ဆေးသုတ်ခြင်းနှင့်အရောင်တင်ခြင်း

ဝီကီပီးဒီးယား မှ

နေအိမ်တိုက်တာအဆောက်အအုံများကို ဆေးသုတ်ခြင်း၊ အရောင်ခြယ်ခြင်းမှာ လှပတင့်တယ်ရန်အတွက်သာမဟုတ်၊ ပျက်စီးယိုယွင်းလွယ်ခြင်းမှလည်း ကာကွယ်နိုင်ရန်ဖြစ်သည်။ သစ်ထည်၊ သံထည်စသည့် ပစ္စည်းတို့မှာ ဤကဲ့သို့ဆေးသုတ်၍ ကာကွယ်ထားခြင်းမရှိလျှင် ရာသီဥတုဒဏ်ကြောင့် ဆွေးမြေ့ ပျက်စီး လွယ်လေသည်။ ထို့ပြင် ဆေးသုတ်ထားခြင်းဖြင့် နေအိမ် အဆောက်အအုံမှာ အလင်းရောင်ပိုမိုရရှိကာ စိတ်ကြည် နူးဖွယ် ရာဖြစ်စေသည်။

သင်္ဘောဆေးဟုခေါ်သော သုတ်ဆေးမှာ သံချေးမတက်စေ သောဆေး၊ မီးခံဆေးစသည်ဖြင့် အမျိုးများပြားသည်။ အချို့ သင်္ဘောကြီးတို့ဝမ်းများနှင့် ဧရာများတွင် ရေညိ|နှင့် ပိုးစသည် တို့မတွယ်ကပ် မပေါက်ရောက်နိုင်အောင်သုတ်ရသော ဆေးများ လည်းရှိလေသည်။ ထိုအရောင်ဆေးများတွင် ဆီဆေးရေဆေး ဟူ၍ နှစ်မျိုးရှိ၏။ ဆီဆေးမှာ ပိုက်ဆံဆီ၊ အရပ် ခေါ် ငါးကြေး ဆီ၊ တာရပင်ဆီစသည့် ဆီများဖြင့် ဖော်စပ်ရ၍၊ ရေဆေးမှာ ရေဖြင့်ဖော်စပ်ပြီးသုတ်ရလေသည်။

ဆေးမှုန့်ကလေးများ၏ အရောင်အလိုက် အရောင်အမျိုး မျိုးဖော်စပ်ရရှိသည်။ ထိုအရောင်ဆေးမှုန့်ကလေးများမှာ သတ္တု အမျိုးမျိုး၊ အရိုး၊ မြေကြီးအအစားစား စသည်တို့ကို နုလှစွာ သော အမှုန့်ပြုလုပ်၍ ဆန်ခါနှင့် စစ်ချထားခြင်းဖြစ်၍၊ အချို့ မှာ ဓာတုဗေဒနည်းအရ ဖော်စပ်ထားသော အရောင်ဆေးမှုန့်များ ဖြစ်လေသည်။ ဆေးအဖြူရောင်အတွက် ခဲဖြူ သို့မဟုတ် သွပ် အောက်ဆိုက် ဓာတ်သတ္တုများဖြင့် ပြုလုပ်၍၊ အနက်ရောင်ကို ကျပ်ခိုး၊ ခဲပုပ်တို့ဖြင့် ပြုလုပ်ရလေသည်။ အဝါရောင်ကို လက်ကရိုမိတ်နှင့် မြေဝါဆေးမြေတမျိုးမှ ရရှိလေသည်။ အစိမ်း ရောင်ကို ကရုမ်ခေါ် သတ္တုတစ်မျိုးမှ၎င်း၊ အဝါနှင့်အပြာရောင် ရောစပ်၍၎င်း ရရှိလေသည်။ ကိုဗော့ခေါ် အပြာရောင်သတ္တုမှ အပြာရောင်ရရှိ၍၊ သံနှင့်ခဲသတ္တုတို့မှ အနီရောင်ရရှိလေသည်။ ပိုးမွှားတိရစ္ဆာန်နှင့် မဲနည်ပင်စသော အပင်များမှလည်း ဆေး ရောင်များရရှိနိုင်သော်လည်း၊ အဆောက်အအုံများ သုတ်ရန် ဆေးပြုလုပ်ဖို့ရန်မှာကား၊ စရိတ်ကြီးလေးလှသည်။

နေအိမ်သုတ်ရန်ဆေးများတွင် ခဲ၊ သွပ်၊ တိုင်တေးနီယမ် အောက်ဆိုက် စသည့်သတ္တုများ ရောစပ်ပါရှိသည့် ဆေးများကို အသုံးပြုသင့်၍၊ သံထည်များ သံချေးမတက်စေရန် ခဲနီ သို့မဟုတ် ခဲနှင့် သွပ်ကရိုမိတ် စသည့် သတ္တုများပါသည့် ဆေးများကို အသုံးပြုရသည်။

ထိုဆေးများကို ပိုက်ဆံဆီစသည်တို့ဖြင့် ခပ်ပျစ်ပျစ် ဖော် စပ်၍သုတ်လျှင် ဆေးအရောင်အတိုင်း စွဲကပ်၍ကျန်ခဲ့လေသည်။ သစ်သားပြင်ရှိ အပေါက်ကလေးများ ပိတ်သွားအောင် ပထမ သုတ်ရသော ဆေးမျိုးလည်းရှိလေသည်။

ယခုအခါ ပိုက်ဆံဆီဖြင့် အသင့်ရောစပ်ထားပြီးနောက်၊ တာရပင်ဆီအနည်းငယ်ထည့်ကာ ဖော်စပ်သော ဆီဆေးများကို အသုံးများသည်။ သုတ်ထားသောဆေး ကြာရှည်ခံမခံမှာ ရောစပ်သောဆီ၏ အမျိုးအစားနှင့် အချိုးအစားပေါ်တွင် တည်လေသည်။ ဆေးသုတ်လိုက်လျှင် တစ်ဖြည်းဖြည်းသွေ့၍ ဆေးအိပ်သွားစေရန် အဖျော်ပစ္စည်းတစ်မျိုး ထည့်ပေးရသည်။ ဆေးသုတ်လိုက်လျှင် ထိုပစ္စည်းမှာ အခိုးအငွေ့ဖြစ်သွား၍၊ သုတ်ထားသော ဆေးအနှစ်တို့သည် စိုနေရာမှ စေးကပ်ကပ် အဖြစ်သို့ တစ်ဖြည်းဖြည်းရောက်ကာ ဆေးအိပ်သွားသောအခါ၌ တောက်ပချောမွှတ်သော ဆေးသားအဖြစ် ကျန်ခဲ့လေသည်။ အရောင်တဖိတ်ဖိတ်နှင့် အရိပ်ထင်နေသော မော်တော်ကား များကို သုတ်သည့် ဆေးမျိုးတွင်ကား၊ လျင်မြန်စွာ ဆေးအိပ် သွားစေတတ်သော ဆဲလျူလို့ ဆေးများကို အသုံးပြုကြသည်။ ငွေကုန်သက်သာစေရန် ဆေးရောစပ်ရာ၌ ပိုက်ဆံဆီအစား ပဲဗိစပ်ဆီကိုလည်း အသုံးပြုကြသည်။ ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံတွင်ပေါက်သော သစ်ပင်တစ်မျိုးမှရသော ရှမ်းဆီ ကိုလည်း သုတ်ထားသည့် ဆေးလျင်မြန်စွာ တင်းမာလာစေရန် အသုံးပြုကြသည်။

ဆေးများမသုတ်မီ အောက်ခံအကြမ်းတထပ် သုတ်ရသည်။ အောက်ခံအဖြစ်သုတ်ရသောဆေးမှာ ခဲဖြူဆေး သို့မဟုတ် ခဲနီ ဆေးဖြစ်၍၊ ထိုဆေးကို ခပ်ပါးပါးတစ်ထပ်သုတ်ပြီးမှ အလိုရှိရာ အရောင်ဆေးကို သုတ်ရသည်။ ထိုကဲ့သို့သုတ်ရာတွင် ဆေးသား ညီညီနှင့် ကြာရှည်ခံစေလိုလျှင် ဆေးအထပ်ထပ်သုတ်ပေးရလေ သည်။

နှစ်ချို့ဆေးများမှာ ကြာလျှင် အက်ကြောင်းလိုက်ကာ အမှုန့်များဖြစ်၍ ကွာတတ်သည်။ အကောင်းဆုံးဆေးမှာ လေးငါးနှစ်ခံ၍ အရောင်မပျက်ဘဲ၊ ဆေးအနည်းငယ်မျှသာ ကွာသည်။ ဆေးမှုန့်အမျိုးအစား၊ ဖျော်စပ်ပုံအချိုးအစားအလိုက် ဆေးများသည် အဆောက်အအုံ၊ အရာဝတ္တုများ သံချေးတက် ခြင်း၊ ဆွေးမြေ့ပျက်စီးခြင်းတို့မှ ကာကွယ်လေသည်။ အကောင်း စားဆေးများမှာ ပိုက်ဆံဆီ သို့မဟုတ် ရှမ်းဆီကို တာရပင်ဆီ အနည်းငယ်ဖြင့် အရည်ကျဲစေပြီးနောက်၊ သစ်ပင်စေးနှင့်ရော၍ ထားသောဆီဖြင့်ဖျော်ထားသည့် ဆေးများဖြစ်လေသည်။ အရောင်ဖျော့လိုလျှင် ဆေးအရောင်အမျိုးမျိုးကို အဖြူ ရောင်ဆေးဖြင့် ရောစပ်နိုင်သည်။ မီးခိုးရောင်ကို အလိုရှိလျှင် အနက်ရောင်ဆေးနှင့် အဖြူရောင်ဆေးကို ရောစပ်နိုင်သည်။ အဝါရောင်ဆေးနှင့် အဖြူရောင်ဆေးကို ရောစပ်လျှင် အဝါနု ရောင်ရရှိနိုင်သည်။ အဖြူရောင်ဆေး၌ အဝါဆေးရည်အနည်း ငယ်မျှရောလိုက်လျှင် မလိုင်နှစ်အရောင်ရသည်။


ရွှေရောင်၊ ငွေရောင်၊ ဒန်ရောင်၊ ကြေးနီရောင်ဆေးများ ကား အပူခံနိုင်၍၊ ရေဒီယိတ်တာခေါ် အပူ ဓာတ်ပေး ကရိယာ၊ ရေနွေးပိုက်လုံးများစသည်တို့၌ အသုံးပြုလေသည်။ ထိုအရောင် ဆေးများ သုတ်ထားသည့် အတွက်ကြောင့်သာလျှင် သင်္ဘောကြီး များ၊ တံတားကြီးများသည် သံချေးတက်ခြင်း၊ ဟောင်းနွမ်းဆွေး မြေ့၊ ပျက်ဆီးယိုယွင်းခြင်း မဖြစ်နိုင်ကြပေ။ ကျောက်ဂွမ်း၊ လက်ချား၊ ဆိုဒီယမ် တန်းစတိတ်တို့ပါဝင်သော ဆေးများ သုတ်ထားလျှင် သစ်သားထည်တို့မှာ မီးမလောင်နိုင်ချေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)