ဆွေမျိုးတို့အား ထောက်ပံ့ကူညီခြင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အဆွေအမျိုးတို့အား ထောက်ပံ့ကူညီခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ တနည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ်ဖြစ်သည်။

လွန်လေပြီးသောအခါ တောအုပ်တခု၌ မျောက်တသင်း နေထိုင်သည်။ အသိအလိမ္မာရှိသော မျောက်ကြီး တကောင်ကို သူတို့က မင်းမြှောက်ထားသည်။ ထိုတောအုပ်အနီးတွင် ရွာငယ်တရွာရှိသည်။ ထိုရွာမှာ အမြဲ လူမနေ။ အလုပ်လုပ်ချိန်ကျသောအခါမှ လူတို့လာရောက်နေထိုင်၏။ လုပ်ပြီးသောအခါ လူတို့ စွန့်ခွာသွားကြ၏။ ထိုရွာ၌ တည်ပင်ကြီးတပင် ရှိရာ မျောက်တို့သည် ရွာ၌ လူမရှိသောအခါ တည်သီးများကို သွားရောက်စားလေ့ ရှိ၏။

တခါသော် တည်သီး သီးချိန်တွင် လူတို့ရောက်ရှိလာကြ၏။ မျောက်တို့သည် တည်သီးစားလိုကြသဖြင့် သွားရောက်စားမည်ပြုကြ၏။ မျောက်မင်းက ဘေးရန်များ၍ တားမြစ်သည်။ မျောက်တို့က လူတို့အိပ်ပျော်ချိန် သန်းခေါင်ယံတွင် သွားလျှင် ဘေးမရှိနိုင်ပါဟု ဆိုကြ၏။ နောက်ဆုံး တားမရသဖြင့် မျောက်မင်းကိုယ်တိုင် အဖော်မျောက်များနှင့်အတူ လိုက်သွားရလေသည်။

မျောက်တို့သည် ရွာသားတို့ အိပ်ပျော်နေသော သန်းခေါင်ယံအချိန်တွင် တည်ပင်ကြီးပေါ်သို့တက်၍ တည်သီးများကို စားကြသည်။ ထိုစဉ် ရွာသားတယောက်သည် အိပ်ပျော်ရာမှ နိုးသွားသည်။ တည်ပင်ကြီးပေါ်တွင် မျောက်များရောက်ရှိနေသည်ကို သိရှိသဖြင့် အဖော်ရွာသားတို့ကို နှိုး၍ ပြောသည်။ ရွာသားတို့လည်း လက်နက်များကိုင်လျက် တည်ပင်ကြီးကို ဝိုင်းထားလိုက်ကြသည်။ နံနက်မိုးသောက်ပါက မျောက်အားလုံးကို ဖမ်းဆီးရန် စီစဉ်၍ အသင့်စောင့်နေကြသည်။

မျောက်တို့သည် သေဘေးကို မြင်တွေ့ရ၍ လွန်စွာ ထိတ်လန့်တုန်လှုပ်ကြ၏။ မျောက်မင်းကို ကယ်မပါရန် တောင်းပန်ကြ၏။ မျောက်မင်းက-လွတ်မြောက်ရန် ကြံစည်မည်-ဟု ဆို၍ နှစ်သိမ့်ထား၏။ သူသည် မျောက်အားလုံးကို စိစစ်ကြည့်ရာ သေနကအမည်ရှိသော မျောက်-ပါမလာသည်ကို သိရ၏။ သေနကသည် မျောက်မင်း၏ တူ ဖြစ်သည်။

မျောက်မင်းက-မကြောင့်ကြလင့်၊ သေနကသည် အသိအလိမ္မာရှိသည်။ ငါတို့ကို ဘေးရန်မှ လွတ်အောင် ကြံဆောင်ပါလိမ့်မည်။ တည်သီးများကို အဝသာ စားထားကြပါ-ဟု အားပေးပြောဆိုသည်။ သေနကသည် အဖော်မျောက်တို့ ထွက်သွားချိန်တွင် အိပ်ပျော်၍ ကျန်ရစ်နေ၏။ နိုးသောအခါ မျောက်တကောင်ကိုမျှ မမြင်သဖြင့် ခြေရာခံ၍ လိုက်လာ၏။ ထိုအခါ မိမိ၏ အဆွေအမျိုးတို့ ဘေးဒုက္ခနှင့် ရင်ဆိုင်တွေ့နေရသည်ကို မြင်ရသည်။ သူသည် အဆွေအမျိုးတို့ကို ကယ်တင်ရန် အကြံထုတ်၏။

နောက်ဆုံးတွင် အကြံရသဖြင့် ရွာစွန်ရှိ တဲတတဲသို့ တိတ်တဆိတ် သွား၏။ တဲရှင် အမယ်အိုသည် မီးဖို၍ ဗိုင်းငင်နေသည်။ သေနကလည်း မီးဖိုမှ မီးစတစကို ရုတ်တရက်ယူကာ အနီးရှိ တဲတတဲကို မီးရှို့၍ ထွက်ပြေး၏။ ရွာသားတို့လည်း တဲမီးလောင်သည်ကို မြင်ရသည်နှင့်တပြိုင်နက် မျောက်တို့ကို စွန့်လွှတ်ကာ မီးငြိမ်းသတ်ရန် ပြေးသွားကြသည်။ ထိုအခါ မျောက်မင်းနှင့် အဖော်တို့သည် တည်သီးတလုံးစီ ဆွတ်ယူပြီးလျှင် တည်ပင်ပေါ်မှ ဆင်းပြေးကြလေသည်။ အားလုံးပင် အသက်ချမ်းသာရာရ၍ မိမိတို့နေရာသို့ ပြန်ရောက်ကြ၏။ သူတို့သည် သေနကကို ကျေးဇူးပြုသောအားဖြင့် ယူဆောင်လာသော တည်သီးတလုံးစီ လက်ဆောင်ပေးကြလေသည်။ (မှတ်ချက်) အဆွေအမျိုးဆိုရာတွင် မိမိ၏ ဆွေမျိုးဉာတကာတို့သာမက မိမိ၏ အမျိုးသားများလည်း ပါးဝင်သည်။

ကိုးကား[ပြင်ဆင်ရန်]

၅၅၀-တိန္ဒုကဇာတ်။ (မင်းယုဝေ) (မြတ်မင်္ဂလာ ၂၀ဝ၂-ခု နိုဝင်ဘာလ)