ဆီးပန်းနီဆရာတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဆီးပန်းနီ ဆရာတော်[ပြင်ဆင်ရန်]

ဆီးပန်းနီ ဆရာတော်သည် အနောက်မင်းကွန်းဘက်တွင် မြန်မာသက္ကရာဇ် ၁၁၇၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် စနေနေ့၌ ဖွားမြင် တော်မူသည်။ ဖခမည်းတော်မှာ အမရပူရ ပထမမြို့တည်နန်းတည် ဘိုးတော်မင်းတရားလက်ထက် အတိုင်ပင်ခံအမတ်ကြီး မဟာရာဇသင်္ကြံဖြစ်သည်။ မယ်တော်၏အမည် ကိုမသိရ၊ ငယ်မည်မှာ မောင်မှော်ဖြစ်သည်။ ရတနာပုရစတုတ္ထမြို့တည် ဘကြီးတော် မင်းတရားကြီးလက်ထက်တွင် စလင်းမင်းသားကြီး ဆရာတော်နှင့် မြသိန်းတန်ဆရာတော်တို့၏ထံ၌ ကျောင်းသားမှ သာမဏေအထိပညာသင်ကြားသည်။ သာမဏေဘွဲ့မှာ ရှင်နရိန္ဒ ဖြစ်သည်။


စာပေပညာ လွန်စွာထူးချွန်သဖြင့် ကျောင်းသားအဖြစ်ဖြင့် တစ်ကြိမ်၊ သာမဏေအဖြစ်ဖြင့် နှစ်ကြိမ် ပေါင်းသုံးကြိမ်မျှ ငယ်စဉ်ကပင် ပထမစာတော်ပြန်ပွဲ၌ ဝင်နွဲပြန်ဆိုအောင်မြင်တော် မူသည်။


ရဟန်းအဖြစ်ရောက်ပြီးနောက်၊ ရွှေဘိုမင်းနှင့် ပုဂံမင်းတို့ လက်ထက်တွင် အမရပူရမြို့၊ မိုးထိတိုက်၌ နေထိုင်လျက် ပြည်ဆရာတော်ဘုရားကြီးနှင့် မိုးထိဆရာတော်ဘုရားကြီးတို့ထံ၌ ပညာဆည်းပူးတော်မူသည်။


ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတရားကြီးလက်ထက်၌ 'နရိန္ဒာဘိ သီရိ သဒ္ဓမ္မ ဇောတိပါလ ဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု'ဟူသော ပထမတံဆိပ်တော်၊ 'နရိန္ဒာဘိ သီရိသဒ္ဓမ္မ ဇောတိ ပါလ ဓဇ မဟာဓမ္မ ရာဇာဓိရာဇ ဂုရု'ဟူသော ဒုတိယ တံဆိပ်တော်တို့ကို ခံယူရရှိသည်။ ပဉ္စမသင်္ဂါယနာ တင်သောအခါ၌လည်း ပိဋကတ်သုံးပုံကို သုတ်သင်ကြီးကြပ်တည်းဖြတ်တော် မူသည်။ သားတော် သီပေါမင်းလက်ထက်၌လည်း 'နရိန္ဒာဘိဓဇ အတုလဓိပတိ သီရိ ပဝရ မဟာဓမ္မ ရာဇာဓိ ရာဇဂုရု' ဟူသော တတိယတံဆိပ်တော်ကို ခံယူတော်မူပြန်သည်။ ဆီပန်းနီဆရာတော်သည် 'ကဝိမဏ္ဍနမေဒနီ'ကျမ်းကို ရဟန်းဝါတော်တစ်ဆယ်ကျော်လောက်မှစ၍ တစ်ဖြည်းဖြည်း တစ်စတစ်စ ရေးသားပြုစုတော်မူခဲ့သည်။ ကဗျာလင်္ကာဖွဲ့ဆိုမှု၌ လေ့လာကျွမ်းကျင်တော်မူသည်။ သီပေါမင်းတရား ကုလားနိုင်ငံသို့ ပါတော်မူခြင်းနှင့်စပ်လျဉ်း၍ သံဝေဂရတု ဧကပိုဒ်ကို ဖွဲ့ဆိုတော်မူရာ၊ ယင်လင်္ကာ၌'မိုက်မှားလှေစွာ၊ ကိုယ်မှီရာကို၊ ကိုယ်သာဖျက်ဆီး၊ ဘိကာစီးသည်၊ မှူးကြီးမတ်ငယ်၊ မာလောနွယ်တို့'ဟူသော အပိုဒ်မှာ လူကြိုက်များသော အပိုဒ်ဖြစ်သည်။ ကင်းဝန်မင်းကြီးက အထက်ပါလင်္ကာကို 'မန်းမကိုဋ်မှာမှ' အစချီသော လေးချိုးဖြင့် ချေဆိုရေးသားသဖြင့် ဆရာတော်က ဒုတိယတစ်ဖန်ရေးသားသည့် လင်္ကာ၌ပါသော'ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းနှင့် ရလစ်၊ သုည ခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့်၊ ဩော်ကောင်း၏။'ဟူသော အပိုဒ်မှာ စာဆိုတို့၏ နှုတ်ဖျားသို့ ရောက်ရှိနေလေသည်။


ဆီးပန်းနီဆရာတော်ဘုရားကြီးသည် သက်တော် ၇၇၊ ဝါတော် ၅၇၊ မြန်မာသက္ကရာဇ် ၁၂၅ဝ ပြည့်နှစ် ကဆုန်လပြည့်ကျော် ၁ ရက် ဗုဒ္ဓဟူးနေ့၌ ဘဝနတ်ထံပျံလွန်တော်မူသည်။ [၁] ပင်းသာမင်းသားက ဆရာတော်၏ အရိုးအိုးအား ဌာပန၍ မန္တလေး ချမ်းမြသာစည်မြောက်ရပ်ကွက် ၄၂ လမ်း၊ ခင်စောမူ ကွေ့အနီး ရန်ကုန် မန္တလေး လမ်းမ အနောက်ဘက် နေရာ၌ ဆီးပန်းနီ ဆရာတော် အရိုးအိုး စေတီတော်ကို တည်ထား ကိုးကွယ်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃၅၇ တွင် ထိုနေရာမှ ဖျက်သိမ်းပြီး ထိုနှစ် တန်ဆောင်မုန်းလဆန်း ၄ ရက်တွင် မန္တလေးတောင်ခြေ စန္ဒာမုနိဘုရားနှင့် ကျောက်တော်ကြီး ဘုရားအကြား လမ်းဆုံ နေရာတွင် ပြန်လည် ဌာပနာကာ ၁၃၅၇ နတ်တော်လဆန်း ၉ ရက် (၃၀ - ၁၁ - ၉၅) ကြာသပတေးနေ့တွင် တည်ထား ပြီးစီးခဲ့သည်။

ဂန္တဝင်စာပေများ[ပြင်ဆင်ရန်]

ဆရာတော်ဘုရားသည် ရဟန်း ဆယ်ဝါမှစ၍ စာပေများကို တစတစရေးသားခဲ့ရာ ယင်းစာပေများကို ဆရာတော်ဘုရား၏ မြေးတော် ဦးကလျာဏက စနစ်တကျ စီစဉ်လျက် ကဝိမဏ္ဍန မေဒနီကျမ်းဟု အမည်တပ်ကာ မန္တလေးမြို့ ဆိုင်းတန်းရပ် ရတနာသိဒ္ဓိ ပုံနှိပ်တိုက်မှ ၁၂၆၉ ခု ကဆုန်လက ပုံနှိပ် ထုတေ်၀ခဲ့ဘူးလေသည်။ ထိုကျမ်းတွင် ကဏ္ဍအသီးသီး ခွဲထားရာ..

  1. ဝန္ဒနာကဏ္ဍ.....ရှိခိုးခန်း။
  2. ဩဝါဒကဏ္ဍ....ဆုံးမစာခန်း။
  3. ကဗျာဗန္ဓကဏ္ဍ....ကဗျာဖွဲ့ဆိုမှုခန်း။
  4. သေလက္ခရကဏ္ဍ....ကျောက်စာခန်း။
  5. ဇာတကကဏ္ဍ....ဇာတ်တော်များခန်း။
  6. ဘုမ္မကဏ္ဍ....ဘုံခန်းဝတ္ထု။
  7. နိရိယကဏ္ဍ....ငရဲခန်းဝတ္ထု။
  8. ဘုံခန်းနှင့် ငရဲခန်းဝတ္ထု။
  9. အထွေထွေခန်း ဟူ၍ ၉ ခန်း တွေ့ရှိရပေသည်။

ဤတွင် ဆုံးမစာခန်းနှင့် အထွေထွေခန်းတို့၌ ဆရာတော်၏ ထူးခြားပြောင်မြောက်သော လက်ရာများကို တွေ့ရပေသည်။ ဆုံးမစာခန်းတွင်

  1. ခတျောဝါဒ.....မင်းကိုဆုံးမစာ
  2. ဥပသကောဝါဒ.....ဒါယကာတို့အား ဆုံးမစာ
  3. အရညကောဝါဒ.....တောရပုဂ္ဂိုလ်တို့အား ဆုံးမစာ...ဟူ၍ တွေ့ရပေသည်။

မင်းကို ဆုံးမသောစာ၌ မင်းတုန်းမင်း၏ သားတော် တဦးဦးကို ရည်ရွယ်၍ ရေးသည်ဖြစ်ရာ သီပေါမင်းသားကိုပင် ဆိုလိုသလော မသိပေ။

ပိုင်းဖြတ်ချိုမြ၊ သုံးကဏ္ဍဖြင့်၊ မြွက်ဟသာမော၊ ကျဉ်းမျှဟောသား၊ ခတျောဝါဒ၊ နာမထင်စွာ၊ အလင်္ကာကို၊ ကဗျာညှင်းညှင်း၊ နားတော်သွင်းပိမ့်၊ နွားမင်း၊ မြင်းမင်း၊ ဆိတ်ဆင်မင်းနှင့်၊ ဒေါင်းမင်းကြိုးကြာ၊ သံသာဥဩ၊ ညှို့လိုက်ရောသည်၊ ဥဘတောဆဇ္ဇ၊ ဂန္ဓာရက၊ စသည်ခုနှစ်၊ ညှို့မှဖြစ်သား၊ နှစ်သက်စဖွယ်၊ စောင်းသံနှယ်သို့၊ ညာဘယ်ရှက်ကူး၊ သားတော်ဦးသည်၊ ၊ နူးတော့ ရွှေနားတော်ကြားတည်း.....။

ဆရာတော်၏ ကဗျာအဖွဲ့အနွဲ့များမှာ လွန်စွာပြေပြစ်ခန့်ညား၍ မဓုရတာဂုဏ်မြောက်ပေသည်။ ဆုံးမစာများထဲတွင် ကြားညှပ်၍ လောဘ၊ မောဟ၊ ဒေါသ ဟူသော တရားသုံးပါးကို မသိမ်းဆည်းလျှင်၊ အပယ်လေးပါးသို့ ရောက်ရာရောက်ကြောင်း သေံ၀ဂ ရတုပိုဒ်စုံတခု ရေးသားထားရာ လွန်စွာတရားရဖွယ် ကောင်းလှပေသည်။ (ဤတွင် မပြသာ၍ ချန်ခဲ့ရတော့မည်)

နွား၏ လျှောက်လွှာ[ပြင်ဆင်ရန်]

လူ့ဘ၀နှင့် အနီးစပ်ဆုံး တိရိစ္ဆာန်ထဲတွင် အတော်အသင့်ဆုံးဟု ဆိုရမည့် နွားပင်လျှင် တိရိစ္ဆာ နဂတိနွား၏ အဖြစ်ဆိုးဝါးပုံ၊ သတိ သံဝေဂရမိပုံကို နွားကိုယ်တိုင်က ပြောဆိုသည့်အလား ရေးသားထားသည်မှာ သနားစဘွယ်လည်းကောင်း၍ ထိတ်လန့်ဘွယ်ကလည်း ကောင်းလှပေသည်။

ဘုရားကျွန်တော်၊ မှည့်ခေါ်တွင်ငြား၊ ငမိုက်နွားလျှင်၊ လျှောက်ကြားပါသည်၊ အတည်တည်ကို၊ မလည်မသုန်၊ နာကြကုန်လော့၊ ကံဟုန်မျှော်လွင့်၊ ပို့သဖြင့်လျှင်၊ ယခင့်ရှေးခါ၊ ဆက်များစွာတည့်၊ ဗြဟ္မာမိုးနတ်၊ လေးကျွန်းပတ်သား၊ မန္ဓ္ဓာတ်မင်းစစ်၊ ကျွန်တော်ဖြစ်၍၊ မြစ်အောက်ဥတ္တရာ၊ ကျွန်းမှလာသည်၊ ကညာမျိုးမြတ်၊ မိမယ်နတ်နှင့်၊ ပြသာဒ်ရိပ်လယ်၊ စံပယ်ရွှင်မြူး၊ ပျော်ခဲ့ဖူး၏။ အထူးထွေလာ၊ လူ့ပြည်မှာတည့်၊ ယုတ်မာညစ်ကျု၊ မကောင်းမှုကို၊ ပြုမိသောအား၊ ကျွန်ငနွားလျှင်၊ ဆန်းပြားသဏ္ဌာန်၊ ရှိဘွယ်ဟန်နှင့်၊ တိရိစ္ဆာန်ဟူသည်၊ ချင်းတို့ပြည်၌၊ ကျင်လည်ခဲ့ရ၊ ဤဘ၀ဝယ်၊ စိမ်းမြညွန့်ရှင်၊ ရံဘန်တွင်လည်း၊ မြက်ပင်မတွေ့၊ ကောက်ရိုးသွေ့မျှ၊ လွေ့လွေ့ရမ်းရမ်း၊ ဝမ်းမပြည့်ရ၊ သောက်ရေမှလည်း၊ ဖြူစွနောက်ကျိ၊ ညွန်တစိနှင့်၊ အိုင်ကြီးအထဲ၊ ပြစ်ချွဲပူငန်၊ နေရဟန်လည်း၊ ရွှံ့ညွန်မလွတ်၊ တီမျှော့ကျွတ်နှင့်၊ မိုးစွတ်နေပူ၊ ဆင်းရဲဟူသည်၊ သူများတွက်တာ၊ ကျွန်တော့မှာတည့်၊ စုလာသော့နှယ်၊ ဒုက္ခကြွယ်၏၊ ခိုင်းပယ်ခါလျှင်၊ ကျွန့်သခင်ကား၊ အားအင်မတန်၊ လှည်းပြည့်ဝန်ကို၊ ညွန်တွင်ချနှစ်၊ ပုံကောင်းနှစ်မျှ၊ ကြွေးဟစ်မောင်းမဲ၊ ကြောငြာဆဲလျက်၊ ထိပ်ကွဲနံကွာ၊ တံပြာနှင်တံ၊ သံချွန်ဆူးသွတ်၊ ရိုက်ထိုးခတ်၍၊ ရွတ်ရွတ်ဆောလျှင်၊ ကြည်းကုန်းခင်သို့၊ တင်ပါရသည်၊ ဒုက္ခရည်ကို၊ လေးမည်ပရိသတ်၊ ရှုပါလတ်လော့၊ စောထွတ်ဘုန်းဝှန်၊ ဘုရားဉာဏ်လျက်၊ တိရိစ္ဆာန်ဘုံ - ဆင်းရဲပုံကို၊ ကုံမမြင်ရာ၊ အောက်သုံးရွာကား၊ ဘဇာတစိ၊ ဆိုဘွယ်ရှိအံ့၊ သိရင်းတိုင်းတွင်၊ သတိတင်၍၊ ဆင်ခြင်ပါနော်၊ လူ့ပြည်ပျော်တို့၊ ကျွန်တော်ငနွား၊ လျှောက်ဝံ့ကြားသည်၊ တရားညီမျှ ကိုယ်ပင်သောဝ်...။

စကြာ၀တေးမန္ဓာတ်မင်း ဖြစ်ခဲ့ဘူးပါလျှက် မလိမ္မာ၍ နွားဖြစ်နေရသူက ကံကောင်းထောက်မ၍ လူ့ဘ၀ကို ရရှိနေသူများအား သတိပေးပုံကလေးမှာ သံဝေဂယူစရာကောင်းလှ၏။ လယ်တီဆရာတော်ဘုရား၏ နွားသားမစားရေး မေတ္တာစာအတွက် အထက်ပါ ကဗျာကလေးသည် ထိရောက်သော အကျိုးကို ပြုနိုင်ပေလိမ့်မည်။ ဤကဗျာ၏ အာဘော်ကို ကြည့်လျှင်ပင် ဆရာတော်၏ ဉာဏ်ရည်ကို ရိပ်စားမိနိုင်ပါသည်။

အရညကော ဝါဒတွင် ဆုံးမထားသည့် စာပိုဒ်ကလေးအချို့မှာ..

မိခင့်ဆံထုံး၊ ဘလက်ရုံး၊ နှလုံးခိုင်ကြံ့စေ သုမေဓာထုံး၊ မှတ်ယူကျုံး၊ စွဲသုံးကျင့်ပါလေ လျှို့ဝှက်လုံးလုံး၊ ကိုယ်ကိုဖုံး၊ ဆုံးဆုံးမမနေ....ဟူ၍၎င်း...။

တောတောင်လျှိုတိုး၊ လန့်မစိုး၊ သူ့ကိုမကိုး၊ ကိုယ့်ကိုကိုး ကိုယ့်ကို ကိုယ်ကိုး၊ တောင်နှယ်ကိုး၊ ကိုယ်ကိုတိုးတိုး၊ ကိုယ်ပင်နှိုး။....ဟူ၍၎င်း...ရေးသားထားရာ စကားလုံးကလေးများမှာ သိပ်သည်း ညက်ညောလှပေသည်။ အဖွဲ့အနွဲ့ကို ပြဆိုရာတွင်လည်း ကဗျာတပုဒ်နှင့်တပုဒ် မတူစေရ။ ရတုချဘွယ် နည်းစုံအောင် ရေးပြလေသည်။ ထို့ပြင် မုတ္တာရွှဲသီ၊ ဝဲရိုက်ဝဲသွင်း၊ ကျပန်းသံပေါက်၊ နွယ်ပန်းသံပေါက်၊ မြင်းစိုင်းသံပေါက် စသည့် ရေးနည်းများကိုလည်း ပြဆိုခဲ့ပြန်သည်။

ကဗျာဗန္ဓအခန်းတွင် မြတ်စွာဘုရား၏ အောင်ခြင်းရှစ်ပါးကို တခုစီတခုစီ အဖြစ်အပျက်များနှင့်တကွ ပြည့်ပြည့်စုံစုံ ရေးသားဖွဲ့ဆိုထားရာ လင်္ကာပိုဒ်ပေါင်း (၁၄၄) ပိုဒ်မျှ ရှိပေသည်။ ဆရာတော်သည် အောင်ခြင်းရှစ်ပါး၏ သရုပ်ကို ဖော်ထုတ်ရာ၌ စိတ်ရှည်လက်ရှည် ဂရုတစိုက် ရေးခဲ့ဟန်တူ၏။ လင်္ကာစာသွား၊ စကားထားတို့မှာလည်း ချောမွေ့လှပေသည်။ ဤမျှလောက်ပြည့်စုံ၍ ရှည်လျားသော အောင်ခြင်းရှစ်ပါးလင်္ကာသည်၎င်း၊ ပျို့သည်၎င်း၊ ရကန်သည်၎င်း ရှေးရှေးက မရှိခဲ့ဘူးပေ။

ပါတော်မူတမ်းခြင်း[ပြင်ဆင်ရန်]

သီပေါမင်းတရား ပါတော်မူသွားသောအခါ ဆရာတော်သည် လွန်စွာစိတ်လက် မရွှင်မလန်း၊ မချမ်းမမြေ့ ဖြစ်ရလေသည်။ တရားတော်နှင့် ဖြေရန်လည်း မတတ်နိုင်၊ လျစ်လျူရှု၍လည်း မနေတတ်၊ မျက်မှောက်တွင် တွေ့ကြုံရှုမြင်နေရသည့် အဖြစ်အပျက်တို့က အမျိုးသားစိတ်ဓာတ်ကို ရိုက်ခတ်လာသဖြင့် အဗျာကတာဓမ္မာနှငေ့်၀းပြီး ဒေါသရိပ်ကလေးများ ပြေးလာမိသည်။ ထို့ကြောင့်ပင်..

မြန်မာဘုရင်၊ ဇာတာပြင်လည်း၊ မစင်သန့်ကြိုက်၊ နိစ်ပြဆိုက်က၊ မှားမိုက်လှစွာ၊ ကိုယ့်မှီရာကို၊ ကိုယ်သာဖျက်ဆီး၊ ဖိကာစီးသည့်၊ မှူးကြီးမတ်ငယ်၊ မာလောနွယ်တို့၊ ဝှက်ကွယ်လှည့်ဝိုက်၊ သူ့ဘက်လိုက်၍၊ စရိုက်စောင်းငဲ့၊ သစ္စာမဲ့ကြောင့်၊ နှစ်ဆယ့်ခုနှစ်၊ နန်းစံရှစ်တွင်၊ ကသစ်ဘုံနေ၊ သိကြားကြွေသို့ - ချက်ရွှေသိုရာ၊ မန်းပြည်သာမှ၊ မိစ္ဆာမောဟ၊ ပြွမ်းပြွမ်းထသည့်၊ ကုလားနိုင်ငံ လွှဲပြောင်းစံရှင့် -

ဟူ၍ ရေးချလိုက်မိသည်။ ထိုစဉ်က “ဦးကောင်းလိမ်ထုတ်၊ သီပေါပြုတ်” ဟူ၍ ကင်းဝန်မင်းကြီး ဦးကောင်း လိ်မ်ဉာဏ်ဆင်၍ မြန်မာဘုရင်ကို နန်းချသည်ဟု လူအများ ပြောဆိုပြစ်တင်နေကြသည်။ ဆရာတော်သည် မြန်မာဝန်ကြီး မှူးကြီးတို့ ဂိုဏ်အသီးသီးကွဲ၍ ထင်ရာစိုင်းနေကြပုံ၊ အာဏာရှိသူကိုသာ မျက်နှာလိုအားရ ကပ်ပါးရပ်ပါးပြုမူနေကြပုံ စသည်တို့ကိုမြင်၍ စိတ်ပျက်စွာ ရေးလိုက်ဟန်တူ၏။ ထိုစာသည် ကင်းဝန်မင်းကြီးအဘို့ အတော် ထိခိုက်သည်ဖြစ်ရကား ကင်းဝန်မင်းကြီးက - မန်းမကိုဋ်မှာမှ အစချီသော လေးချိုးဖြင့် ပြန်လည်ချေပလေသည်။

ထိုလေးချိုးတွင် ကောသလအိမ်မက် ၁၆ ချက်အရ ပျက်ချိန်တန်၍ ပျက်ရပုံ၊ မှူးမတ်တို့၏ အပြစ်မဟုတ်၊ ရှေ့ဆောင်နွားလား အကောက်သွားသောကြောင့်၊ နောက်နွားစဉ်ဆိုက် အကောက်လိုက်ကြပုံ၊ ပျက်ချိန်ကျပြီမို့ ကောင်းကင်နက္ခတ်တာရာတို့ ဖောက်ပြန်နေကြပုံ စသည်ဖြင့် မင်းကိုအပြစ်တင်သရောင်၊ နက္ခတ်ကိုပင် အပြစ်တင်သရောင်နှင့် ဘုရားဟောသင်္ခါရတရားကို ထုတ်ပြကာ မလိမ့်တပတ်လုပ်၍ထား၏။

(မှတ်ချက် - ဤလေးချိုးကို ကင်းဝန်မင်းကြီးမရေးဟု အချို့က ဆိုကြသော်လည်း ဆီးပန်းနီဆရာတော်၏ မြေး ဦးကလျာဏ ကိုယ်တိုင်က ကင်းဝန်မင်းကြီးရေးသည်ဟု မှတ်သားထားသည်။)

ထို့ကြောင့် ဆရာတော်က တဖန် ထပ်မံ၍ ယင်းလေးချိုးကိုဖြေသည့် တမ်းချင်းဧကပိုဒ်လင်္ကာကို ရေးသားရပြန်သည်။

တဖန်မှတ်စေ၊ ထပ်၍ဖြေပိမ့်၊ သေံ၀ရမှု၊ ရှေးကပြုသည်၊ ရတုဖိုးထိုက်၊ ဧကပိုဒ်ကို၊ လိုက်၍ဖြေပေ၊ ဉာဏ်ကေ၀တို့၊ ဖြစ်လေရှေးက၊ ကောသလ၏၊ သောဠသဇာတ်၊ အတ္ထုပ္ပတ်နှင့်၊ သတ္တဝါ့ကြမ္မာ၊ သင်္ခါတရား၊ နွားလားရှေ့ဆောင်၊ ပမာမြှောင်လျက်၊ မင်းခေါင်ကိုသာ၊ ပြစ်ရှာဖန်ဖန်၊ ဆိုပြန်ဘိဘိ၊ ထိထိပါးပါး၊ စကားဖောက်လှဲ၊ ကိုယ်ကိုလွှဲလည်း၊ မလွှဲစသာ၊ ဤအရာဝယ်၊ ပမာထင်ထင်၊ ကဗျာတင်က၊ ပေါက်ပင်ကိုင်းငြိတ်၊ ဗျိုင်းနိမိတ်ကို၊ ဖိုလ်ဟိတ်ခတ်ကာ၊ စပ်၍ရှာမူ၊ သတ္တဝါဘူဇဂ၊ ချင်းမူလဟု၊ သိရသောနှယ်၊ မလွတ်ဘွယ်တည့်၊ နွယ်မာလောညွန့်၊ ဆင်ခြေကွန့်လည်း၊ မလွန့်မသာ၊ အကြောင်းမှာကား၊ ငယ်စွာနုမြစ်၊ ကြလိုမျှစ်သို့၊ မြေးမြစ်အလား၊ မင်းနှစ်ပါးတို့၊ တိုင်းကားနှင်းထပ်၊ ကိုယ်ကိုအပ်၍၊ ပညာတ်စေကြောင်း၊ မှူးမတ်ပေါင်းအား၊ ဆိုးကောင်းအရေး၊ လွှေဲ၀ပေးလျှက်၊ တရွေးတရတီ၊ တဗီဇဝါ၊ တမြူလွှာမျှ၊ ရသာအထူး၊ ဂုဏ်ကျေးဇူးကို၊ မှူးမတ်ထံမှ၊ မခံရရှင့်..။

နီးရာကိုကပ်၍ တွယ်တတ်သော သစ်တက်နွယ်နှင့်တူသည့် မှူးကြီး မတ်ကြီး ဝန်ကြီးဆိုသူတွေကို ဆရာတော်သည် အတော်ပင် မကျေနပ်ဟန်တူ၏။ မင်းတုန်းမင်းတရားကြီး လက်ထက်မှစပြီး မင်းဆရာဖြစ်ခဲ့သောကြောင့်လည်း အတွင်းသိ အပြင်သိ ဓာတ်သိ ရပ်သိ ဖြစ်နေရကား ဆရာတော်ကို ဆင်ခြေကန်၍ မရပေ။ မာလောနွယ်တွေ (ဝါ) ကပ်ပါးရပ်ပါး ဖော်လံဖား ဝန်ကြီးတွေက ဘယ်လိုပင် ဆင်ခြေကန်လင့်ကစား၊ ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ်....ဆိုသည့်စကားအတိုင်း မှူးမတ်ဝန်ကြီးတွေ အပေါ်မှာသာ တာဝန်ကျသည်။ မလိမ္မာသေးသည့် အကလေးအရွယ် မြေးသဖွယ်ဖြစ်သော မင်းနှစ်ပါးကို တာဝန်ပုံ၍ လွှဲမချပါနှင့်။ မင်းနှစ်ပါးတို့က အစစ အရာရာ တိုင်းရေးပြည်ရေးဟူသမျှကို မင်းကြီးတို့ထံ အပ်နှံထားပါလျှက်နှင့် မင်းနှစ်ပါးခမျာမှာ ဝန်ကြီး မှူးကြီးများထံမှ ကျေးဇူးကို တပြားသား တရွေးသားမျှ မခံစားရဘဲ ဒုက္ခခံစရာရှိတော့သာ ၎င်းတို့ခံသွားရရှာသည်။....ဟူ၍ ဆရာတော်သည် မကျေနိုင် မချမ်းနိုင်သည့် စိတ်ရင်းကို ရှင်းထုတ်၍ ရေးသားလိုက်သည်။

သို့သော် ပြီးသည့်ကိစ္စကား ပြီးပေပြီ။ ပြုပြင်၍လည်း မရနိုင်တော့။ ထို့ကြောင့် နောင်လာ နောင်သားတွေ သေံ၀ဂပွားရင်း အမျိုးသားစိတ်ဓာတ် ရင့်သန်စေကြရန် ဆရာတော်သည် ဤသို့ နိဂုံးချုပ်လိုက်ပါသည်။

သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊ ကုန်းဘောင်နေမီး၊ မထိန်ညီးက၊ တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊ ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံး၀ဖြင့်၊ ကြုံရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ ဒို့တတွေသည်၊ သေသော်မှတည့် အော် ကောင်း၏။...


မင်းလည်းသုဉ်း၊ ထီးနန်းလည်းသုဉ်း၊ တိုင်းပြည်လည်း သုဉ်းခဲ့ပြီဖြစ်သော သုညခေတ်ကြီးနှင့် ရင်ဆိုင်ရ၍ တရွေးသားမျှ တန်ဘိုးမရှိသော ဘ၀တွင် ငါတို့သည် လူဖြစ်လာရသည်ထက် သေရသည်ကပင် မြတ်ပါသေးတကား ဟု ဆရာတော် ရေးသားလိုက်ပုံမှာ မြန်မာ့လွတ်လပ်ရေးအတွက် စာပေအလင်းရောင်တစ်ခု ဖြစ်ပါတော့သည်။ ဆရာတော်၏ အထက်ပါစာပုဒ် ကလေးကို အကြိမ်ကြိမ်ရှု၊ တထပ်ထပ်ဖတ်၊ အခါခါ ရွတ်၍ ကျွန်ဇာတ်ကို ဆန့်ကျင်လိုသည့် စိ်တ်ဓာတ်များကို ကျွန်ုပ်တို့ မွေးမြူခဲ့ရပေသည်။

ဆရာတော်သည် ဤစာကို ရေးသောအခါ သက်တော် ၇၄ နှစ်ရှိပေပြီ။ ကျွန်ဖြစ်ရသည်ထက် သေရသည်က ကောင်းသေးဟု ညည်းညူသည့်အတိုင်း ဆရာတော်၏ ဆန္ဒကား ပြည့်၀ခဲ့ပါပြီ။ ဆရာတော် မမြင်လို၊ မရှုလို၊ မနေလိုသည့် ကျွန်အဖြစ်နှင့် ဆရာတော်သည် ကြာရှည်စွာ ရင်မဆိုင်လိုက်ရ။ သက်တော် ၇၇ နှစ် ၊ ကျွန်ဖြစ်ပြီး ၂ နှစ်နှင့် ၁ လ အကြာတွင် ကျွန်ဘ၀ကို စွန့်ပစ်ကာ ဘ၀နတ်ထံသို့ ပျံတော်မူရှာခဲ့လေပြီ။

ဆရာတော်၏ စေတနာ၊ ဆရာတော်၏ မေတ္တာနှင့် ဆရာတော်၏ စာပေများကို ကျွန်ုပ်တို့သည် မြတ်နိုးစွာ လေ့လာဆည်းပူးသင့်ကြပါသည်။ မြန်မာ့လွတ်လပ်ရေးအတွက် ဆရာတော်၏ တာဝန်ကား ကျေပွန်သွားခဲ့ပြီတကား။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  2. ရှုမဝမဂ္ဂဇင်း ၊ ၁၉၆၁ ခုနှစ် နိုဝင်ဘာလ။