ဆစ်ကမိုးပင်

ဝီကီပီးဒီးယား မှ

ဆစ်ကမိုးသစ်ပင်သည် ရုက္ခဗေဒအရ 'အက်စီရေးစီး အီး'မျိုးစုတွင် ပါဝင်သည်။ ထိုအပင်များကို အင်္ဂလန်နိုင်ငံတွင် အတွေ့ရများသော်လည်း အင်္ဂလန်တွင် စတင်ပေါက်ရောက်သော အပင်မျိုးမဟုတ်ပေ။ လွန်ခဲ့သော နှစ်ပေါင်း ၅ဝဝ ခန့်ကမှ အင်္ဂလန်ပြည် မြောက်ပိုင်းဒေသတွင် အများအားဖြင့် စိုက်ပျိုးကြသည်။ အသက်ရှည်သော အပင်မျိုးဖြစ်သည်။ ယခုအခါ ဆစ်ကမိုးပင်ကို သစ်သားအတွက် စိုက်ပျိုးကြသည်။ အသားသည် မေပယ်ပင်မျိုး၏ အသားကဲ့သို့ ဝါဖျော့ဖျော့ အရောင်ရှိ၍၊ အရောင်တင်လိုက်ပါက ပြောင်လက်တောက်ပလာသည်။

ရွက်လွှာတွင် အဟိုက် ၅ ခုရှိသည်။ အရွက်အနားသည် လွှသွားကဲ့သို့ ထစ်နေသည်။ အပွင့်များအနှံလိုက်ပွင့်ကြသည်။ အရောင်မှာ အစိမ်း သို့မဟုတ် အဝါဖြစ်သည်။ အသီးတွင် အတောင် ၂ ခုပါရှိသည်။ လေတိုက်လျှင်အသီးကလေးများသည် လေထဲသို့ ဝဲပျံသွားပြီးနောက် မြေသို့ကျသည်။ ထိုနေရာ၌ပင် အညှောက်ထွက်၍ အပင်ပေါက်သည်။ အပင်ငယ် အများအပြား ပေါက်လာသော်လည်း၊ လောင်းရိပ်မိခြင်း၊ မြေဩဇာညံ့ခြင်း၊ ကြွက်များဖျက်ဆီးခြင်းတို့ကြောင့် အရွယ်မရောက်မီ အပင်အများအပြား သေကုန်ကြသည်။ အပင်အနည်းငယ်ခန့်သာ တဖြည်းဖြည်း ကြီးရင့်လာသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)