ဆားဗိုနာရော်လာ ဂျီ

ဝီကီပီးဒီးယား မှ
ဆားဗိုနာရော်လာ

ဂျီရော်လာမို ဆားဗိုနာရော်လာသည် အီတလီနိုင်ငံ ဖာရား ရ မြို့တွင် ၁၄၅၂ ခုနှစ်၌ ဖွားမြင်သည်။ ငယ်စဉ်က သူသည် ယထာဘူတပညာနှင့် ဆေးပညာတို့ကို လေ့လာလိုက်စားခဲ့ သည်။ ဆေးဆရာတစ်ဦးဖြစ်သူ အဖိုးသည် ဆားဗိုနာရော်လာ အား သူကဲ့သို့ပင် ဆေးဆရာဖြစ်စေလိုသည်။ သို့ရာတွင် ဆားဗို နာရော်လာ ၏ပဋိသန္ဓေစိတ်မှာ လောကီအာရုံကာမဂုဏ်တို့ကို ရွံရှာသော စိတ်ဖြစ်ရကား၊ သာသနာရေးကိုပို၍ စိတ်ညွတ် သည်။ ဆားဗို နာရော်လာ လူလားမြောက်သောအရွယ်၌ အီတလီနိုင်ငံတွင် ဉာာဏ်သစ်အရေးပုံ ထွန်းကားနေသော အချိန် အခါ ဖြစ်သည်။ ထိုအခါ၌ လူအပေါင်းတို့သည် ပညာအရပ်ရပ် ပြန်လည်ထွန်းကားခြင်းကို အကြောင်းပြု၍ ပွဲလမ်းသဘင် ပျော်ရွှင်မှုတည်းဟူသော ကာမဂုဏ် ငါးပါးတို့၌သာ အာရုံစွဲ လမ်းနေကြသည်ဖြစ်သောကြောင့် ဆားဗိုနာရော်လာသည် လောကီကို စက်ဆုပ်ငြီးငွေ့ပြီးလျှင်၊ အသက် ၂၂ နှစ်အရွယ် တွင် ဗလုံးညားမြို့ စိန်ဒိုမီနီကို ဘုန်းကြီးကျောင်း၌ ရောမ ကက်သလစ် သာသနာ့ဘောင်သို့ဝင်ခဲ့လေသည်။ ဤသို့ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့သည့်အတွင်း၊ ဆားဗိုနာရော်လာ သည် ခရစ်ယန်ဝါဒကို ကောင်းစွာလေ့လာ၍ ထင်ရှားသော ဓမ္မကထိကပုဂ္ဂိုလ် ဖြစ်လာလေ သော်၊ လောကီစည်းစိမ်တို့ဖြင့် ယစ်မူး၍နေသော ဖလော်ရင့်မြို့တော်သို့ ဝတ်တရားအရ ရောက်ရှိလာခဲ့လေသည်။ ဤသည်တွင် သူ၏ တရားဟောစင် မြင့်မှနေ၍ ခရစ်တော်ညွှန်ပြသည့် လောကတ္ထစရိယာ လမ်းစဉ် ပေါ်တွင် တည်ဆောက်အပ်သော နိုင်ငံရေးအတွေးအခေါ်တို့ကို ဟောကြားလေသည်။ ထိုအတွေး အခေါ်တို့၏ မူရင်းသုံးချက်မှာ နိုင်ငံသူနိုင်ငံသားတိုင်း အတူတကွ ညီညွတ်ချစ်ခင်စွာ ဆက်ဆံ ပေါင်းသင်း နေထိုင်ကြခြင်း၊ ပြည်သူအများ၌ တတ်နိုင်သမျှ သော အချုပ်အချာအာဏာရှိစေခြင်းနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်သူ တို့အား ညီညီမျှမျှ အခွန်အကောက်ကို ကောက်စေခြင်းဟူသည် တို့ဖြစ်လေသည်။ သူ၏ ဟောပြောချက်များကို မြို့သူမြို့သား များ နားဝင်သဖြင့် ဖလော်ရင့်အာဏာရှင်ပီယာရို မဲဒီချီအား မြို့မှနှင့်ထုတ်၍၊ မြို့မိမြို့ဖများက အစိုးရဖွဲ့လိုက်၏။ ဆားဗို နာရော်လာသည် အစိုးရအဖွဲ့တွင် အကြံပေးအနေမျှဖြင့်ပင်လျှင် မပါဝင်ပါဘဲလျက်၊ သူ၏ တရားဟောစင်မြင့်ပေါ်မှနေ၍ နိုင်ငံရေးအတွေးအခေါ်တို့ကို လူထုအား ညွှန်ကြားပြသ၍ ခေါင်းဆောင်ခြင်းကို ပြုလေရာ၊ ဖလော်ရင့်မြို့တော်၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပြုရာ၌ပင်လျှင် သူ၏အတွေးအခေါ်တို့ ကို လက်ခံလာကြရသည်။ ဖလော်ရင့်မြို့တော်ကို တစ်ဦးတည်း သဘောဖြင့် စိုးမိုးအုပ်ချုပ်ခဲ့သော လောရင်ဇို မဲဒီချီလက်ထက်၌ ပေါ်ပေါက်ခဲ့သော ကာမဂုဏ်လိုက်စားမှုတို့သည် ပပျောက်၍ သာသနာရေး ကိုင်းရှိုင်းမှုသည် ပေါ်ထွန်းလာလေသည်။ ကလေးသူငယ်ကအစ သာသနာရေးဖြင့် စာရိတ္တပြုပြင်ပြောင်း လဲမှုတို့ကို လုပ်ဆောင်လာကြသည်။ သို့သော် ထိုအတွင်း ဖလော်ရင့်၏ ပြည်တွင်းနိုင်ငံရေးမှာ ရှုပ်ထွေးလာခဲ့သည်။ လော်ရင်ဇို၏သား၊ မြို့နှင်ခံရသူ ပီယာရို မဲဒီချီကို ပုပ်ရဟန်း မင်း ဆဋ္ဌမအယ်လက်ဇန္ဒားသည် အားပေးအားမြေ|ာက်ပြုကာ၊ ဆားဗိုနာ ရော်လာအား တရားမဟောရန် တားမြစ်၏။ မနာခံ သောအခါ သူ့အား ရောမသာသနာမှ ကြဉ်လိုက်သည်။ ထို့ နောက်၌ကား ဆားဗိုနာရော်လာ၏ ဩဇာအာဏာတို့မှာ သက် ဆင်းလျှောကျလာလေရာ၊ ၁၄၉၈ ခုနှစ်၌သူသည် မိစ္ဆာဒိဋ္ဌိ တစ်ဦးအနေဖြင့် မီးတင်ရှို့ကာ ကွပ်မျက်ခြင်းကို ခံရလေသည်။ ( ဉာာဏ်သစ်အရေးတော်ပုံ။)[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)