ဆင်ကလဲယားအပ္ပတန်ဗီးလ

ဝီကီပီးဒီးယား မှ
အပ္ပတန် ဆင်ကလဲယား

ဆင်ကလဲယားအပ္ပတန်ဗီးလ (ခရစ် ၁၈၇၈ -၁၉၆၈)[ပြင်ဆင်ရန်]

နိုင်ငံကျော်အမေရိကန်စာရေးဆရာ အပ္ပတန်ဗီးလ ဆင်ကလဲယားကို ၁၈၇၈ ခုနှစ် စက်တင်ဘာလ ၂ဝ ရက်နေ့တွင် ဘော်လတီမိုးမြို့၌ မွေးဖွား၏။ နယူးယောက်မြို့ကောလိပ်ကျောင်း၌ ပညာသင်ကြားပြီးလျှင်၊၁၉ဝ၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကိုကိုလမ္ဗီးယားတက္ကသိုလ်မှ ရယူခဲ့လေသည်။

အပ္ပတန် ဆင်ကလဲယားသည် စာရေးဆရာအဖြစ်ဖြင့်သာ ထင်ရှားသည်မဟုတ်၊ ဆိုရှယ်လစ်ဝါဒကို သက်ဝင်ယုံကြည်သူ အနေဖြင့် အမေရိကန်နိုင်ငံတွင် ထိုဝါဒကိုပြန့်ပွားအောင်ပြုစု သော နိုင်ငံရေးသမားအဖြစ်ဖြင်လည်း ကျော်ဇောထင်ရှားသည်။ ၁၉ဝ၂ ခုနှစ်၌ ဆင်ကလဲယားသည် အမေရိကန်ရှိ ဆိုရှယ်လစ် ပါတီနှင့် ဆက်သွယ်ပြီးလျှင်၊ ထိုပါတီ၏ ကူညီအားပေးချက် အရ ၁၉ဝ၄ ခုနှစ်၌ ရှီကာဂိုမြို့ရှိ အမဲသားထုတ်လုပ်ရေးလုပ် ငန်း အခြေအနေများကို လေ့လာခဲ့သည်။ သူမြင်ခဲ့သိခဲ့နားလည် ခဲ့သော အခြင်းအရာများကို ၁၉ဝ၆ ခုနှစ်တွင် 'တော'ဝတ္ထုကြီး ၌ ဇာတ်ကွက်ဇာတ်လမ်းဆင်ကာ ရေးသားဖော်ထုတ်ခဲ့သည်။ ထိုဝတ္ထုသည် ကမ္ဘာ ကျော်ဝတ္ထုဖြစ်လာသည်။ ထိုဝတ္ထု၌ စက်ရုံအလုပ်သမားများ၏ ဘဝအခြေအနေ နိမ့်ကျပုံများနှင့် တကွ ယင်းတို့၏ လူတမ်းစေ့နေထိုင်ရေးနှင့် ဆိုရှယ်လစ်ဝါဒ ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ထင်မြင်ချက်များကိုပါ ထည့်သွင်း ဖော်ပြထားသည်။ ထိုဝတ္ထု ထွက်ပေါ်လာသောအခါ ဝတ္ထုပါ အချက်အလက်တို့သည် တကယ့်အဖြစ်အပျက်နှင့် လွန်စွာနီးစပ် သောကြောင့် သားသတ်ရုံလုပ်ငန်းအခြေအနေနှင့် စည်သွတ်စား စရာအကြောင်းများကို သက်ဆိုင်ရာအစိုးရတို့က မစုံစမ်းဘဲ မနေနိုင်ဖြစ်ခဲ့ရသည်။ အပ္ပတန် ဆင်ကလဲယားကိုယ်တိုင်က လည်း နိုင်ငံရေးတွင် ကိုယ်ထိလက်ရောက် ပါဝင်ဆောင်ရွက်နေ ခိုက်ဖြစ်ရာ အစိုးရတို့သည် စုံစမ်းခြင်းများ အပြီးတွင် ၁၉ဝ၆ ခုနှစ် သန့်ရှင်းသော အစားအစာအက်ဥပဒေကို လွှတ်တော်၌ တင်သွင်းရလေသည်။ ထိုဥပဒေလည်း အတည်ဖြစ်ခဲ့သည်။

၁၉၂၇ ခုနှစ်တွင် အပ္ပတန် ဆင်ကလဲယားသည် 'ရေနံ' ဝတ္ထုကို ရေးသား ထုတ်ဝေသည်။ ယင်းဝတ္ထုသည် 'တော'ဝတ္ထု ကြီးကဲ့သို့ပင် ကမ္ဘာကျော်ကြားသည်။ ထိုဝတ္ထု၌ အရင်းရှင်တို့ ၏သဘာဝကို ထုတ်ဖော်ပြသသည်။ ထို့နောက်၌ကား အပ္ပတန် ဆင်ကလဲယားသည် အရင်းရှင်စနစ်အောက်၌ရှိသော သာသနာ ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ သတင်းစာလောက၊ ပညာသင် ကြားရေးစနစ်၊ အနုပညာရပ်များနှင့်တကွ လူထုတစ်ရပ်လုံးသည် မည်ကဲ့သို့သော အခြေ၌တည်နေသည်ကို ဆိုရှယ်လစ်ဝါဒဖြင့် ဆင်ခြင်သုံးသပ်၍၊ ဝတ္ထုပေါင်းမြောက်မြားစွာကို ရေးလေသည်။

၁၉၄ဝ ပြည့်နှစ်တွင် အပ္ပတန် ဆင်ကလဲယားသည် လန္နီ ဗတ်ဟူသော ဇာတ်ဆောင်သူကို မဏ္ဍိုင်ပြု၍၊ ၁၉၁၃ ခုနှစ်မှ သည် ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်ခေတ်အထိ ဖြစ်ပျက်သမျှ သော သမိုင်းခြင်းရာတို့ကို ဝတ္ထုစာအုပ် ၁ဝ အုပ်ဖြင့် မှတ် တမ်းတင်ခဲ့သည်။ ထိုသမိုင်းဝတ္ထုအနက် ဟင်္သာကိုးသောင်း ဇာတ်ခင်း၍၊ အချင်းချင်း သတ်ဖြတ်ဖျက်ဆီးနေသော လူတို့၏ ခြင်းရာကို ဖော်ပြသည့် 'နဂါးစွယ်'ခေါ် ဝတ္ထု(၁၉၄၂)မှာ 'ပူလစ်ဇာဆု'ကို ဆွတ်ခူးခဲ့လေသည်။

နိုင်ငံရေးကို ဆောင်ရွက်သူအနေဖြင့် အပ္ပတန် ဆင်ကလဲ ယားသည် ၁၉ဝ၅ ခုနှစ်၌ 'စက်မှုလက်မှုလုပ်ငန်း ဒီမိုကရေစီ အခွင့်အရေးဆိုင်ရာ အစည်းအရုံး'၏ ရှေ့ပြေးအဖွဲ့အစည်းကို စတင်တည်ထောင်ခဲ့သည်။ ၁၉၁၄ ခုနှစ်၌လည်း ကော်လိုရားဒိုး ကျောက်မီးသွေး သပိတ်ကိစ္စတွင် ကိုယ်ထိလက်ရောက် ပါဝင် ဆင်နွဲခဲ့သည်။ ထိုအကြောင်းကို အခြေခံ၍ 'ကျောက်မီးသွေး ဘုရင်'ခေါ် ဝတ္ထုကြီးကို ၁၉၁၇ ခုနှစ်၌ ရေးသားခဲ့သေးသည်။ ဆင်ကလဲယားသည် ပြည်သူတို့၏ လွတ်လပ်ခွင့်အတွက်လည်း အရေးဆိုခဲ့၍၊ ၁၉၂၃ ခုနှစ်တွင် တောင်ပိုင်းကာလီဖိုးနီးယား ပြည်နယ်၌ အမေရိကန်ပြည်သူ့ လွတ်လပ်ရေးသမဂ္ဂခွဲကို တည် ထောင်ခဲ့သည်။ အပ္ပတန် ဆင်ကလဲယားသည် ၁၉ဝ၆ ခုနှစ် တွင်၎င်း၊ ၁၉၂ဝ ခုနှစ်တွင်၎င်း ဆိုရှယ်လစ်အဖြစ်ဖြင့်အောက် လွှတ်တော်အမတ်အတွက် ယှဉ်ပြိုင်အရွေးခံခဲ့သည်။ ၁၉၂၂ ခုနှစ်၌လည်း အထက်လွှတ်တော်အမတ်အတွက် အရွေးခံခဲ့ သည်။ ၁၉၂၆ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၃ဝ ပြည့်နှစ်တွင်တစ် ကြိမ် ကာလီဖိုးနီးယားနယ် ဘုရင်ခံရာထူးအတွက်လည်း အရွေးခံသည်။ ၁၉၃၄ ခုနှစ်တွင် ကာလီဖိုးနီးယားနယ်၌ ဆင်းရဲခြင်းကို ငြိမ်းစေရန်ဟူသော ကြွေးကြော်သံဖြင့် ကာလီ ဖိုးနီးယားဘုရင်ခံရာထူးအတွက် ဒီမိုကရက်တစ်ပါတီ၏နာမည် တင်သွင်းထောက်ခံခြင်းကို ခံယူခဲ့ရ၏။ သို့သော် မည်သည့် အခါမျှ ရွေးကောက်ခြင်း မခံခဲ့ရရှာချေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)