက် ပါဝင်ဆင်နွှဲကြတာဘဲ။ မပါရတဲ့ အဖွဲ့တွေ လူတွေက ဝမ်းနဲစကားပြောကြလိမ့်အုံးမယ်။
ဆရာ စာရေးပုံကိုကြည့်ပါဦး။ သခင်ဖြစ်ပြီးတဲ့နောက် သခင်တင်ဟာ သူ့သီချင်းတွေကို ဒေါင့်တန်းလန်းကြီးရေးတယ်။ မင်နီနဲ့ရေးတယ်။ ဝိုင်အမ်ဘီ သခင်တင်လို့လက်မှတ်ထိုးတယ်။ အဲဒါတော့ နဲနဲမှမရှော့ဘူး။
ဆရာတင်ဟာ အရပ်ခပ်ပုပု ယောလုံချည်ကန့်လန့် စင်းကို အလွန်ကြိုက်တယ်။ ပင်နီအင်္ကျီ သနပ်ခါးနုရောင် ပုဝါအုပ်ပေါင်းကို နှစ်သက်တယ်။ အိမ်တော်ရာထီးကို ဆောင်လေ့ရှိတယ်။ ကွမ်းလဲအလွန်ကြိုက်တယ်။ ကွမ်း တပြား ၂ရာရတဲ့ခေတ်မှာ တနေ့ တမတ်ဖိုး ငါးမူးဖိုးလောက် စားတယ်။
သီချင်းရေးယင် သနပ်ဖက်ဆေးလိပ် ၂လိပ် ၃ လိပ် အနားထား ဖွာပြီး ဒူးကလေး နန့်ကာ နန့်ကာ နှင့် ရေးလေ့ရှိတယ်။
မန္တလေးမှာ နေတုန်း သူသီချင်းရေးတဲ့ နေရာကလေးကို တနေ့ကဘဲ သူ့တပည့် ဆရာဖူး၊ သခင်ဗတင်တို့နဲ့ ကျွန်တော်သွားကြည့်ပါသေးတယ်။ ရွှေဘုန်းရှိန်မင်းသားစုရဲ့ အနောက်ရွှေတချောင်းကျော်လိုက်ယင် ညောင်ပင်ကြီးရှိတယ်၊ အဲဒီမှာရှိတဲ့ ကွပ်ပစ်ကြီးတွေနဲ့ စရပ်ပေါ်မှာ ရေးတာများတယ်။ နေရာကလေးက တော်တော်ကောင်းပါတယ်။ ဆရာဟာ သီချင်းသွား လွယ်လွယ်စပ်လေ့ မရှိဘူး။ ဆရာ့သိချင်းတွေမှာ အဆောင့် အအောင့်၊ အဖြတ် အတောက်၊ အတားအဆီးတွေ အလွန်ထူးခြားပါတယ်။ ဆရာထောင်တဲ့ ဝိုင်အမ်ဘီ အသင်းသားများပင် သီချင်းတပုဒ်ကို ၇ ရက်လောက်တက်ကြရတယ်။ အငြိမ့်မင်းသမီးများဆိုယင် တလ နှစ်လ တက်ယူမှ ရတယ်။ ဒါကြောင့် ဆရာ့ဆီက သီချင်းယူဖို့ကြောက်ကြတယ်။ ဆရာကလဲ ဘယ်တော့မှ ရိုးရိုးစင်းစင်းတော့ မရေးဘူး။
သူ့သီချင်းများကို ချပေးရ၊ တိုက်ပေးရယင် ဆရာအလွန်ပျော်တယ်။ စိတ်ပါလက်ပါ စိတ်ဝင်စားစွာ အလုပ်လုပ်လေ့ရှိတယ်။ လေဘာတီမြရင်ကို ‘သံယောဇဉ်’ ဆိုတဲ့ သီချင်းချပေးတုန်းက အနားမှာရှိကြတဲ့ ဆရာဖူး စတဲ့တပည့်တွေက သူတို့ဆရာပျော်နေပုံကို ပြောပြဘူးပါတယ်။ မြခြေကျင်း ဒေါ်ငွေမြိုင် များများကြီးဆိုလေ့ရှိတဲ့ ဆရာ့သီချင်းကတော့ ‘အာသာသစိုး’ ဆိုတဲ့ သီချင်းပါဘဲ။ ဒီသီချင်းဟာ ဆရာရဲ့ပထမဆုံး သီချင်းဆိုတာတော့ မဟုတ်ပါဘူးတဲ့။
ဆရာတင်ဟာ လက်ဆွဲဘာဂျာနဲ့ အသံရှာလေ့ ရှိတယ်။ တပည့်တွေကို သီချင်းညည်းညည်းခိုင်းပြီး ‘အေးဟုတ်ပြီ’ ဆိုပြီးကာ တေးလေ မှတ်လေ့ရှိပါတယ်။ ဆရာ့သီချင်းတွေဟာ ဆိုရ တီးရလဲခက်တယ်၊ ကောင်းလဲ အလွန်ကောင်းတယ်။ စာသားတွေလဲအလွန်ဘဲ ကောင်းပါတယ်။ မကြာမီဆိုကြ ကကြမယ့် အငြိမ့်အဖွဲ့များနဲ့ ၂ပါးသွားများမှာတွေ့ရပါလိမ့်မယ်။
၆ပေါက်ကို သူသုံးလေ့ရှိတယ်။ သူအလွန် ကြိုက်တယ်။ ၆ပေါက် လှုံ့ဆော်တဲ့နေရာမှာ အထိရောက်ဆုံး အသံဘဲလို့ သူပြောလေ့ရှိတယ်။
ဝိုင်အမ်ဘီ သခင်တင်ရဲ့ သီချင်းတွေကို စိန်ဗေဒါကြီးကပင် အလွန်လေးစားတယ်။ ‘ခြောက်သွယ်ညွှန့်’ တပိုဒ်တီးပြီး စိန်ဗေဒါကြီး “တပည့်တို့ တယ်လဲ အရသာ ရှိပါကလားကွယ်၊ မြှောက်တာလဲမဟုတ် ခက်လဲခက်ပါတယ်၊ တီးတဲ့ပုဂ္ဂိုလ်များက လေးလေးစားစား ယူတီးကြပါ” လို့ ဝိုင်းထဲကနေ ပြောလိုက်တယ်။
စိန်ဗေဒါကိုက အဲဒီလိုချီးမွမ်း ရတဲ့ပုဂ္ဂိုလ်ပါ။
ရွှေမန်းဦးတင်မောင်နဲ့ကတော့ ကိုတင်မောင် အလွန်ငယ်သေးတဲ့ မြခြေကျင်းအမေမြိုင်ရဲ့ သားကလေး ဘဝထဲက ရင်းနှီးတာဘဲ။ ဂျပန်ခေတ်မှာလဲ နေ့တိုင်း တွေ့နေကြတာဘဲ။ ကိုတင်မောင်ဟာ ဆရာ့သီချင်းတွေ အများကြီးရပါတယ်၊ မှတ်လည်း မှတ်မိပါတယ်။ ဒီနှစ်ဆရာ့သီချင်းတွေ ပြန်ဆိုမယ်လို့ ပြောပါတယ်။
ကိုတင်မောင်က ဆရာဟာ အလွန်ပါးတယ်၊ သီချင်းတွေထဲမှာ နိုင်ငံရေးအသိ၊ နိုင်ငံရေးလှုံ့ဆော်ချက်၊ ဇာတိသွေး ဇာတိမာန် တက်ကြွစရာတွေ မသိမသာ ထဲ့ထဲ့ ပေးလေ့ရှိတယ်။ အစကတော့ ကျွန်တော်တို့မသိဘူး၊ နောက်တော့သိလာတယ်လို့ပြောပါတယ်။
ဇာတ်သဘင် တေးဂီတ အနုပညာဟာ နေရာတကျ သုံးယင် တိုင်းပြည်အမျိုးသားအတွက် အကျိုးများတယ်ဆိုတဲ့ အသိနဲ့ သူလုပ်တာဘဲ။
ဆရာကိုယ်တိုင် ခပ်ငယ်ငယ်က ရဟိုင်းစျေးက ဦးဘကြူတို့နဲ့ ရုပ်ရှင်တကားရိုက်ဖူးသေးတယ်။ လူရွှင်တော်အဖြစ်ပါဝင်တယ်။
ရန်ကုန်မှာနေစဉ် အေဝမ်း ရုပ်ရှင် သီချင်းတွေ ရေးပြီး ဖြစ်တတ်သလိုဘဲနေတယ်။ ဂျပန်ခေတ်မှာ ဆည်မြောင်း အင်စပိတ်တော်အလုပ် နာမယ်ခံပြီး တောင်ပြုံးနဲ့ ရွှေဘိုခရိုင်မူးသာသက်ပေးမှ နေခဲ့တယ်။
ဆရာ့မှာ တော်တော်ဆိုးတဲ့ ပန်းနာရောဂါရှိတယ်။ စစ်ပြီးတော့ သူ့ကိုဘယ်သူမှလဲတယ် ဂရုမစိုက်ဖူး။ ဖဆပလ အစိုးရ က ၀ဏ္ဏကျော်ထင် ဘွဲ့ဆိုတာပေးပါရဲ့။ အဲဒီ ရွှေတံဆိပ်ပေးတဲ့အချိန်မှာ ဆရာကွယ်လွန်နေပြီ။ ၀ဏ္ဏကျော်ထင်ဆိုတာ ဘွဲ့ထဲမှာ အနိမ့်ဆုံးပါဘဲ။
တိုးတက်ကြီးပွားတဲ့ နိုင်ငံတွေမှာဆိုယင် ထူးချွန် ပြောင်မြောက်တဲ့ သီချင်းရေးဆရာ၊ စာရေးဆရာကြီးတွေဟာ ဂုဏ်အကြီးဆုံးပုဂ္ဂိုလ်တွေထဲမှာ ပါဝင်ကြပါတယ်။ အထူးအားဖြင့် ဆိုရှယ်လစ်နိုင်ငံတွေမှာ ထူးချွန်တဲ့ အနုပညာရှင်တွေကို အလွန်ဂုဏ်ပြုလေ့ရှိတယ်။ စာရေးဆရာကြီး၊ သီချင်းရေးဆရာကြီးများရဲ့ ကြေးရုပ်ကြီးများကို ကပွဲရုံကြီးများရှေ့မျာရှိတဲ့ ပန်းခြံကြီးထဲမှာ အသားပေးပြီး စိုက်ထူထားလေ့ရှိပါတယ်။
ကျွန်တော်တို့ နိုင်ငံမှလဲ တဖြေးဖြေး ဒီလိုဘဲ ဖြစ်လာမှာဘဲ။ အခုဘဲ ဂုဏ်ပြုတဲ့ အခမ်းအနားလုပ်ကြပါပြီ။ ဒီဂုဏ်ပြုပွဲ အတွက် လူအက ကလဲ အများကြီး ကူညီပါတယ်။
မိတ်ဆွေများခင်ဗျား - တို့ဗမာသီချင်းဟာ လွတ်လပ်ရေး တိုက်ပွဲတုန်းက အလွန်အားကိုးရတဲ့ လက်နက်ဖြစ်ပါတယ်။ သီချင်းကိုရေးတဲ့ စာရေးဆရာကြီး ဝိုင်အမ်ဘီ သခင်တင်ဟာ ကွယ်လွန်ရှာပြီဖြစ်လို့ မျက်စိအားဖြင့်တော့ဝေးပါ ကွယ်ပါပြီ။ ဒါပေမဲ့ တိုင်းပြည် အမျိုးသားအကျိုးအတွက် တာဝန်ကျေပွန်ခဲ့လှတဲ့ အနုပညာရှင်ကြီးဖြစ်တာကြောင့် ကျွန်တော်တို့အားလုံးက နှလုံးသားနဲ့နီးနီးထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်။
၂၂၊၇၊၆၅
၂၃၊၇၊၆၅
၂၄၊၇၊၆၅
ဝိုင်အမ်ဘီအေ သခင်တင်
သောင်းပြောင်းထွေလာ ရေးချင်စရာ လူထုဦးလှ စာမျက်နှာ ၂၇၆
Read more about "Myanmar Third Wave" by Administrator/--Battoe ၁၃:၄၂၊ ၂၆ ဇွန် ၂၀၁၁ (UTC)
Can't Move
[ပြင်ဆင်ရန်]I cannot move to ဝိုင်အမ်ဘီ ဆရာတင်, so those who can can help move this page to ဝိုင်အမ်ဘီ ဆရာတင်. Aungookingofcelestials (ဆွေးနွေး) ၁၀:၁၁၊ ၃ ဇန်နဝါရီ ၂၀၂၁ (UTC)