ဆူးပုပ်ကြီး

ဝီကီပီးဒီးယား မှ
(ဆူးရစ်ပင် မှ ပြန်ညွှန်းထားသည်)
Senegalia pennata
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Fabales
မျိုးရင်း: Fabaceae
မျိုးရင်းသေး: Mimosoideae
မျိုးဇာတ်: Acacieae
မျိုးစု: Senegalia
မျိုးစိတ်:
S. pennata
ဒွိနာမ
Senegalia pennata
(L.) Maslin
Synonyms
  • Acacia pennata (L.) Willd.

ဆူးပုတ်ကြီးပင် သို့မဟုတ် ဆူးရစ်ပင်ကို ရုက္ခဗေဒအလိုအားဖြင့် 'အကေးရှား ပင်နာတာ (Acacia pennata) ' ဟု ခေါ်သည်။ မျိုးရင်းမှာ 'လီဂူမီနိုး စီအီးLeguminosae Jussieu ' ဖြစ်သည်။ ဆူးရစ်ပင်သည် ဆူးများရှိသော ချုံပင်ကြီးမျိုးဖြစ်သည်။ နွယ်၍ တက်တတ်သည်။ အရွက်အနံ့မှာပြင်း၍ ထိုအနံ့ဖြင့် ဆူးရစ်မှန်း သိသာသည်။ ဩဂုတ်လမှ အောက်တိုဘာလအတွင်း ပွင့်သည်။ သီးတောင့်များသည် ၄ လက်မမှ ၈ လက်မအထိ ရှိသည်။ အရွက်သည် ဆေးဖက်ဝင်သည်။ ဆူးရစ်ပင်ကို မြန်မာနိုင်ငံ အရပ်ရပ်၌ တွေ့ရသည်။ ဆူးရစ်ကို ဆူးပုပ်ကြီးဟူ၍လည်း ခေါ်သည်။

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

အပင်[ပြင်ဆင်ရန်]

နွယ်ပင်မျိုးဖြစ်၍ ပင်စည်အသားမာသည်။ အခေါက်ပါးသည်။ တစ်ပင်လုံး ဆူးများရှိ၏။ အရွက် - နှစ်ခါ ငှက်မွေးရွက်ပေါင်း ဖြစ်၍ ရွက်လွှဲထွက်သည်။ ရွက်မြွှာ ၃၀-၆၀ စုံ ထိပါရှိသည်။ ရွက်မြွှာများ အလွန်သေးငယ်ပြီး ရှည်မျောမျောပုံ ရှိ၏။ ခပ်စိပ်စိပ် မျက်နှာချင်းဆိုင် ထွက်သည်။(ရှားရွက်နှင့် သဏ္ဌာန်တူသည်။) ရွက်ညှာရင်း ဖောင်းပြီး ရွက်ညှာကျောဘက်တွင် ဆူးရှိ၏။

အပွင့်[ပြင်ဆင်ရန်]

ပန်းပွင့်သည် အဖြူရောင် သို့မဟုတ် ဖြူဝါရောင် ရှိသည်။ နယုန်လမှ ဝါခေါင်လအထိ ပွင့်သည်။

အသီး[ပြင်ဆင်ရန်]

အသီးတောင့် ခပ်ပြားပြား ဖြစ်ပြီး ဖြောင့်မတ်သည်။ အသီးအက်ကြောင်း ထင်ရှားသည်။ အစေ့ အဝါရောင် သို့မဟုတ် အညိုရောင်ရှိသည်။ အစေ့ ၈-၁၂ စေ့ထိ ပါသည်။ တန်ဆောင်မုန်း လမှ ပြာသိုလအတွင်း အသီး ရင့်မှည့်သည်။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ[ပြင်ဆင်ရန်]

အရွက်၊ အမြစ်။

မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ အနှံ့အပြား၌ ပေါက်ရောက်သည်။ သဘာ၀အလျောက် အလေ့ကျ ပေါက်ရောက်သော်လည်း ခြံဝင်းများ အတွင်း၌ စားပင်အလို့ငှာ အသင့်အတင့် စိုက်ပျိုးကြသည်။

အသုံးဝင်ပုံ အာနိသင်[ပြင်ဆင်ရန်]

မြန်မာဆေးကျမ်းများအလိုအရ ဆူးပုပ်ကြီးသည် ခါး၏၊ ဖန်၏၊ သွေးဖောက်ပြန်ခြင်း၊ လေသည်းခြေနှင့် ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေ၏။ ဝမ်းမီးကို တောက်စေ၏။ မီးယပ်ရောဂါ၌ မြွေဆိပ်နှင့်တူသော သွေးကို ကြေစေ၏။

အသုံးပြုပုံ[ပြင်ဆင်ရန်]

အရွက်ကို ပြုတ်၍‌‌‌ သော်လည်းကောင်း ကြက်ဥ ဘဲဥနှင့်‌ ‌ရောနှော ကြော်၍သော်လည်းကောင်း သုံးဆောင်နိုင်သည်။ မြန်မာပြည်တွင် ပဲဟင်းချိုတွင် ထည့်၍ ချက်သည်ကိုလည်းတွေ့ရသည်။ ၁ ။ ဆူးပုပ်ရွက်ကို စားခြင်းဖြင့် အသားမာပေါက်ခြင်းကို ပျောက်စေသည်။ ၂။ အရွက်ကို စားသုံးခြင်းဖြင့် အထက်သို့ ဆန်တက်သော လေကို လည်းကောင်း၊ အောက်သို့သက်သော လေကို လည်းကောင်း ကြေစေနိုင်၏။ ၃။ အစာမကြေရောဂါ၊ သွားဖုံးမှ သွေးယိုစီးခြင်း ရောဂါများ အတွက်လည်း သုံး၏။[၁]

ကိုးကား[ပြင်ဆင်ရန်]