စွန်လွှတ်ကစားခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စွန်လွှတ်နေပုံ သစ်ထွင်းပန်းချီ။

စွန်လွှတ်ကစားခြင်း[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံ၌ မိုးဦးရာသီ နေသာသော သညနေခင်းအချိန် တွင် ကောင်းကင်သို့ ကြည့်လိုက်လျှင် အရောင်မျိုးစုံရှိသော စွန် (လေတံခွန်)များကို တွေ့ကြရပေမည်။ ကလေးလူကြီးမရွေး စွန်ကို အပျော်လွှတ်ကစားကြသည်။ စွန်ကို ပုံအမျိုးမျိုးချိုး၍ လုပ်တတ်ရာ အဓိကအားဖြင့် ကုလားစွန်နှင့် မြန်မာစွန်ဟူ၍ နှစ်မျိုးရှိ၏။ ကုလားစွန်မှာ ဝါးခြမ်းတံငယ် နှစ်ချောင်းပါ၍ တစ်ချောင်းကို ကျောရိုးတံအဖြစ် ထားပြီးလျှင် အခြားတစ် ချောင်းကို ပထမဝါးခြမ်းတံ အထက်ပိုင်းနားတွင် ဖြတ်လျက် ကွေးထားသည်။ ကျောရိုးတံ ထိပ်နှစ်ဖက်နှင့် ကိုင်းတံ ထိပ်နှစ် ဖက်တို့ကို အစွန်းလေးဖက် အဖြစ်ထား၍ အရွယ်တော်သင့် အောင် ဖြတ်ထားသော စက္ကူပါးဖြင့် ဝါးခြမ်းတံများပေါ်တွင် ကော်နှင့်ကပ်ထားသည်။ ကျောရိုးတံနှင့် ကိုင်းတံ ဆုံသောနေရာ တွင် တစ်ချက်၊ ကျောရိုးတံပေါ်အောက်ဖက် အလေးချိန်မျှတ စေမည့်နေရာ၌ တစ်ချက်၊ ခွလျက် ဆိုင်းကြိုးတပ်ရသည်။ ယင်းသို့ ဆိုင်းကြိုးတပ်၍ပြီးလျှင် စွန်သည် လွှတ်ရန်အသင့် ဖြစ်သည်။

မြန်မာစွန်မှာ ကုလားစွန်မူအတိုင်းပင် ဖြစ်သော်လည်း အနည်းငယ်အနုစိတ်လျက် ပြုလုပ်ထားသည်။ မြန်မာစွန်သည် အပ်ခြည်ကြိုးများနှင့် အရိုးတံများကို ဆိုင်းထားခြင်း၊ အမြီးကို ရိုးရိုးအမြီးမျိုးမဟုတ်ဘဲ၊ ငကြင်းမြီးသဏ္ဌာန်တပ်ထားခြင်း စသည်မျှလောက်သာ ကုလားစွန်နှင့် ခြားနားသည်။ စွန်တွင် အမြီးရှည်ကြီးများ တပ်ပေးခြင်းမှာ လေထဲတွင် ငြိမ်၍နေစေ ရန်ပင်ဖြစ်သည်။ ကုလားစွန်မှာ လေးထောင့်ပုံ မကျတကျ ဖြစ်၍ မြန်မာစွန်၏ပုံမှာ ကုလားစွန်၏ ပုံထက်ရှည်သည်။ ကုလားစွန်သည် လေထဲ၌ ငြိမ်သက်စွာနေသည်။ ထို့ကြောင့် ကုလားစွန်ကို စွန်ဖြတ်ကစားရန် လွတ်ကြပြီးလျှင် မြန်မာစွန် ကိုမူ စိတ်ကူးဉာာဏ်အတိုင်း အမျိုးမျိုးသော ပုံသဏ္ဌာန်ပြုလုပ်၍ အလှလွှတ်ကြလေသည်။

အနောက်နိုင်ငံများတွင် စွန်လုပ်ပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ ပေါ့ပါး၍ အကြောဖြောင့်စင်းသည့် သစ်သားတုတ် ချောင်းအရှည်၏ အထက်ပိုင်းခပ်ကျကျနေရာ၌ တုတ်ချောင်း အတိုကို ကန့်လန့်ဖြတ်ထားကာ၊ ဆုံရာနေရာ၌ ခိုင်မြဲစွာ ချည် နှောင်ထားသည်။ တုတ်ချောင်း အစွန်းလေးဖက်ကို ကြိုးများ ဖြင့်ဆက်ကာ ချည်ထားသည်။ ထို့နောက် ကြိုးဘောင်ပုံသဏ္ဌာန် အတိုင်း စက္ကူပါး သို့မဟုတ် အဝတ်ပါးကို အပေါ်မှ ကပ်ပေး သည်။ ဆိုင်းကြိုးတပ်ပုံမှာ တုတ်ချောင်းများ၏ အစွန်းများ၌ တပ်ဆင်ရသည်ဖြစ်၍ ကျွနု်ပ်တို့၏ စွန်များကဲ့သို့ နှစ်ခွမဟုတ် ဘဲ၊ လေးခွဖြစ်လေသည်။

စွန်များ လေထဲ၌ ပျံဝဲပုံမှာ ရွက်လှေ လွှင့်ပုံ၊ လေယာဉ် ပျံသန်းပုံကဲ့သို့ပင် ဖြစ်၏။ အများအားဖြင့် လေသည် မြေပြင် နှင့် မျက်နှာပြင်ညီ တိုက်ခတ်လေ့ရှိ၏။ လေညာမှနေလျက် ရစ်လုံးရှိကြိုးကို ဖြေလျှော့၍ စွန်ကို အထက်သို့လွှတ်လိုက် သောအခါ စွန်၏ အထက်သို့တွန်းတင်ပေးသည်။ ထို့ကြောင့် ပင် စွန်သည် အထက်သို့ မြင့်တက်နိုင်လေသည်။

စွန်လွှတ်ခြင်းမှာ ပျော်ရွှင်မှုသက်သက်အတွက် ကစားရန် သာမဟုတ်၊ သိပ္ပံပညာ၌လည်း အတော်ပင်အရေးကြီးသည့် လုပ်ငန်းတစ်ရပ် ဖြစ်ခဲ့ဘူးလေသည်။ ခရစ် ၁၇၄၉ ခုနှစ်တွင် အက်ဒင်ဗာရာမြို့မှ သိပ္ပံကဝိ တစ်ဦးသည် စွန်၌ အပူချိန်ပြဒါး တိုင်များကို ပူးတွဲ ထည့်ပေးလိုက်ခြင်းဖြင့် အထက်လေယူ၏ အပူချိန်ကို တိုင်းတာနိုင်ခဲ့လေသည်။ ၁၇၅၂ ခုနှစ်တွင် ဗင်ဂျ မင် ဖရန်ကလင်သည် မိုးကြိုး ထစ်ချုန်းနေစဉ်အတွင်း စွန်ကို လျှပ်စစ်ပြက်ရာ တိမ်များဆီသို့ လွှတ်ကြည့်ခြင်းဖြင့် လျှပ်စစ် ပြက်ခြင်းသည်လည်း လျှပ်စစ်ဓာတ်ပင် ဖြစ်ကြောင်းကို သိခဲ့ရ ဘူးသည်။ စွန်များသည် မိုးလေဝသဌာနအတွက် လွန်စွာအသုံး ကျပေသည်။ စွန်တွင် မိုးလေဝသတိုင်းတာသော ကရိယာများ ကို ပူးတွဲတပ်ဆင်ပေးလိုက်ခြင်းဖြင့် အလိုရှိသည့် အတိုင်း အတာများကို သိနိုင်သည်။ ရိုးရိုးစွန်များအပြင် သေတ္တာ ပုံသဏ္ဌာန် စွန်များလည်းရှိသေးသည်။ ထိုစွန်တို့သည် ရိုးရိုးစွန် ထက်ပိုမို၍ လေးလံသောအရာဝတ္ထုတို့ကို သယ်ယူနိုင်လေသည်။ သိပ္ပံပညာ၌ အသုံးပြုသော စွန်များမှာ ကြီးမား၍ အတွဲများကို လည်း ပြုလုပ်ထားတတ်ကြသည်။ ထိုစွန်များကို ၁ဝ မိုင်မျှ ရှည်လျားသော ကြိုးဖြင့် အမြင့် ၅ မိုင် ခန့်တိုင်အောင် လွှတ် နိုင်ပေသည်၊ ကြိုးတံတားများ ပြုလုပ်ရာတွင် မြစ်တစ်ဖက်ကမ်း မှကြိုးကို အခြားတစ်ဖက်ကမ်းသို့ စွန်များဖြင့်ပို့ပေးနိုင်ပေသည်။ စွန်လွှတ်ခြင်းကို ကစားခြင်းတစ်မျိုးဟူ၍ ယူဆကြလေ သည်။ သို့ရာတွင် ရှေးအခါက ကိုရီးယားနိုင်ငံတွင် နှစ်သစ်ကူး အခါများ၌ ဘာသာရေးနှင့်စပ်ဆိုင်သည့် စွန်လွှတ်ပွဲကြီးများကို အကြီးအကျယ်ကျင်းပသော အစဉ်အလာ ရှိခဲ့လေသည်။ တရုတ် နိုင်ငံတွင်လည်း နှစ်တိုင်း ၉ လ၊ ၉ ရက်နေ့သည် စွန်လွှတ်ပွဲ တော်နေ့ဖြစ်လျက် ထိုနေ့ကို အားလပ်ရက် တစ်ရက်အဖြစ် သတ်မှတ်ထားသည်။ မြန်မာနိုင်ငံ၌ စွန်လွှတ်ကြသည်မှာ အလှ လွှတ်ရန်သာမဟုတ်၊ တစွန်နှင့် တစွန်ဖြတ်ရန်လည်း လွှတ်ကြ သည်။ အချို့အရပ်များတွင် စွန်ဖြတ်ပွဲများကို အကြီးအကျယ် ပြုလုပ်လေ့ရှိသည်။ စွန်ဖြတ်ရန် အပ်ခြည်ကြိုးကို မှန်စာရည် ဖြင့် သုတ်လိမ်းပြီးလျှင် အခြောက်ခံထားသည် မှန်စာရည်ကို ဖန်မှုန့်နှင့် ကျွဲကော်ရည် ရောစပ်၍ ဖေါ်ယူသည်။ ထိုကြိုးကို စွန်ချင်းယှဉ်ပြိုင်၍ ဖြတ်ရာတွင် လေညာအရပ်ကို ရအောင်ယူ၍ အခြားစွန်ကြိုးကို ထိုးစိုက်ပြီး ဖြတ်တောက်ကြလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)