စောရန်နောင်

ဝီကီပီးဒီးယား မှ

စောရန်နောင် [၁၉၁၁ - ၁၉၃၅][ပြင်ဆင်ရန်]

ဧရာဝတီတိုင်း လေးမျက်နှာ မြို့တွင် အဖ ဦးစစ်ကြူ၊ အမိ ဒေါ်လှိုင် တို့က ၁၉၁၁ ခုနှစ် ဩဂုတ်လ ၉ ရက် ဗုဒ္ဓဟူး နေ့တွင် ဖွားမြင်သည်။ အမည်ရင်းမှာ ဦးစောမောင်မောင် ဖြစ်သည်။


ငါးနှစ်သား အရွယ် ကပင် လေးမျက်နှာမြို့ အမေရိကန် သာသနာပြု ကျောင်းတွင် စတင် ပညာ သင်ခဲ့သည်။ ထို့နောက် ရန်ကုန်မြို့ ကူရှင် ဟိုက်စကူး ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ယူသည်။ ကူရှင် ကျောင်းဆရာ ဘနာဂျီ ထံတွင် ခုနစ်တန်း အောင်ပြီးနောက် အစိုးရ ဟိုက်စကူး ကျောင်းသို့ ပြောင်းခဲ့ ပြန်သည်။ အသက် တဆယ့်ခြောက်နှစ် အရွယ်တွင် ဆယ်တန်း စာမေးပွဲ အောင်မြင်သည်။ ထို့နောက် ရန်ကုန် တက္ကသိုလ်တွင် တက်ရောက် ပညာ သင်ယူသည်။ ၁၉၃ဝ - ၃၁ တွင် ဥပစာတန်း အောင်မြင် ခဲ့သည်။ တဖန် မြန်မာစာ ဂုဏ်ထူး ဝိဇ္ဇာတန်းတွင် ပါမောက္ခ ဦးဖေမောင်တင်၊ ဆရာကြီး ဦးပွား၊ ဆရာကြီး ဦးလင်း၊ ပါဠိ - မြန်မာ ကထိက ဦးလူဖေဝင်းတို့ ထံမှောက်၌ မြန်မာ ကဗျာ လင်္ကာ၊ ကျောက်စာ၊ မွန်စာ၊ ရာဇဝင် သမိုင်း ပညာများ ဆည်းပူး ခဲ့သည်။ ၁၉၃၃ - ၃၄ တွင် မြန်မာစာ ဂုဏ်ထူးဖြင့် ဝိဇ္ဇာတန်းကို အောင်မြင် ခဲ့သည်။ မဟာ ဝိဇ္ဇာတန်းတွင် ဆက်လက် ပညာ သင်ကြားရင်း မြန်မာစာ နည်းပြ ဆရာ အဖြစ်လည်း အမှု ထမ်းသည်။


ကျောင်းသား ဘဝ ကပင် မြန်မာ ကဗျာ များကို စီကုံး ရေးသားလေ့ ရှိသည်။ တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်း၊ ခေတ်စမ်း ကဗျာ [ပထမတွဲ] (၁၉၃၄) နှင့် မြန်မာ မဂ္ဂဇင်း များတွင် ကဗျာများ ရေးခဲ့သည်။ "သူ၏ ကဗျာ များသည် စိတ်ကူး စိတ်သန်းနှင့် ပြည့်စုံ၍ စကားအရာ တွင်လည်း အလွန် သိမ်မွေ့ လှသည်။ သူ၏ မယ်ဘွဲ့ မောင်ဘွဲ့ ရတုများသည် ငယ်ရွယ် သေးသူ၏ လက်ရာပင် ဖြစ်သော်လည်း အထူး နှစ်သက်ဖွယ် ကောင်းလှ ပေသည်။ ..... သုတိသာအောင် ရေးသားရာ တွင်လည်း ...... အလွန် စွမ်းလှ ပေသည်။ နောက်ဆုံး ရေးသားသော ကဗျာ များတွင် ..... ကဗျာဉာဏ် သည် တိုးတက် လာသည်။ ..... နေ့စဉ် နေ့တိုင်း တွေ့ရ၊ ကြုံရ၊ မြင်ရ ကြားရသော အဖြစ်အပျက် များကို သုံးသပ် ဆင်ခြင် ထားသော ဉာဏ်မျိုး ဖြစ်သည်" ဟူ၍ ဇော်ဂျီက ရေးခဲ့သည်။ ကဗျာများ သာမက ဝတ္ထုတို များလည်း ရေးခဲ့သည်။ "မပြောလိုက်ပါနဲ့ သားရယ်" နှင့် "ထောင်ထွက်" ဝတ္ထုတို နှစ်ပုဒ်မှာ အထူး ကောင်းမွန် လှသည်ဟု မှတ်ချက် ပေးခဲ့ ကြသည်။ "စာဖွဲ့သော အကြောင်းအရာနှင့် စပ်လျဉ်း၍၊ ခေတ်စမ်း စာပေ လောကတွင် လောက ဘဝမှန် အကြောင်းကို ကြံစည် အားထုတ် သူက တချို့၊ စိတ်ကူးယဉ် ဘက်သို့ ယိမ်းနွဲ့ ကြံစည်သူက တချို့ ဟူ၍ နှစ်မျိုး နှစ်စားသော စာရေး ဆရာတို့ ထွန်းကား ခဲ့သည်ဟု ယူဆ နိုင်လေသည်။" ထိုနှစ်မျိုး နှစ်စားသော စာရေးဆရာ တို့သည် မိမိ တို့၏ လက်စွမ်းဖြင့် ခေတ်စမ်း စာပေ လောကကို တန်ဆာ ဆင်ခဲ့ သည်ချည်း ဖြစ်လေသည်။ ..... စောရန်နောင်၏ စာကို စိတ်ကူး ယဉ်ဘက်သို့ ယိမ်းနွဲ့ ကြံစည် လိုသော အုပ်စု၌ ထည့်သွင်း နိုင်လေသည်" ဟု မြဝတီ စာတည်း အဖွဲ့က ထောက်ပြသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၃၅ ခုနှစ် နိုဝင်ဘာလ ၃ ရက် တနင်္ဂနွေနေ့ ည ၈ နာရီချိန် အသက် (၂၅) နှစ် အရွယ်တွင် ကွယ်လွန်သည်။ "နောင်ခေတ် မြန်မာ စာပေ အတွက် အထူး မျှော်လင့်ဖွယ်ရာ သားကောင်း ရတနာ တပါး" ဆုံးရှုံး ရခြင်းပင် ဖြစ်သည်။[၁]


စာညွှန်း[ပြင်ဆင်ရန်]

  1. ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ် (၂ဝဝ၅ ခု၊ ဇူလိုင်)
  1. ဇော်ဂျီ။ ကွယ်လွန်သူ - ဦးစောမောင်မောင်၊ ဂန္ဈလောက (ဒီဇင်ဘာ ၁၉၃၅)။ စာ ၅၃၈ - ၅၄ဝ။
  2. ဂန္ဈလောကခေတ်၊ မြဝတီ (စက်တင်ဘာ ၁၉၅၃)။ စာ ၃ဝ၄ - ၃ဝရ။
  3. ဓာတ်ပုံဟောင်း၊ ငွေတာရီ (ဇူလိုင် ၁၉၆၁)။ စာ ၂၈။
  4. ဦးဖေမောင်တင် (တည်းဖြတ် အုပ်ချုပ်သူ)။ ခေတ်စမ်း ကဗျာများ၊ ပထမတွဲ။ တကြိမ်၊ ၁၉၃၄။ (နိဒါန်း)။