ဆန်းလွင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

စာရေးဆရာကြီး ဦးဆန်းလွင်ကို ၁၉၃၈ ခု၊ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် ရခိုင်ပြည်နယ် သံတွဲမြို့တွင် အဘကုန်သည် ဦးဘိုးညွန့်၊ အမိ ဒေါ်လှကြီးတို့က ဖွားမြင်ခဲ့သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

ဒဿနစာပေများ ရေးသားတင်ပြခြင်း၌ ထင်ရှားခဲ့သော စာရေးဆရာဆန်းလွင်သည် ကလေးအရွယ်က မိဘအုပ်ထိန်းမှုအောက်တွင် မိဘများ၏ ဓလေ့ထုံးစံ အတိုင်းနေထိုင်ခဲ့သော်လည်း အရွယ်ရောက်လာသောအခါ တစ်မျိုးတစ်ဖုံ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်များ ပေါ်ပေါက်လာခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် စာပေများကို စတင်ရေးသားခဲ့ပြီး ငယ်စဉ်ကပင် စာရေးဆရာဖြစ်လိုသည့် ဆန္ဒရှိခဲ့သည်။ အသက်(၁၇)နှစ်အရွယ် (၁၉၅၅) ခုနှစ်တွင် (၁၀)တန်းအောင်ခဲ့သည်။ ၁ဝတန်းအောင်ပြီးသောအခါ ရန်ကုန်သို့ရောက်ရှိခဲ့ပြီး ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ (ကုန်သွယ်ရေး-၁)ရုံးတွင် အောက်တန်းစာရေး၊ အထက်တန်းစာရေးအလုပ်များ လုပ်ခဲ့သည်။ ငယ်စဉ်က မိရိုးဖလာအရ ဗုဒ္ဓဘာသာဝင်မဟုတ်ခဲ့ပေ။ အသက် (၁၈) နှစ်အရွယ်တွင် မိဘများ၏ဘာသာအပြင် အခြားဘာသာအယူဝါဒများကိုလည်း လေ့လာခဲ့သည်။ ၁၉၅၈ - ဝတ္ထုများရေးသားကာ စာပေနယ်သို့ ရောက်ရှိခဲ့။ အသက် (၂၀)အရွယ်တွင် ကွန်မြူနစ်ဝါဒကို လေ့လာ ပြီးနောက် အခြားအယူဝါဒများကို စွန့်ပယ်ခဲ့သည်။ သက်ကြီးတက္ကသိုလ် တက်၍ ဘဝကို ရုန်းကန်ခဲ့သည်။ စာရေးဆရာ ဖြစ်ချင်သည့် ဦးဆန်းလွင်သည် တက္ကသိုလ်ကျောင်းသားဘဝတွင် မြန်မာစာ မြတ်နိုးစိတ်ဖြင့် စာပေကို လေ့လာလိုက်စားခဲ့သည်။ တက္ကသိုလ်မြန်မာစာအသင်းဖွဲ့သောအခါ အမှုဆောင်အဖြစ် ဝင်ရောက်ဆောင်ရွက်ကာ အသင်းမှ ကျင်းပသော စကားရည်လုပွဲများ၌ ပါဝင်ယှဉ်ပြိုင်ပြီး ဆုများ ရရှိခဲ့သည်။ ထို့ပြင် လူဝင်မှုကြီးကြပ်ရေးရုံး၌ လက်ထောက်လူဝင်မှုကြီးကြပ်ရေးအရာရှိ၊ တရားစွဲအရာရှိအဖြစ် အမှုထမ်းခဲ့သည်။

အစောပိုင်း စာအုပ်များ[ပြင်ဆင်ရန်]

စာပေလောကသို့ ထိုအချိန်မှ စ၍ ဝင်ရောက်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ‘အသည်းလမ်းမှာ လျှောက်လာပါ’၊ ‘ဒေါက်တာ မော်လီမိုး’၊ ‘သစ္စာနယ်လွန်သူရယ်’၊ ‘မုန်းသံသရာချေ’ စသည့် ကာလပေါ် ဝတ္ထုများ ထုတ်ခဲ့သည်။ ဝတ္ထုထုများ လှိုင်⁠လှိုင်ထွက်နေသကဲ့သို့ တစ်ဖက်မှလည်း သူသည် လူဝင်မှုကြီးကြပ်ရေး အရာရှိအဖြစ်လည်းကောင်း၊ အလွတ်ပညာသင် ကျောင်းဆရာအဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ၁၉၆၂ ခုတွင် ဒဿနိကဗေဒ ဂုဏ်ထူးဖြင့် ဝိဇ္ဇာ (ရွှေတံဆိပ်) ရကာ မဟာဝိဇ္ဇာတန်းကို ဆက်လက်သင်ကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာနတွင် နည်းပြဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း ‘သျှင်ဥက္ကဋ္ဌသို့ ပြန်ကြားချက်’ နှင့် ‘ရွှေဥဒေါင်းသို့ ပြန်ကြားချက်’ ဟူသော စာအုပ်နှစ်အုပ်ကို ရေးသားခဲ့သည်။

နည်းပြဆရာ[ပြင်ဆင်ရန်]

ရန်ကုန်ဝိဇ္ဖာနှင့်သိပ္ပံတက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေရာမှ မြစ်ကြီးနားကောလိပ်သို့ ပြောင်းရွှေ့တာဝန်ထမ်းရသည်။ ထိုအခါ ကချင်ပြည်နယ် နေရာအနှံ့ လှည့်လည်လျောက်သွားရင်း အတွေ့အကြုံများကို ၁၉၆၅ - ၆၆ တွင် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ၌ ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၆၇ ခုနှစ် မြစ်ကြီးနားကောလိပ်မှ ရန်ကုန် ဝိဇ္ဖာသိပ္ပံတက္ကသိုလ် ပြန်လည်ရွှေ့ပြောင်း၍ ၁၉၇၁ ခု တွင် ဒေါက်တာခင်မောင်ဝင်းနှင့် တွဲဖက်၍ ‘အခြေခံ ယုတ္တိဗေဒကျမ်း’ ကို ပြုစုခဲ့သည်။ ၁၉၇၂ ခုတွင် ကထိကရာထူးဖြင့် ပညာလောကမှ အငြိမ်းစားယူခဲ့သည်။ ၁၉၆၈ ခုတွင် အေးစာပေတိုက်မှ ထုတ်ဝေသော ‘ဖဲသမား’ ဝတ္ထု (ဘာသာပြန်) ဖြင့် အမျိုးသားစာပေ (စတုတ္ထဆု) ရရှိခဲ့သည်။

ရုပ်ရှင်လောက[ပြင်ဆင်ရန်]

၁၉၆၈ ခုတွင် ရုပ်ရှင်လောကသို့ ဇာတ်ညွှန်းရေးဆရာ အဖြစ် စတင်ဝင်ရောက်ခဲ့သည်။ ထို့နောက် ဒါရိုက်တာနန္ဒမင်းခေါင် အမည်ဖြင့် ရုပ်ရှင်ကားများ ရိုက်ကူးခဲ့သည်။ ထို့နောက် ဆန်းလွင် ရုပ်ရှင်သရုပ်ဆောင်သင်တန်းကို ဖွင့်လှစ်ခဲ့သည်။ ၁၉၇၂ တွင် ရုပ်ရှင်အနုပညာနှင့် ‘ရုပ်ရှင်အတတ်ပညာအခြေခံများ’ စာအုပ်ကို ရေးသားထုတ်ဝေသည်။မျက်နှာငယ်ရမှာက မောင့်ချစ်ဦး၊ လောကကိုအလှဆင်မယ်၊ ဝံပုလွေနှင့် လှယမင်း၊ ငါ့ညီ ငါ့မြေငါ့အမေ၊ လကွယ်မိုးနှောင်၊ မနော်ဟရီအလှ စသည်ဖြင့် ရုပ်ရှင်ဇာတ်ကားများ၌ အနုပညာတစ်နေရာမှ ဦးဆောင်လှုပ်ရှားခဲ့။ ထို့နောက် ဆန်းလွင်သရုပ်ဆောင်သင်တန်း ကို ဖွင့်လှစ်၍သရုပ်ဆောင်သစ်များ မွေးထုတ် ပေးခဲ့။

ဘာသာတရားတွေ့ရှိခြင်း[ပြင်ဆင်ရန်]

အသက် (၃၂) နှစ်အရွယ်တွင် ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက သူ့အား ကမ္ဘာအေးကုန်းမြေရှိ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ် စာကြည့်တိုက်သို့ လွှတ်၍ ဗုဒ္ဓ၏ ကိုယ်ကျင့်တရားပညာ (Buddhist Ethics) ကို သုတေသန ပြုရန် လမ်းညွှန်ခဲ့သည်။ ထိုမှ စ၍ သူသည် ဗုဒ္ဓဘာသာ အယူဝါဒကို စနစ်တကျ လေ့လာလိုက်စားခဲ့သည်။ ထိုစဉ်တွင်ပင် သူ၏ ဆရာမ ရီနာဆာကားအိမ်တွင် ကျေးဇူးရှင် တောင်ပုလုဆရာတော်ကြီးကို ဖူးခွင့်ရသည်။ သိလိုသော ပြဿနာပုစ္ဆာများအား ဆရာတော်ကြီးကို မေးခွင့်ရသည်။ ဆရာတော်ကြီးက တိုက်ရိုက်မဖြေဘဲ ပဋိပုစ္ဆာဗျာကရဏနည်းဖြင့် မေးခွန်းမေး၍ ပြန်ဖြေသည်။ ၁၉၇၃ ခုနှစ်တွင် ဘာသာရေးနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာကို တစ်သက်တာကာလပတ်လုံး ဆည်းကပ်သွားရန်ဆုံးဖြတ် ကာ ဗုဒ္ဓဘာသာဝင်အဖြစ် ခိုင်ခိုင်မာမာခံယူခဲ့သည်။

စာရေးဆရာ ဆန်းလွင် ပြုစုခဲ့သော စာအုပ်များအနက် ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း၊ သစ်စာဉာဏ်ပွင့် ဒဿန၊ ဘုံစဉ် ဒဿန၊ သေခြင်းဒဿန၊ ဗုဒ္ဓဘာသာ သိမှတ်ဖွယ်ရာများ၊ ထေရဝါဒ အုတ်မြစ်အဖွင့်၊ ဝိပဿနာရှုနည်း လက်စွဲကျမ်း၊ ယောဂီလက်စွဲကျမ်း တို့ ဖြစ်သည်။ ဦးဆန်းလွင်သည် အသက် (၃၅) နှစ်တွင် ဗုဒ္ဓဘာသာဝင် အဖြစ် ခံယူကာ အသက် (၅၈) နှစ် (၁၉⁠၉၆) တွင် အရှင်အာဒိစ္စရံသီဘွဲ့ဖြင့် ရဟန်းအဖြစ် ခံယူခဲ့သည်။ ရဟန်းဘဝတွင် ဗုဒ္ဓဘာသာသင်တန်းများဖွင့်၍ ပို့ချပေးခဲ့သည်။

တောင်ငူမြို့ ရွှေမင်းဝန်ကျောင်းတိုက်ဆရာတော်အဖြစ်နှင့် ဘာသာရေး၊ သာသနာရေး လုပ်ငန်းများကို ဆောင်ရွက်တော်မူရင်း ၂၀ဝ၂ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

ရေးသားပြုစုခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

၁။ဖီလိုဆိုဖီ ကကြီးခခွေး

၂။ရုရှားတွေးခေါ်ရှင်ကြီးများ

၃။တရုတ်တွေးခေါ်ရှင်ကြီးများ

၄။ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ

၅။အိုင်းစတိုင်း(၂-တွဲ)

၆။ဖဲသမား

၇။ရုပ်ရှင်အနုပညာနှင့်အတတ်ပညာ

၈။ကျူရိုးရှင်

၉။ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း(၄-တွဲ)

၁၀။ရွှေတောင်တက်ဒဿန

၁၁။တရားတွေ့ဖို့ ချမ်းမြေ့ဖို့

၁၂။သစ္စာဉာဏ်ဖွင့် ဒဿန

၁၃။ကိုယ်တွေ့ဝါပဿနာ

၁၄။ဓမ္မဒဿနစာစု

၁၅။ဉာဏ်လမ်းပေါ်လျှောက် လူတစ်ယောက်အကြောင်း

ကိုယ်ရေးအကျဉ်း[ပြင်ဆင်ရန်]

၁၉၃၈ - ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်၊ ကြာသပတေးနေ့တွင် ရခိုင်ပြည်နယ် သံတွဲမြို့၌ အဖ-ဦးဘိုးညွန့်၊ အမိ-ဒေါ်လှကြီးတို့မှ ဖွားမြင်ခဲ့သည်။ အမည်ရင်း ဦးဆန်းလွင်ဖြစ်သည်။

၁၉၅၃ ခုနှစ်တွင် စာပေများကို စတင်ရေးသားခဲ့ပြီး ငယ်စဉ်ကပင် စာရေးဆရာဖြစ်လိုသည့် ဆန္ဒရှိခဲ့သည်။ အသက်(၁၇)နှစ်အရွယ် (၁၉၅၅) ခုနှစ်တွင် (၁၀)တန်းအောင်ခဲ့သည်။

၁၉၅၆ - မိရိုးဖလာအရ ဗုဒ္ဓဘာသာဝင်တစ်ဦးမဟုတ်ခဲ့။ အခြားဘာသာအယူဝါဒများလေ့လာ။

၁၉၅၈ - ဝတ္ထုများရေးသားကာ စာပေနယ်သို့ ရောက်ရှိခဲ့။ အသက် (၂၀)အရွယ်တွင် ကွန်မြူနစ်ဝါဒကို လေ့လာ ပြီးနောက် အခြားအယူဝါဒများကို စွန့်ပယ်ခဲ့။ သက်ကြီးတက္ကသိုလ်သို့ တက်ရောက်၍ ဘဝကိုရုန်းကန်ခဲ့။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးရုံးတွင် လက်ထောက်လူဝင်မှုကြီးကြပ်ရေးအရာရှိ၊ တရားစွဲအရာရှိအဖြစ် အမှုထမ်းခဲ့။

၁၉၆၁ - အသဲလမ်းဝယ် လျှောက်ခဲ့ပါ၊ ဒေါက်တာမော်လီမိုး၊ သစ္စာနယ်လွန်သူရယ်၊ မုန်းသံသရာချေ၊ မုန်း ဆက်ဆက်မရွယ် စသောဝတ္ထုများထွက်။ ရှင်ဥက္ကဋ္ဌသို့ ပြန်ကြားချက်- စာအုပ်ထွက်။

၁၉၆၂ - ဒဿနိက ဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ (ရွှေတံဆိပ်)ရရှိကာ မဟာဝိဇ္ဇာတန်းကို ဆက်လက်တက်ရောက်သင် ကြားခဲ့ပြီး ဒဿနိကဗေဒဌာနတွင် နည်းပြအဖြစ်နှင့် ဝင်ရောက်လုပ်ကိုင်ခဲ့။ ထိုအချိန်တွင် ဒဿနိကဗေဒပညာနှင့် ပတ်သက်သော ကျမ်းများပြုစုခဲ့။

၁၉၆၃ - ရွှေဥဒေါင်းသို့ ပြန်ကြားချက်နှလုံးသားကိုယူ စာအုပ်များထွက်။

၁၉၆၄ - ဖီလိုဆိုဖီ ကကြီးခခွေး စာအုပ်ထွက်။

၁၉၆၅ - သွေးကသစ္စာဆိုလိမ့်မည် ဝတ္ထုထွက်။

၁၉၆၅ - ၆၆ - မြစ်ကြီးနားကောလိပ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စဉ် ကချက်ပြည်နယ်ဦးစီးအဖွဲ့နှင့် လမ်းစဉ်ပါတီတိုင်းခွဲ(၅) တိုင်းကြီးကြပ်ရေးကော်မတီက တာဝန်ပေးချက်အရ ကချင်ယဉ်ကျေးမှုသမိုင်းကို သုတေ သနပြုခဲ့။ ယင်းအတွေ့အကြုံများကို 'လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတွင် ဆောင်းပါးများရေးသားတင်ပြခဲ့။

၁၉၆၆ - ရုရှားတွေးခေါ်ရှင်ကြီးများ၊ တရုတ်တွေးခေါ်ရှင်ကြီးများ၊ ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ၊ ဝေဖန်ရေး ရှုထောင့် စသော စာအုပ်များထွက်။ ၁၉၆၇ - မြစ်ကြီးနားကောလိပ်မှ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့။ ကမ္ဘာကျော် သိပ္ပံ ပညာရှင်ကြီး အိုင်းစတိုင်း၊ ဘာထရန်ရပ်ဆယ်ဘဝ၊ မောင့်ချစ်နှမမော်လီမိုး၊ အာရေဗျသူရဲကောင်း (အောင်နိုင်ဦး နှင့်တွဲဖက်ဘာသာပြန်)့စသော စာအုပ်များထွက်။

၁၉၆၈ - ဖဲသမား(ရုရှား စာရေးဆရာကြီး ဒေါ့စတော့ယက်စကီ၏ (The Gambler ဝတ္ထု) ဘာသာပြန်ထွက်။ (ထိုနှစ်အတွက် အမျိုးသားစာပေ-ဘာသာပြန် စတုတ္ထဆုရရှိ။) ရှိတ်စပီးယား၏ အလွမ်းအသောပုံဝတ္ထုများ၊ ရယ်စရာလွမ်းစရာဝတ္ထုများ၊ ဆန်းသစ်တီထွင် ဖန်တီးရှင်များ စသောစာအုပ်များထွက်။ ထိုနှစ်တွင်ပင် ရုပ်ရှင် လောကသို့ ဇာတ်ညွှန်းရေးဆရာအဖြစ် ဝင်ရောက်ခဲ့။ ထို့နောက် ဝတ္ထုရေးသူ၊ ဒါရိုက်တာနန္ဒမင်းခေါင်အမည်ဖြင့် ဦးဆောင်လုပ်ကိုင်ခဲ့။ မျက်နှာငယ်ရမှာက မောင့်ချစ်ဦး၊ လောကကိုအလှဆင်မယ်၊ ဝံပုလွေနှင့် လှယမင်း၊ ငါ့ညီ ငါ့မြေငါ့အမေ၊ လကွယ်မိုးနှောင်၊ မနော်ဟရီအလှ စသည်ဖြင့် ရုပ်ရှင်ဇာတ်ကားများ၌ အနုပညာတစ်နေရာမှ ဦးဆောင်လှုပ်ရှားခဲ့။ ထို့နောက် ဆန်းလွင်သရုပ်ဆောင်သင်တန်း ကို ဖွင့်လှစ်၍သရုပ်ဆောင်သစ်များ မွေးထုတ် ပေးခဲ့။

၁၉၇၁ - ဒေါက်တာ ခင်မောင်ဝင်း(ဒဿနိက)နှင့်တွဲ၍ အခြေခံယုတ္တိဗေဒကျမ်း ကို ပြုစုခဲ့။ ၁၉၇၂ - ကထိကရာထူးဖြင့် အငြိမ်းစားယူခဲ့။ ရုပ်ရှင်အနုပညာနှင့် ရုပ်ရှင်အတတ်ပညာအခြေခံများ စာအုပ် ထွက်။

၁၉၇၃ - ဘာသာရေးနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာကို တစ်သက်တာကာလပတ်လုံး ဆည်းကပ်သွားရန်ဆုံးဖြတ် ကာ ဗုဒ္ဓဘာသာဝင်အဖြစ် ခိုင်ခိုင်မာမာခံယူခဲ့။

၁၉၈၆ - ကျူရိုးရှင် ဘာသာပြန်ဝတ္ထုထွက်။

၁၉၈၇ - ထိပ်ဆုံးကစပိုင် ဝတ္ထုထွက်။

၁၉၈၈ - ၈၉ - အသက်(၅၀)အရွယ်တွင် ဝိပဿနာတရားကို အားထုတ်ခဲ့ပြီး ထိုနှစ်တွင်ပင် ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူတစ်ယောက်အကြောင်း ကိုယ်ရေးအတ္ထုပ္ပတ္တိ(၄)တွဲကို ပြုစုရေးသားထွက်ရှိ။(၁၉၉၃ခုနှစ်တွင် ဒုအကြိမ် ပြန်ထွက်ခဲ့။)

၁၉၈၉ - ရွှေတောင်တက် ဒဿန စာအုပ်ထွက် (၁၉၉၁၊ ၂၀၀၀-ခုနှစ်များတွင်ပြန်ရိုက်)။ ၁၉၉၀ - တရားတွေ့ဖို့ ချမ်းမြေ့ဖို့၊ သစ္စာဉာဏ်ဖွင့် ဒဿန၊ စာအုပ်များထွက်။

၁၉၉၂ - ကိုယ်တွေ့ဝိပဿနာ စာအုပ်ထွက်။

၁၉၉၆ - အရှင်အာဒိစ္စရံသီ ဘွဲ့အမည်ဖြင့် ရဟန်းအဖြစ်ခံယူ။ ဓူတင်ဆောင်ရဟန်းအဖြစ် တောထွက် တရား အားထုတ်။

၁၉၉၇ - ဝိပဿနာရှုနည်းလက်စွဲကျမ်း၊ ယောဂီလက်စွဲကျမ်း စာအုပ်များထွက်။

၁၉၉၈ - ရဟန်း(၂)ဝါအရ၊ သက်တော်(၆၀)တွင် ပညာဖြန့်ဖြူးရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ ဗုဒ္ဓဘာသာဝင်များအကျိုးငှာ အလွတ်သင်အခြေပြု ဝိပဿနာသင်တန်း(Free Lance Vipassanna Course)ကို ပို့ချပေးခဲ့။

၁၉၉၈ - ဓမ္မဒဿနစာစု၊ အတွေးအမြင်ဆောင်းပါးများ၊ ဗုဒ္ဓဘာသာသိမှတ်ဖွယ်ရာများ စသောစာအုပ်များ ထွက်။

၁၉၉၉ - ထေရဝါဒအုတ်မြစ်များအဖွင့်၊ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဝိပဿနာရှုနည်းလက်စွဲကျမ်း စသော စာအုပ်များထွက်။

၂၀၀၀ - ဘုံစဉ်စံဘဝ လမ်းပြဒဿန စာအုပ်ထွက်။

၂၀၀၁ - အိုင်စတိုင်း သူ့ဘဝ သူ့အတွေးအခေါ်သေခြင်းဒဿန စာအုပ်များထွက်။ ထိုနှစ်ဆန်းမှစ၍ ပရိသတ်ကိုစွန့်ပြီး အဓိဌာန်ဆောင်ရွက်။

၂၀၀၂ - ထိုနှစ်မှစ၍ လောကုတ္တရစရိယကိုဆောင်ရွက်။

၂၀၀၃ - ဉာဏ်လမ်းပေါ်လျှောက် လူတစ်ယောက်အကြောင်းဖြစ်တည်မှုဝါဒဆိုင်ရာ စာအုပ်များထွက်။ ထိုနှစ်ဆန်းမှစ၍ တရားစခန်းနှင့်တရားပွဲများကို ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် အနယ်နယ်တွင် ပြန်လည်ကျင်းပ ရန်စီစဉ်ဆဲ (၂၆ရက် ၁၁လပိုင်း ၂၀၀၃ခုနှစ်)နေ့ ည(သက်တော် ၆၅နှစ်)တွင် တောင်ငူမြို့ ရွှေမင်းဝန်ကျောင်းတိုက် ဆရာတော်အဖြစ်နှင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့။

ဆရာဆန်းလွင်သည် ဓမ္မ္မရုပ်စုံမဂ္ဂဇင်းတွင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ တက္ကသိုလ်အောင်မှူး အမည်ဖြင့်လည်းရေးခဲ့။