ဆိုဖီယာ လိုရင်း

ဝီကီပီးဒီးယား မှ

ဟောလိဝုဒ်ရုပ်ရှင်လောကတွင် အလှပဂေးမင်းသမီးများစွာ ရှိကြသည်။ သူတို့ကို အမျိုးမျိုး (အချို့ကို မျက်လုံးအလှဆုံး မင်းသမီး၊ မျက်ခုံးအလှဆုံး၊ လက်မောင်းအလှဆုံး၊ ပေါင်တန်အလှဆုံး) စသည်ဖြင့် ကင်ပွန်းတတ်ကြသည်။ သို့သော် ဆိုဖီယာ လိုရင်းမှာ ထိုကဲ့သို့ ဘွဲ့ထူး၊ ဂုဏ်ထူးမျိုး မရှိပါ။ သူမသည် မျက်လုံးလည်း မလှပါ။ အနည်းငယ် ပြူး၍နေသည်။ နဖူးလည်း အနည်းငယ်မောက်သည်။ နှာခေါင်းမှာလည်း အနည်းငယ် ချွန်လွန်းသည်။ ပါးစပ်မှာ ပြဲလွန်းလှပြီး ရီလိုက်လျှင် ပို၍ ဆိုးသည်။ သို့သော် သူမသည် ကမ္ဘာကျော် မင်းသမီးဖြစ်သည်။ ဆိုဖီယာလိုရင်းသည် မလှတာလေးများ စုစည်း၍ လှပနေသောကြောင့်၊ သရုပ်ဆောင်မှု ပြောင်မြောက်သောကြောင့် ဖြစ်သည်။

ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး ဆိုဖီယာ လိုရင်း

ငယ်ဘဝ[ပြင်ဆင်ရန်]

ဆိုဖီယာ လိုရင်းသည် ၁၉၃၄-ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့တွင် အဖ ရစ်ကာဒိုနှင့် အမိ ရိုမီ(လ်)ဒေါ် တို့မှ အီတလီနိုင်ငံ၊ နေပဲ(လ်)ကမ်းခြေရှိ ပိုဇောင်လီမြို့ကလေးတွင် မွေးဖွားခဲ့သည်။ မိခင်နှင့် ဖခင်သည် အလွန်ဆင်းရဲသူများ ဖြစ်ကြသည်။ မိခင်သည် စန္ဒယားတီးတတ်သူဖြစ်ရာ နေ့ရောညပါ စန္ဒယားတီးသူအဖြစ် အလုပ်လုပ် ရသည်။ သို့သော် မိသားစု မချောင်လည်ပေ။ ဆိုဖီယာ လိုရင်း အောက် ကလေးတစ်ယောက်ရပြီး အဖေနှင့်အမေ မသင့်မတင့်ဖြစ်ကာ လင်မယားကွဲကြတော့သည်။ ဆိုဖီယာ လိုရင်းနှင့် ညီမလေး မာရီယာသည် မိခင်နှင့်အတူ အလွန်ဆင်းရဲစွာ နေထိုင်ခဲ့ကြရသည်။ အဖိုးအဖွားများသည်လည်း ဆင်းရဲကြသဖြင့် ဆိုဖီယာတို့ မိသားစုကို မကူညီ၊ မထောက်ပံ့နိုင်ကြပေ။

ပညာရေး[ပြင်ဆင်ရန်]

ဆိုဖီယာ အရွယ်ရောက်လာသောအခါ မိခင်က ငွေကြေးစုဆောင်း၍ ကျောင်းထားပေးခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြောင့် အလယ်တန်း မရောက်မီတွင် ပညာရေး ရပ်နားခဲ့ရသည်။ စစ်ကြီးပြီးဆုံးသောအခါ မိခင်က ဆိုဖီယာကို နေပဲ(လ်)မြို့ရှိ "'ဆရာဖြစ်သင်ကျောင်း"'သို့ ပို့၍ ပညာသင်ကြားစေခဲ့သည်။ ဆိုဖီယာသည် အပျိုပေါက်အရွယ် ရောက်ရှိနေပြီး သွင်ပြင်မှာ လှသွေးမကြွယ်သေးပေ။ ပိန်လွန်းပြီး အရပ်အလွန်ရှည်၍ ယောက်ျားလေးများက သူ့ကို '"ပဲသီးတောင့်ကြီး'"ဟု ခေါ်ဆိုကြသည်။ လှချင်၊ ပချင်၊ ဝချင်ရှာသော ဆိုဖီယာသည် အလွန်မခံချင်ဖြစ်ကာ ဟင်းသီးဟင်းရွက်များကို စနစ်တကျ စားသောက်၍ လေ့ကျင့်ခန်းကို နည်းစနစ်မှန်ကန်စွာ လေ့ကျင့်ခဲ့သည်။ တစ်နှစ်ကျော်တွင် ဆိုဖီယာ၏သွင်ပြင်ပြောင်းလာပြီး ဝဖြိုးလှပလာကာ တဖက်လူ မက်မောဘွယ် ဖြစ်လာခဲ့သည်။

ရုပ်ရှင်လောက[ပြင်ဆင်ရန်]

တစ်ဆယ်ခြောက်နှစ်အရွယ်ဖြစ်ကာ နေပဲ(လ်)အလှမယ်ရွေးပွဲ၌ မယ်ဒုတိယ ရရှိခဲ့သည်။ ဤတွင် ဆိုဖီယာသည် အလှအပအားကိုးဖြင့် ရုပ်ရှင်နယ်ပယ်ထဲသို့ ဝင်ရန် ကြိုးပမ်းခဲ့သည်။ ရောမသို့ သားအမိနှစ်ယောက် သွားရောက်၍ ရုပ်ရှင်ကုမ္ပဏီများနှင့် ဆက်သွယ်ခဲ့ကြသော်လည်း မအောင်မြင်ပေ။ သို့သော် ရောမတွင် ရုပ်ရှင်လာရောက် ရိုက်ကူးနေသော အမေရိကန် M.G.M ရုပ်ရှင်ကုမ္ပဏီ၏ (ကိုမားဒစ္စ)ဟူသော ရုပ်ရှင်တွင် ဆိုက်ပတ်အဖြစ် သားအမိနှစ်ယောက်လုံး ပါဝင်ခဲ့ရသည်။ တစ်ယောက်လျှင် ဒေါ်လာ ၅၀ခန့် ရရှိကြပြီး ဆိုဖီယာ၏ ပထမဆုံးရုပ်ရှင်ဟု ခေါ်ဆိုနိုင်ပေသည်။ အီတလီရုပ်ရှင်နှင့် ဆက်သွယ်မရသဖြင့် သားအမိနှစ်ယောက်လုံး စိတ်ပျက်စွာ နေပဲ(လ်)သို့ ပြန်ခဲ့ကြသည်။ ဆိုဖီယာသည် ကိုယ်ကာယ ပိုမိုလှပရန် အားကစားများ ပြန်လည်လေ့ကျင့်ရင်း ၁၉၅၁-ခုနှစ်တွင် ကျင်းပသော "'အီတလီအလှမယ်"' ရွေးပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မယ်အီတလီ ဒုတိယဆုကို ရရှိခဲ့သည်။ သို့သော် ပထမဆုရသူထက်ပင် နေ့ချင်းညချင်း နာမည်ကြီးသွားခဲ့သည်။ ဓာတ်ပုံဆရာတစ်ဦး၏ ကောင်းမှုကြောင့် အီတလီမဂ္ဂဇင်း များတွင် မျက်နှာဖုံးမယ် အဖြစ် ရောက်ရှိသွားရာ အလိုအလျောက် ဓာတ်ပုံစံပြမယ်လေးအဖြစ် ရောက်ရှိသွားတော့သည်။

ထို့နောက် ရုပ်ရှင်ထုတ်လုပ်သူ (ပရိုဂျူဆာ) ကာလိုပွန်တီသည် ဆိုဖီယာ၏ ဓာတ်ပုံများ၊ စာအုပ်မျက်နှာဖုံးများတွင် တွေ့ရှိရာ ချက်ချင်းသဘောကျသွားမိကာ ဆိုဖီယာနှင့် ဆက်သွယ်ခဲ့သည်။ ဤသို့ဖြင့် ဆိုဖီယာသည် ရုပ်ရှင်နယ်သို့ စတင် ရောက်ရှိလာခဲ့သည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ကိုရင်မော်၊ ကမ္ဘာ့ရုပ်ရှင်ကြယ်ပွင့်များ၊ စာ-၃