ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် အစားအစာ

ဝီကီပီးဒီးယား မှ

(၁) စိတ်ကြိုက်စားနိုင်သောအစားအစာများ

(က) သကြားဓာတ် (ခေါ်) ကစီဓာတ် အလွန်နည်းသည့် အစားအစာ၊ ဟင်းသီးဟင်းရွက် အမျိုးမျိုး၊ ကန်စွန်းရွက်၊ ဗူးသီး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ရုံးပတီသီး၊ ဒန့်ဒလွန်သီး၊ ရှောက်သီး၊ ဂေါ်ရခါးသီး၊ သံပရာသီး၊ ကြောင်လျှာသီး၊ ဗူးညွှန့်၊ ချဉ်ပေါင်ရွက်၊ ဆလပ်ရွက်၊ သင်္ဘောရွက်၊ ဂေါ်ဖီထုတ်၊ ဂေါ်ဖီပန်း၊ မြင်းခွာရွက်၊ ရဲယိုရွက်၊ ပဒတ်စာ၊ ပဲပင်ပေါက်၊ မှို၊ မျှစ်၊ မုံလာဥ၊ မုံညင်း၊ နံနံပင်၊ ရှမ်းနံနံ၊ ဟင်းနုနွယ် စသည်များ (ခ) ဟင်းခတ်မဆလာ၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှာလကာရည်၊ ဂျင်းစိမ်း၊ မိတ်သလင် စသည်များ (ဂ) ကော်ဖီ၊ လက်ဖက်ရည် (နို့ဆီ နှင့် သကြား လုံးဝ မထည့်ရပါ) ဆေးသကြား (Equal, Saccharin) သုံးနိုင်သည်။ (ဃ) အသားအမျိုးမျိုး၊ ကြက်သား၊ ငါး၊ ပုဇွန်၊ အမဲသား စားနိုင်သည်။ အဆီများသော ဝက်သား၊ ဘဲသား၊ ဆိတ်သား စသည်တို့ကို ဆရာဝန် ညွှန်ကြားသည့် အတိုင်း စားသုံးရပါမည်။ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ တို့ကို အသင့်အတင့် စားသုံးနိုင်သည်။

(၂) ဆရာဝန်ညွှန်ကြားသည့်အတိုင်းစားရမည့်အစားအစာများ

(က) ဆန်၊ ဆန်ထွက် ပစ္စည်းနှင့် ပြုလုပ်ထားသော အစားအစာများ၊ ထမင်း၊ ဆန်ပြုတ်၊ မုန့်တီ၊ မုန့်ဟင်းခါး၊ ကောက်ညှင်း၊ ဆန်ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ စသည်များ (ခ) ဂျုံ၊ ဂျုံထွက်ပစ္စည်းများနှင့် ပြုလုပ်ထားသော အစားအစာများ၊ ခေါက်ဆွဲ၊ ပေါင်မုန့်၊ ချာပါတီ၊ ပလာတာ၊ ထပ်တရာ၊ အီကြာကွေး၊ နံပြား၊ ဘီစကွတ်၊ ကရက်ကာ စသည်များ (ဂ) ကစီဓာတ်များသော အစားအစာများ၊ အာလူး၊ ပြောင်းဖူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ရွှေဖရုံသီး၊ ချိုသော အသီးများ၊ သင်္ဘောသီးမှည့်၊ သရက်သီးမှည့်၊ ဖရဲသီး စသည်များ

(၃) လုံးဝရှောင်ရမည့်အစားအစာများ

(က) သကြားဓာတ် အလွန်များသော အစားအစာများ၊ သကြား၊ ဂလူးဂို့စ်၊ ကြံသကာ၊ ထန်းလျှက်၊ ယိုစုံ အမျိုးမျိုး (ခ) သကြားလုံး၊ ချောကလက်၊ အိုက်စကရင်၊ ကိတ်မုန့်၊ ပူတင်း၊ (ဂ) အရက်၊ ဝိုင်၊ ရှာလပတ်ရည်၊ ဘီယာ၊ ဘိလပ်ရည်၊ စည်သွပ်ဗူး၊ အချိုရည် စသည်များ

ဆီးချိုရောဂါသည် ရောဂါဖြစ်မှန်း စတင်သိရှိချိန်မှစ၍ ဆီးချိုထိန်းဆေးကို ဆရာဝန်ညွှန်ကြားသည့် အတိုင်း မှန်မှန်သောက်ရန် လိုအပ်ပါသည်။ ဆီးချိုရောဂါဟာ လေဖြတ်ခြင်း၊ နှလုံးသွေးကြော ကျဉ်းခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ အနာကျက်ရန် ခက်ခဲခြင်းမှတစ်ဆင့် ခြေထောက် ဖြတ်ပစ်ရခြင်း၊ မျက်စိကွယ်ခြင်း စသည့် လူမှုဒုက္ခများ ခံစားရရှိနိုင်သည်။ ဆီးချိုရောဂါကို သေသေချာချာ ကုသပါက ဖော်ပြပါ နောက်ဆက်တွဲ ရောဂါဝေဒနာဆိုးများကို ကာကွယ်နိုင်သဖြင့် ထိရောက်စွာ ကုသရန် အရေးကြီးကြောင်း ဝေဒနာရှင်ကိုယ်တိုင် နားလည်ခံယူ လိုက်နာကျင့်သုံးရန် လိုအပ်ပါသည်။