ဆင်းဟား ဆာစိတ်တျင်ဒြာပီ

ဝီကီပီးဒီးယား မှ

ဆင်းဟား ဆာစိတ်တျင်ဒြာပီ (ခရစ် ၁၈၆၄-၁၉၂၈)[ပြင်ဆင်ရန်]

ပထမဗဲရွန်ရိုင်းပူးဖြစ်သူ စိတ်တျင်ဒြာ ပရပ်ဆာနို ဆင်း ဟားသည် ဗင်္ဂလားပြည်နယ်၊ ဗီယာဗွမ်းစီရင်စု ရိုင်းပူးရွာ၌ ၁၈၆၄ ခုနှစ် ဇွန်လတွင် ဖွားမြင်သည်။ ဆင်းဟားသည် ကလကတ္တားမြို့၊ ပရက်ဆီဒင်းစီး ကောလိပ်ကျောင်းတွင် ပညာ သင်ကြားခဲ့ပြီးနောက်၊ ထိုမှတစ်ဆင့် လန်ဒန်မြို့ လင်ကွန်းအင်း သို့ ၁၈၈၁ ခုနှစ်တွင် သွားရောက်သင်ကြားရာ၊ ပညာ၌ထူးချွန် သဖြင့် ဆုအမျိုးမျိုးရရှိလေသည်။ ၁၈၈၆ ခုနှစ်တွင် ဝတ်လုံ တော်ရဘွဲ့ကိုရရှိ၍ ဆင်းဟားသည် အိန္ဒိယပြည်သို့ပြန် လာပြီး လျှင်၊ ကလကတ္တားမြို့ တရားလွှတ်တော်၌ ဝတ်လုံတော်ရအဖြစ် ဖြင့် အသက်မွေးသည်။ ထို့နောက် ၁၉ဝ၃ ခုနှစ်တွင် အစိုးရ အားအကြံပေးရသော အမြဲတမ်းအရာရှိဖြစ်လာ၏။ ၁၉ဝ၈ ခုနှစ် တွင် ဆင်းဟား သည် အိန္ဒိယအမျိုးသားများထဲမှ ပထမဆုံး အကြိမ် ဗင်္ဂလားနယ်အစိုးရ ရှေ့နေချုပ်ကြီးအဖြစ်၎င်း၊ အိန္ဒိယ အစိုးရ အဖွဲ့ဝင်အမှုဆောင် ကောင်စီလူကြီးအဖြစ်၎င်း ခန့်အပ် ခြင်းခံခဲ့ရလေသည်။

ထို့နောက် ၁၉ဝ၉ ခုနှစ် ဧပြီလမှ ၁၉၁ဝ ပြည့်နှစ် နိုဝင် ဘာလအထိ တရားရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ပြီးလျှင်၊ ရာထူးမှနုတ်ထွက်ကာ ဝတ်လုံတော်ရအဖြစ် ပြန်လည်အသက် မွေးခဲ့လေသည်။

ဆင်းဟားသည် ၁၉၁၅ ခုနှစ်တွင် ဘုံဘိုင်မြို့၌ အိန္ဒိယ အမျိုးသားကွန်ဂရက်ညီလာခံတွင် သဘာပတိအဖြစ် ဆောင်ရွက် ခဲ့သည်။ ထိုစဉ်က သဘာပတိမိန့်ခွန်းမြွက်ကြားရာ၌ အိန္ဒိယ ပြည်တွင် ပါလီမန်အုပ်ချုပ်ရေးစနစ် ထူထောင်ပေးရန်အလို့ငှာ ဗြိတိသျှတို့၏ ဝါဒကို ထုတ်ပြန်ကြေညာသင့်ပြီဖြစ်ကြောင်း တိုက်တွန်းခဲ့၏။ ထို့နောက် ဆင်းဟားသည် ၁၉၁၇ ခုနှစ်တွင် လန်ဒန်မြို့၌ကျင်းပခဲ့သော အင်ပီးရီးယဲစစ်ကွန်ဖရင့်အစည်း အဝေးတွင်၎င်း၊ ၁၉၁၈ ခုနှစ်အတွင်းက အင်ပီးရီးယဲစစ်ကက်ဗိ နက်အဖွဲ့တွင်၎င်း၊ အိန္ဒိယနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ဆောင် ရွက်ခဲ့ရလေသည်။ ၁၉၁၇ ခုနှစ်မှာပင် ဗင်္ဂလားပြည်နယ် ဘုရင် ခံ၏ အမှုဆောင်ကောင်စီ တွင် ဝင်ရောက်အမှုထမ်းခဲ့ရသေး၏။ ၁၉၁၉ ခုနှစ်တွင် ပါရစ်မြို့ စစ်ပြေငြိမ်းရေး ညီလာခံကြီး ကျင်းပသောအခါ၊ ဆင်းဟားသည် စစ်ကက်ဗိ နက်အဖွဲ့ဝင် တစ်ဦးအနေဖြင့် အိန္ဒိယပြည်၏ ကိုယ်စားလှယ်တော်အဖြစ်ဖြင့် ဆောင်ရွက်ခဲ့ရသည်။

ဆင်းဟားသည် ၁၉၁၄ ခုနှစ်တွင် ဆာဘွဲ့ချီးမြှင့်သူ ကောင်းပြုခြင်းခံရသည်။ ၁၉၁၈ ခုနှစ်တွင်လည်း အိန္ဒိယအမျိုး သား ဝတ်လုံတော်ရများအား ပေးလေ့မရှိခဲ့သော ဘုရင့်အမိန့် တော်ရဝတ်လုံဂုဏ်ထူးကို ပေးအပ်ခြင်းခံရသည်။ ၁၉၁၉ ခုနှစ်၊ နှစ်ဦးတွင်ကား ဆင်းဟားသည် လွိုက်ဂျော့၏ အစိုးရအဖွဲ့တွင် အိန္ဒိယပြည်ဆိုင်ရာအတွင်းဝန်ကလေးအဖြစ် ဆောင်ရွက်ရကာ ဗဲရွန် ရိုင်းပူးဘွဲ့ဖြင့် မှူးမတ်မျိုးနွယ်အဖြစ် ချီးမြှင့်ခြင်းခံခဲ့ရလေ သည်။ ထို့နောက် ပရီဗီကောင်စီအဖွဲ့ဝင် လူကြီးတစ်ဦးဖြစ်လာ သည်။ ၁၉၁၉ ခုနှစ်၌ ဆင်းဟားသည် အထက်လွှတ်တော်တွင် ၁၉၁၉ ခုနှစ် အိန္ဒိယနိုင်ငံတော်အစိုးရ အက်ဥပဒေကို တင်သွင်း ခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်ကုန်ဆုံးခါနီးတွင်မူကား ဗီဟားနှင့် ဩရိဿပြည်နယ်များ၏ ဘုရင်ခံအဖြစ် အိန္ဒိယအမျိုးသားများ ထဲမှ ပထမဆုံးအကြိမ် ခန့်အပ်ခြင်းခံခဲ့ရလေသည်။ သို့သော် ဆင်းဟားသည် ကျန်းမာရေးချို့တဲ့မှုကြောင့် ၁၉၂၁ ခုနှစ်တွင် ရာထူးသက်တမ်းမစေ့မီပင် ဘုရင်ခံရာထူးမှ နုတ်ထွက်လိုက် ရ၏။ တစ်ဖန် ၁၉၂၆ ခုနှစ်၌ ဆင်းဟားသည် ပရီဗီကောင်စီ၏ တရားရေးရာ ကောင်စီအဖွဲ့ဝင်လူကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရ ပြန်လေသည်။

အိန္ဒိယပြည်တွင် သဘောကွဲလျက်ရှိသည်ကိုထောက်ထား၍၊ ၁၉၁၉ ခုနှစ် အိန္ဒိယနိုင်ငံတော်အစိုးရ အက်ဥပဒေတွင် ညွှန်း ထားသည်ထက်စော၍ စုံစမ်းရေးကော်မစ်ရှင်တစ်ရပ်ဖွဲ့စည်းခြင်း ကို ကန့်ကွက်ခဲ့သော်လည်း၊ ဖွဲ့စည်းရန်ဆုံးဖြတ်ခဲ့ပြီးသည့် နောက်တွင်ကား ဆင်းဟားသည် ဆိုင်မွန်ကော်မစ်ရှင်ကို ကောင်းမွန်စွာ ပြုစုဧည့်ခံခဲ့ပေသည်။ ၁၉၂၈ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ဆင်းဟားသည် ကွယ်လွန်အနိစ္စရောက်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)