စွယ်တော်ရှင်စေတီတော်

ဝီကီပီးဒီးယား မှ

စွယ်တော်ရှင်စေတီတော် သည် ဂန့်ဂေါမြို့တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဂန့်ဂေါမြို့[ပြင်ဆင်ရန်]

သက္ကရာဇ် ၆၀၄ ခုနှစ်တွင် ဖြစ်၏။ နရပတေ့မင်းသည် မစ္ဆဂီရိရှိ သူပုန်များကို နှိမ်နင်းရန် သွားရောက်တိုက်ခိုက်၏။ ထိုအခါ တပ်များသည် ချရပ်ထားစဉ် တပ်လန့်၍ ကစဉ့်ကလျား ဖြစ်ကုန်၏။ ထိုအခါ ထိုဗိုလ်မှူး၊ စစ်ကဲ၊ စစ်ကွပ်တို့အား သစ်တောလေးအရပ်သို့ ပြစ်ဒဏ်ခတ်ကာ ပို့လိုက်၏။ ထိုနေရာတွင် ဂန့်ဂေါမြို့ တည်လေသည်။

ထိုဂန့်ဂေါမြို့တွင် သီရိဓမ္မာအသောကမင်းကြီးသည် စေတီပုထိုးများ တည်ခဲ့သည်။ ထို့ပြင် အလောင်းစည်သူမင်းကြီးသည်လည်း မြစ်သာမြစ်တစ်လျောက်တွင် စေတီတည်ထားခဲ့သည်။[၁]

ဓာတ်တော်တွေ့ရှိခြင်း[ပြင်ဆင်ရန်]

ဂံ့ဂေါကျောင်းတွင် အရှင်စန္ဒာလင်္ကာရ၏ တပည့်ဖြစ်သူ စတာရွာမှ မောင်ထွားသည် မြစ်သာမြစ်တွင် ရေသွားကူး၏။ ထိုသို့ ရေကူးသည့်အခါ ဘုရားရှင်၏ စွယ်တော်ဓာတ်တော်ကို မြင်တွေ့တော်မူ၏။

ထို့နောက်တွင် ဆရာတော်ထံ ယူသွားကာ ဓာတ်တော်ကို ကျောင်းတိုက်၌ ပူဇော်ထား၏။ နောင်အခါ သက္ကရာဇ် ၁၁၄၉ ခုနှစ်၊ ဝါခေါင်လဆုတ် ၁၀ ရက်နေ့တွင် အင်းဝဘုရင်သည် ကျောင်းတိုက်မှ စွယ်တော်ကို ရွာသစ်ကြီးသို့ ပင့်ဆောင်ခဲ့သည်။[၁]

စွယ်တော်ပျောက်ဆုံးခြင်း[ပြင်ဆင်ရန်]

စွယ်တော်သည် တစ်ခုသောအချိန်တွင် စွယ်တော်စင်မှ ပျောက်ကွယ်ခဲ့သည်။ ထိုအခါ နန်းတော်တွင် ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။

ထိုစွယ်တော်ကို လောင်းထောင်သူကြီးသည် ယောနယ်အတွင်းရှိ လောင်းထောင်ရွာကုန်းထိပ်၌ ရောင်ခြည်တော်လွှတ်သည်ကို တွေ့ရလေသည်။ ထို့နောက် ဓာတ်တော်ကို အင်းဝနန်းတော်သို့ ၁၀၅၁ ခုနှစ်၊ နယုန်လဆန်း ၉ ရက်နေ့တွင် ပင့်ဆောင်လာခဲ့သည်။[၁]

စေတီတော်တည်ခြင်း[ပြင်ဆင်ရန်]

အလောင်းစည်သူမင်းကြီး နတ်ရွာစံပြီးနောက် သားဖြစ်သူ နန်းတက်၏။ ၁၀၆၁ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက်နေ့တွင် စွယ်တောကို မြစ်ကြောင်းမှ ပင့်ခဲ့ပြန်သည်။ သို့သော် စွယ်တော်သည် ဂန့်ဂေါကျောင်းတွင် ပြန်လည်ကိန်းအောင်းနေပြန်သည်။

ထိုအခါ မင်းကြီးသည် ထိုဓာတ်တော် ကိန်းဝပ်တော်မူရာနေရာတွင် စေတီတည်တော်မူရန် မြေလှူခဲ့သည်။ ၁၀၆၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်နေ့တွင် ဓာတ်တော်ကို တတိယအကြိမ် ပြန်လည်ပင့်ဆောင်ခဲ့ပြန်သည်။ ထိုအကြိမ်တွင်လည်း ဓာတ်တော်သည် မူလနေရာသို့ပင် ပြန်လည်ရောက်ရှိခဲ့ပြန်သည်။ ထိုအခါတွင် စေတီတော်ကို ထိုနေရာ၌ တည်တော်မူခဲ့သည်။[၁]

ပြုပြင်မွမ်းမံမှုများ[ပြင်ဆင်ရန်]

  • သက္ကရာဇ် ၁၁၁၀ ပြည့်နှစ်တွင် ဂံ့ဂေါသူကြီးသည် စေတီတော်ကို ငုံကာ စေတီသစ်တည်ကာ ထီးတော်သစ် လှူဒါန်းခဲ့သည်။
  • သက္ကရာဇ် ၁၂၇၀ ပြည့်နှစ်တွင် ဂံ့ဂေါမြို့အုပ်နှင့် ဆရာတော် ဦးတိဿတို့ ဦးစီးကာ စေတီတော်ဖိနပ် အတောင် ၃၂ တောင်၊ ဉာဏ်တော် ၃၉ တောင်အထိ မြှင့်ကာ မွမ်းမံခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၁၀၂၊ ၁၀၃၊ ၁၀၄။