ဆန်နေးလ် မီတယ်

ဝီကီပီးဒီးယား မှ
ဆန်နေးလ် မီတယ်
ဆန်နေးလ် မီတယ်
မွေးသက္ကရာဇ် (1957-10-23) ၂၃ အောက်တိုဘာ၊ ၁၉၅၇ (အသက် ၆၆)
လူဒီယာနာ၊ ပန်ဂျပ်၊ အိန္ဒိယ
နိုင်ငံသား အိန္ဒိယ
ပညာရေး ပန်ဂျပ် တက္ကသိုလ်
အလုပ်အကိုင် Bharti Enterprises ၏ အမှုဆောင်အရာရှိချုပ် နှင့် ဥက္ကဋ္ဌ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၇.၈ ဘီလျံ
ကြင်ဖော် Nyna
သားသမီး ၃ ယောက်

ဆန်နေးလ် ဘဟာသီ မီတယ် (सुनील भारती मित्तल)ကို ၁၉၅၇ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ဆက်သွယ်ရေးလောက၌ အရေးပါသူ၊ လူမှုရေးကူညီတတ်သူ၊ Bharti Enterprise ၏ တည်ထောင်သူ ဥက္ကဋ္ဌနှင့် စီမံသူဒါရိုက်တာတစ်ဦးဖြစ်သည်။

၇.၂ ဘီလျံဒေါ်လာလည်ပတ်ငွေကြေးကြောင့် ကုမ္ပဏီသည် အာရှနှင့်အာဖရိက ၁၉ နိုင်ငံမှ သုံးစွဲသူပေါင်း ၁၉၀ မီလျံကျော်ဖြင့် အိန္ဒိယ၏ အကြီးဆုံး GSM-အခြေခံ မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုနှင့် ကမ္ဘာ့ပဉ္စမမြောက်အကြီးဆုံး ဝိုင်ယာလက်စ် ကုမ္ပဏီတို့ကို လည်ပတ်စီမံနေသည်။

သူသည် (ယခင် MP)ဖြစ်သော Sat Paul နှင့် Lalita တို့၏ သားဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် သူသည် အိန္ဒိယ၏ တတိယအမြင့်ဆုံးလူမှုရေးဘွဲ့တံဆိပ်ဖြစ်သည့် Padma Bhushan ဆုကို ချီးမြှင့်ခံခဲ့ရသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဆန်နေးလ် မီတယ် ကို အိန္ဒိယနိုင်ငံ ပန်ဂျပ် ပြည်နယ် Ludhiana တွင် မွေးဖွားခဲ့သည်။ သူ၏ ဖခင်ဖြစ်သူ ဆက် ပေါလ် မီတယ် သည် Lushiana ၏ ပါလီမန်အဖွဲ့ဝင်(M.P) ဖြစ်ခဲ့ဖူးသည်။ သူသည် Mussoorie ရှိ Wynberg Allen ကျောင်းကို တက်ခဲ့ပြီး နောက်ပိုင်းတွင် Gwalior ရှိ Scindia ကျောင်းကိုပြောင်းရွှေ့ခဲ့ကာ ၁၉၇၆ ခုနှစ်တွင် ဝိဇ္ဇာသိပ္ပံဘွဲ့ကို Chandigarh ရှိ Punjab တက္ကသိုလ်မှ ရရှိခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် သူ့ဖခင်သည် ရုတ်တရက် နှလုံးရပ်ကာ သေဆုံးခဲ့သည်။

စီးပွားရေးလုပ်ငန်းစွန့်စားမှုများ[ပြင်ဆင်ရန်]

ပထမဆုံးသောကုန်သည်မျိုးဆက်ဖြစ်သည့် Mittal သည် အသက် ၁၈ နှစ်အရွယ် ၁၉၇၆ ခုနှစ်တွင် သူ၏ ပထမဆုံးစီးပွားရေးလုပ်ငန်းကို သူ၏ဖခင်ထံမှ ရူပီး ၂ သောင်း ( ၅၀၀ ဒေါ်လာ)ချေးယူပြီး ရင်းနှီးမြှုပ်နှံခြင်းဖြင့် စတင်ခဲ့သည်။ သူ့ ပထမဆုံးလုပ်ငန်းမှာ ဒေသတွင်းစက်ဘီးထုတ်လုပ်သူများအတွက် လက်ကိုင်အကာများ ပြုလုပ်ပေးခြင်းဖြစ်သည်။ ၁၉၈၀ ခုနှစ်တွင် သူ၏ ညီများဖြစ်သော Rakesh, Rajan တို့နှင့်အတူ Bharti ပြည်ပကုန်သွယ်မှု ကော်ပိုရေးရှင်းအမည်ရှိသော သွင်းကုန်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည်။

သူသည် စက်ဘီးပစ္စည်းများရောင်းဝယ်ခြင်းဖြင့် စက်ရုံများကို ပိုင်ဆိုင်လာပြီး မွန်ဘိုင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် သူသည် ပန်ဂျက် ရှိ ကုန်ထုတ်လုပ်သောကုမ္ပဏီများထံမှ သွင်းကုန်လိုင်စင်ကို ဝယ်ယူခဲ့သည်။

ထို့နောက် သူသည် စူဇူကီးမော်တာ၏ သယ်ရလွယ်သော လျှပ်စစ်ထုတ် ဂျင်နရေတာထောင်ပေါင်းများစွာကို ဂျပန်မှ သွင်းယူခဲ့သည်။ ဂျင်နရေတာများသွင်းယူခြင်းလုပ်ငန်းကို အိန္ဒိယအစိုးရက ရုတ်တရက်တားမြစ်ခဲ့ပြီး ဂျင်နရေတာ လုပ်ငန်းလိုင်စင်ကိုလည်း အိန္ဒိယရှိကုမ္ပဏီ ၂ ခုကိုသာ ပေးခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် သူယခင်က ထိုင်ဝမ်ကုမ္ပဏီ Kingtel မှ သွင်းယူခဲ့ဖူးသော ခလုတ်နှိပ်ဖုန်းများကို အိန္ဒိယ၌ စတင်မိတ်ဆက်ခဲ့ပြီး ထိုစဉ်က နိုင်ငံအတွင်းအသုံးပြုနေသော ရှေးရိုးပုံစံဖြစ်သည့် လက်လှည့်ဖုန်းများနေရာကို အစားထိုးနိုင်ခဲ့သည်။

Bharti Telecom Limited (BTL) သည် ဂျာမဏီ Siemens AG နှင့်အတူ ပူးပေါင်း၍ နည်းပညာနယ်ပယ်ထဲသို့ ဝင်ရောက်လာခဲ့ပြီး လျှပ်စစ်သုံး ခလုတ်နှိပ်ဖုန်းများကို ထုတ်လုပ်ခဲ့ကြသည်။ ၁၉၉၀ နှစ်ဦးပိုင်းများတွင် မီတယ် သည် ဖက်စ်စက်များ၊ ကော့ဒလက်ဖုန်းများနှင့် အခြားဆက်သွယ်ရေး ပစ္စည်းများကို ထုတ်လုပ်ခဲ့သည်။

သူကပြောသည်မှာ “၁၉၈၃ တုန်းက အစိုးရက ဂျင်နရေတာတွေ သွင်းတာကို တားမြစ်တယ်၊ ကျွန်တော် ညလုံးပေါက်တွေ အလုပ်လုပ်ခဲ့ရတာ၊ ကျွန်တော်လုပ်ခဲ့သမျှတွေဟာလည်း လုံးဝရပ်တန့်သွားရတယ်၊ ကျွန်တော် ဒုက္ခရောက်ခဲ့ပါတယ်၊ အဲဒီတုန်းက မေးခွန်းပေါ်ခဲ့တာက ငါထပ်ပြီး ဘာလုပ်သင့်သလဲလို့ပေါ့၊ နောက်တော့ အခွင့်အရေးက ပေါ်လာတာပဲ၊ ကျွန်တော် ထိုင်ဝမ်ရောက်နေတုန်း အိန္ဒိယမှာ မမြင်ဖူးသေးတဲ့ ခလုတ်ဖုန်းတွေ သိပ်ခေတ်စားတာ သတိထားမိတယ်၊ ကျွန်တော်တို့က လက်နဲ့လှည့်ခေါ်ရတဲ့ အမြန်ခေါ်မရ ပြန်ခေါ်မရတဲ့ဟာတွေကို သုံးနေတုန်း၊ အခွင့်အရေးကိုယူပြီး ဆက်သွယ်ရေးပစ္စည်းလုပ်ငန်းကို စတင်ခဲ့ပါတယ်၊ Beetel ဆိုတဲ့နာမည်နဲ့ တယ်လီဖုန်းတွေ၊ ဖုန်းဖြေစက်၊ ဖက်စ်စက်တွေကို ဈေးကွက်လိုက်ဖြန့်တော့ ကုမ္ပဏီတွေက တကယ်မြန်မြန်ကို လက်ခံခဲ့ကြတယ်”

သူသည် သူ၏ ပထမဆုံးသော ခလုတ်ဖုန်းကို “Mitbro”ဟု နာမည်ပေးခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် သူသည် အိန္ဒိယတွင် လေလံတင်ခဲ့သော မိုဘိုင်းလ်ဖုန်းကွန်ယက်လိုင်စင် ၄ ခုအနက် တစ်ခုကို အောင်မြင်စွာ ရယူနိုင်ခဲ့သည်။ ဒေလီဆယ်လူလာလိုင်စင်အတွက် ရရှိရန်နည်းမှာ လေလံဆွဲသူသည် ဆက်သွယ်ရေးအော်ပရေတာ အဖြစ် အတွေ့အကြုံရှိရမည်ဖြစ်သည်။

ထို့ကြောင့် သူသည် ပြင်သစ်ဆက်သွယ်ရေးအဖွဲ့ဖြစ်သော Vivendi နှင့် သဘောတူညီမှု တစ်ခု ထားခဲ့သည်။ သူသည် မိုဘိုင်းလ်ဆက်သွယ်ရေးလုပ်ငန်းကို အဓိကဖွံ့ဖြိုးမှုဒေသများအဖြစ် သက်သေပြထားမည့် အိန္ဒိယ ကုန်သွယ်စီးပွားရေးသမားများထဲမှ တစ်ဦးဖြစ်သည်။ နောက်ဆုံး၌ သူ၏ အစီအစဉ်များကို ၁၉၉၄ ခုနှစ်တွင် အစိုးရက အသိအမှတ်ပြုခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ဒေလီ၌ Bharti Cellular Limited (BCL) ကို် တည်ထောင်ကာ AirTel တံဆိပ်ဖြင့် ဆယ်လူလာဝန်ဆောင်မှုများပေး၍ သူ၏ဝန်ဆောင်မှုများကို စတင်ခဲ့သည်။

နှစ်အနည်းငယ်အတွင်းပင် Bharti သည် မိုဘိုင်းလ်အသုံးပြုမှု ၂ သန်းကျော်ဖြင့် ပထမဆုံးသော ဆက်သွယ်ရေးကုမ္ပဏီဖြစ်ခဲ့သည်။ ဘဟာသီ က “Indiaone”အမှတ်တံဆိပ် အိန္ဒိယ၏ STD/ISD ဆယ်လူလာနှုန်းများကိုပါ ဝယ်ယူခဲ့သည်။

IndiaOne သည် အိန္ဒိယ၏ ပထမဆုံးသော ပုဂ္ဂလိကပိုင် ပြည်တွင်းနှင့်နိုင်ငံတကာ အဝေးခေါ်ဆိုခြင်း ဝန်ဆောင်မှုပေးသူဖြစ်ပြီး ထို့ကြောင့်ပင် Bharti က ဝန်ဆောင်မှုများကို ဈေးသက်သက်သာသာပေးခြင်းဖြင့် အောင်မြင်ခြင်း၏ အဓိက အစိတ်အပိုင်းဖြစ်လာသည်။ ၂၀၀၆ ခုနှစ် နိုဝင်ဘာလတွင် အိန္ဒိယတဝှမ်းလုံး၌ လက်လီစတိုးများစွာကို ဖွင့်လှစ်ရန်အတွက် အမေရိကန် လက်လီကုမ္ပဏီကြီးဖြစ်သော Wal-Mart နှင့် အကျိုးတူလုပ်ကိုင်ရန် သဘောတူခဲ့သည်။

၂၀၀၆ ခုနှစ် ဇူလိုင်လတွင် Reliance ADAG, NIS Sparta တို့မှ အဓိက အမှုဆောင်များကို ဆွဲဆောင်စည်းရုံး၍ Bharti Comtel ကို ဖန်တီးခဲ့သည်။ ၂၀၀၈ ခုနှစ် မေလတွင် ဆန်နေးလ် ဘဟာသီ မီတယ်သည် အာဖရိကနှင့် အာရှအလယ်ပိုင်း ၂၁ နိုင်ငံတို့၌ လွှမ်းမိုးထားသော တောင်အာဖရိက အခြေစိုက် ကြေးနန်းနှင့်ဖုန်းဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် MTN Group ကို ဝယ်ယူရန် ဖြစ်နိုင်ချေများကို စူးစမ်းနေသည်ဟု ဆိုကြသည်။

Financial Times က ဖော်ပြခဲ့သည်မှာ သူသည် MTN တွင် ၁၀၀%မြှုပ်နှံရန်အတွက် ၄၅ ဘီလျံဒေါ်လာ ပေးရန် စဉ်းစားခဲ့ပြီး ထိုကိစ္စသည် အိန္ဒိယအဖွဲ့အစည်းမှ နိုင်ငံခြားသို့ ရင်းနှီးမြှုပ်နှံမှု အကြီးဆုံးဖြစ်လာနိုင်သည်ဟု ဆိုသည်။

သို့သော် နှစ်ဖက်စလုံးကပင် ကောလဟာလစကားများကို လေးနက်ငြိမ်သက်စေခဲ့ပြီး MTN သည် ဝယ်ယူအသုံးပြုသူပိုမိုများပြားပြီး အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနေသည့်အတွက် Economist မဂ္ဂဇင်းက “တခုခုဖြစ်လာပါက Bharti သည် ပိုမိုကောင်းမွန်လာမည်”ဟုဆိုခဲ့သည်။ ထိုပြောဆိုမှုများအားလုံးသည် MTN Group က Bharti ကို ကုမ္ပဏီလက်ခွဲသစ်တစ်ခုအနေဖြင့် ပေးခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုကို ပြောင်းပြန်လှန်လိုက်ခြင်းကြောင့် တိတ်ဆိတ်သွားခဲ့သည်။

၂၀၀၉ ခုနှစ် မေလတွင် Bharti Airtel က သူသည် MTN နှင့်ပြောဆိုပြီးစီးကာ ကုမ္ပဏီများက ၂၀၀၉ ဇူလိုင် ၃၁ အမှီ ယာယီလွှဲပြောင်းမှုကိုဆွေးနွေးရန် သဘောတူသည်ဟု ထပ်မံ အတည်ပြုခဲ့သည်။ သူပြောသည်မှာ “Bharti Airtel Ltd က MTN Group နဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ ထပ်မံကြိုးစားသွားမယ်ဆိုတာ ထုတ်ဖော်ပြောကြားလိုပါတယ်”

မကြာခဏ ဆွေးနွေးမှုများသည် သဘောတူညီမှုမရဘဲ ပြီးဆုံးသွားခဲ့ပြီး အချို့က ပြောသည်မှာ ထိုသို့ပြီးဆုံးသွားရခြင်းသည် တောင်အာဖရိကအစိုးရ၏ ဆန့်ကျင်မှုကြောင့်ဖြစ်သည်ဟု ဆိုသည်။


ကိုယ်ပိုင်မိသားစုဘဝ[ပြင်ဆင်ရန်]

မီတယ် သည် ဒေလီတွင်နေထိုင်သည်။ အိမ်ထောင်ရှိသူဖြစ်ပြီး သားသမီး ၃ ဦးရှိသည်။ သူ့ကို ၂၃ ရက်နေ့တွင်မွေးဖွားခဲ့ခြင်းကြောင့် ၂၃ ဂဏန်းကို အထူးယုံကြည်သူဖြစ်ပြီး လက်ထပ်ခြင်းကိုလည်း ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ စီးပွားရေးစွန့်စားမှုတစ်ခု မစတင်ခင်တိုင်းတွင် အသားစားခြင်းကို ရှောင်လေ့ရှိသည်။

လူမှုရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

သူသည် Bharti ဖောင်ဒေးရှင်းမှတဆင့် အိန္ဒိယပညာရေးကို ရှေးရှုလုပ်ဆောင်လေ့ရှိသည်။ ထိုဖောင်ဒေးရှင်းက အိန္ဒိယတွင် ကောလိပ်ကျောင်းသားများအတွက် ပညာတော်သင် အစီအစဉ်များအပါအဝင် ကျောင်းပေါင်း ၂၀၀ ကျော်နှင့် စာကြည့်တိုက်များကို တည်ထောင်ပေးခဲ့သည်။ ဖောင်ဒေးရှင်းတည်ထောင်လုပ်ဆောင်မှုများကြောင့် သူ့အား Barron ၏ ၂၀၀၉ ခုနှစ် ကမ္ဘာ့ထိပ်တန်း လူမှုကူညီသူများစာရင်းတွင် နံပါတ် ၁၆ အဖြစ်သတ်မှတ်ကြသည်။ သူသည် လန်ဒန်တွင်ပြုလုပ်သော ၂၀၁၀ ခုနှစ် အာရှထိပ်တန်းလူမှုရေးကူညီသူဆု ကိုရရှိခဲ့သည်။