ဆင်ဖြူတော်ဝင်မယ့်ကိန်း ချည်တစ်ခင်နှင့် ကျိန်းကျေ

ဝီကီပီးဒီးယား မှ

ဆင်ဖြူတော်ဝင်မယ့်ကိန်း ချည်တစ်ခင်နှင့် ကျိန်းကြေ ဟူသည် မြန်မာစကားပုံတစ်ခု ဖြစ်သည်။ ဆင်ဖြူတော်ဝင်မှာ ချည်တစ်ဝင်နှင့် ကျိန်းကျေ ဆိုသည့်စကားပုံသည်လည်း အတူတူပင်ဖြစ်သည်။ ချည်ဝင်ဆိုသည်မှာ ချည်ငင်ပြီး၍ ဝင်ရိုးမှ ချွတ်ထားသော ချည်လုံးကလေးဟု အနက်ရရှိသည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ဆင်ဖြူတော် ဝင်ကိန်း ရှိရာတွင် ချည်ဝင်တစ်လုံး (သို့) ချည်တစ်ခင် ဝင်လာသည်နှင့် ကျိန်းကျေသွား သကဲ့သို့ ပစ္စည်းဥစ္စာ အစုလိုက် အပုံလိုက် ဝင်ကိန်း ရှိရာတွင် မဖြစ်လောက်သည့် ပစ္စည်းတစ်ခု ဝင်လာသည်နှင့် ကျိန်းကျေသွားသည်။

နောက်ခံပုံပြင်[ပြင်ဆင်ရန်]

ရှေးသရောအခါ ဘုရင်ဖြစ်မည့် လူတစ်ယောက်နှင့် နန်းတွင်း ပုရောဟိတ်ဖြစ်လာမည့် လူတစ်ယောက်တို့သည် မွေးဖွားလာကြသည့် အချိန်ကလည်း တစ်ချိန်တည်း ဖြစ်ကာ အရွယ်ရောက်လာကြသည့်အခါ အလွန်ချစ်ခင်ကြသည့် မိတ်ဆွေနှစ်ယောက် ဖြစ်လာကြသည်။ တစ်ဦးက ဘုရင်ဖြစ်လာ၏။ တစ်ဦးက ထိုဘုရင်၏ ပုရောဟိတ်ဖြစ်လာကြသည်။ တစ်နေ့တွင် ဘုရင်ဖြစ်သူက သူ၏ ဇာတာကို စစ်ဆေးပေးပါဟု ပုရောဟိတ်ကို ပြောလေသည်။ ပုရောဟိတ်က စစ်ဆေးကြည့်လျှင် ယနေ့မှ စ၍ (၇)ရက်အတွင်း ဆင်ဖြူရတနာတစ်စီး လာရောက် ဆက်သခြင်းကို ခံရလိမ့်မည်ဟု တွေ့ရလေသည်။


ပုရောဟိတ်သည် ထိုအချိန်မှာပဲ သူ၏ဇာတာကိုပါ စစ်ဆေးကြည့်လိုက်လျှင် ဘုရင်ဖြစ်သူ၏ ဇာတာနှင့် တစ်ထပ်တည်းကျနေသည်ကို မြင်ရလေသည်။ သူ့ထံသို့လည်း (၇)ရက်မြောက်သောနေ့တွင် ဆင်ဖြူတော် တစ်စီးဝင်လာမည်ဟု အဟောထွက်၏။ ပုရောဟိတ်သည် အလွန်ဝမ်းမြောက်သွားလေသည်။ ဆင်ဖြူတော် သူရလျှင် လုပ်ရမည့် စီမံကိန်းများကိုလည်း ချမှတ်သည်။


(၇)ရက်မြောက်လာလျှင် ဟောကိန်းမှာ မြင်ထားသည့်အတိုင်း ဘုရင့်ထံသို့ ဆင်ဖြူတော်ငယ် တစ်စီး တောထဲမှ ရလာသည်ဟု လာရောက် ဆက်သကြလေသည်။ ထိုအချိန်၌ပင် မုဆိုးတစ်ယောက်သည်လည်း ချည်ဖြူတစ်ခင်ကို လာရောက်ပေးလေ၏။ ထိုအခါ ပုရောဟိတ် ညဉ်းတွားမိသည်မှာ “ ဪ ဘုရင်မင်းမြတ်မှာတော့ ဟောကိန်းရှိထားတဲ့အတိုင်း ဆင်ဖြူတော်အမှန်ပဲ ဝင်လာပေတယ်။ ငါ့မှာတော့ ဆင်ဖြူတော် ဝင်လာမယ့်ကိန်း ရှိပေမယ့် ချည်ဖြူတစ်ခင်နဲ့ပဲ ကျိန်းကျေရတော့မည်။ “ ဟု ရေရွတ်လိုက်လေသတည်း။

  • (ဝိစိတြာလင်္ကာရ စကားပုံ ဆုံးမစာမှ) [၁]

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ကြည်ဦး၊ မြန်မာစကားပုံ ပုံပြင်များ၊ ၂၀၁၈၊ မတ်လ (တတိယအကြိမ်) စာ-၆၉