မာတိကာသို့ ခုန်သွားရန်

ဆာဗို လူသားစား ခြင်္သေ့များ

ဝီကီပီးဒီးယား မှ
အီလီနွိုင်းပြည်နယ် ရှီကာဂိုမြို့ ရှိ သဘာဝသမိုင်းပြတိုက်တွင် ပြသထားသော ဆာဗို လူသားစား ခြင်္သေ့များ ပြကွက်

ဆာဗို လူသားစား ခြင်္သေ့များ မှာ နာမည်ဆိုးဖြင့် အလွန်ကျော်ကြားသော ဆာဗိုမှ ခြင်္သေ့များဖြစ်ပြီး ၁၈၉၈ ခုနှစ် မတ်လမှ ဒီဇင်ဘာလ အတွင်း ကင်ညာ-ယူဂန်ဒါ ရထားလမ်း ဖောက်လုပ်ရာတွင် လုပ်ကိုင်နေသော ဆောက်လုပ်ရေး အလုပ်သမား များ၏ သေဆုံးမှု အတွက် အဓိက တရားခံ များ ဖြစ်ကြသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]
ပထမ ခြင်္သေ့ကို ဗိုလ်မှူးကြီး ပက်တာဆန်မှ သတ်ဖြတ်နိုင်ခဲ့သည်။

၁၈၉၈ ခုနှစ် မတ်လတွင် ဗြိတိသျှတို့သည် ကင်ညာနိုင်ငံတွင် ဆာဗိုမြစ်ကို ဖြတ်၍ ရထားသွားရန် တံတားတစ်စင်းကို ဖောက်လုပ်ခဲ့သည်။ ထိုစီမံကိန်းကို ဦးဆောင်သူမှာ ဒုတိယ ဗိုလ်မှူးကြီး ဂျွန်ဟင်နရီ ပက်တာဆန် ဖြစ်သည်။ ထိုမှ စ၍ နောက် ကိုးလ အတွင်းတွင် လည်ဆံမွေး မရှိသော ခြင်္သေ့ နှစ်ကောင်သည် အလုပ်သမားများ နေထိုင်ရာ စခန်းတွင် လှည့်ပတ်ပြီး အိန္ဒိယ အလုပ်သမားများကို သူတို့၏ တဲများမှ ညဘက်တွင် ဆွဲယူ၍ စားသုံးကြသည်။ အလုပ်သမားများမှ ခြင်္သေ့များ ကြောက်ရွံ့စေရန် ရည်ရွယ်၍ ညဘက်တွင် မီးဖိုခြင်း၊ ဆူးများဖြင့် ကာရံခြင်းတို့ကို စခန်းပတ်လည်တွင် ပြုလုပ်ခြင်းဖြင့် လူသားစား ခြင်္သေ့များ၏ ရန်မှ ကာကွယ်ရန် လုပ်ဆောင်ကြသော်လည်း မအောင်မြင်ပေ။ ခြင်္သေ့များသည် ဆူးခြုံ များ၏ အပေါ်မှ ခုန်၍ လည်းကောင်း၊ အောက်မှ တိုးဝင်၍ လည်းကောင်း ဝင်လာမြဲ ဖြစ်သည်။ တိုက်ခိုက်မှု အသစ်များ ကြုံလာပြီးနောက် အလုပ်သမား ရာပေါင်းများစွာတို့ ဆာဗိုမှ ထွက်ပြေးကြသဖြင့် တံတားဆောက်လုပ်ခြင်း လုပ်ငန်း ရပ်တန့် သွားလေသည်။ ပက်တာဆန်က ထောင်ချောက်ထောင်၍ လည်းကောင်း၊ သစ်ပင်ပေါ်မှ ချောင်းမြောင်းတိုက်ခိုက်ခြင်းဖြင့် လည်းကောင်း ခြင်္သေ့များကို သတ်ရန် ကြိုးစားသည်။ အကြိမ်ကြိမ် မအောင်မြင်မှုများ တွေ့ကြုံပြီးနောက် ၁၈၉၈ ခုနှစ် ဒီဇင်ဘာတွင် သူသည် ပထမဆုံး ခြင်္သေ့ကို ပစ်သတ်နိုင်ခဲ့သည်။ ၂၀ ရက် အကြာတွင် ဒုတိယမြောက် ခြင်္သေ့ကို ရှာတွေ့ပြီး သတ်နိုင်ခဲ့သည်။ ပထမ ခြင်္သေ့မှ နှာဖျားမှ အမြီးဖျားထိ ကိုးပေ ရှစ်လက်မမျှ ရှည်လျားသည်။ ခြင်္သေ့ အသေကောင်ကို စခန်းသို့ လူ ရှစ်ယောက်မျှ ပြန်၍ သယ်ရသည်။ ဆောက်လုပ်ရေး အလုပ်သမားများ ပြန်ရောက်လာကြပြီး တံတားကို ၁၈၉၉ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးသတ်နိုင်ခဲ့သည်။ ခြင်္သေ့ကြောင့် သေဆုံးခဲ့သော လူ အရေအတွက်မှာ အတိအကျ မသိပေ။ ပက်တာဆန်၏ အဆိုရ အားလုံးပေါင်း ၁၃၅ ယောက်မျှ ရှိသည်။[][]

ကိုးကား

[ပြင်ဆင်ရန်]
  1. Patterson, Bruce D. (2004)။ The Lions of Tsavo: Exploring the Legacy of Africa's Notorious Man-Eaters။ McGraw-Hill။ ISBN 0-07-136333-5[စာမျက်နှာ လိုအပ်]
  2. "Field Museum uncovers evidence behind man-eating; revises legend of its infamous man-eating lions" (သတင်းထုတ်ပြန်ချက်)။ The FIeld Museum။ January 14, 2003။ 7 June 2011 တွင် မူရင်း အား မော်ကွန်းတင်ပြီး28 July 2014 တွင် ပြန်စစ်ပြီး