ဆွမ်းသွပ်ခြင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

လူ့ဘဝမှ လူတစ်ယောက် ကွယ်လွန်သွားပြီဆိုလျှင် ဗုဒ္ဓဘာသာ ထုံးစံအတိုင်း အသုဘကိစ္စပြုလုပ်၍ ခုနှစ်ရက်လည်လျှင် ဆွမ်းသွပ် (သပိတ်သွပ်) ကြပါသည်။ လူ့ဘဝမှ ကွယ်လွန်သွားသူသည် အကယ်၍ ပေတလောက (ပရဒတ္တူပဇီဝိက (ခေါ်) လူ့ဘဝက အမျှပေးဝေသည်ကို သာဓုခေါ်နိုင်သော အဆင့်မျိုး) ပြိတ္တာမျိုး ဖြစ်နေလျှင် ၎င်းအားရည်ညွှန်း၍ ကျန်ရစ်သူများက ကုသိုလ်ပြု အမျှပေးဝေရပါသည်။ သာဓုခေါ်လျှင် ၎င်းတို့ကိုယ်တိုင် ကုသိုလ်ပြုရသကဲ့သို့ ကောင်းကျိုးကိုခံစားနိုင်ပါသည်။


ဗုဒ္ဓဘာသာတို့သည် ကုသိုလ်၊ အကုသိုလ်ရောနှောအကျိုးပေးလျှင် ထိုပေတလောကသို့ အရောက်များ တတ်သည်။ သို့ဖြစ်၍ သေပြီးနောက် သေသောနေ့တွင် သက်ပျောက်သပိတ်ဟူ၍ လည်းကောင်း၊ ချသောနေ့တွင် မြေဆင်းသပိတ် ဟူ၍လည်းကောင်း၊ ရက်လည်နေ့တွင် ရက်လည်သပိတ်ဟူ၍ လည်းကောင်း အရပ်ထုံးစံအားလျော်စွာ လှူဒါန်းအမျှပေးဝေမှု ပြုကြလေ့ရှိပါသည်။ တစ်ချိန်ချိန်တွင် သာဓုခေါ်နိုင်ပါက ကွယ်လွန်သူအဖို့ ကောင်းကျိုးချမ်းသာ ရနိုင်ပါသည်။ သံဃာတော်တို့၏ သပိတ်ထဲသို့ လောင်းလှူသွတ်သွင်း၍ အမျှပေးဝေကြရသဖြင့် သပိတ်သွတ်သည် (ဆွမ်းသွတ်သည်) ဟု ဝေါဟာရပြုထားခြင်း ဖြစ်သည်။