စူဠပလောဘနဇာတ်
တိကနိပါတ် - ၂။ ပဒုမဝဂ် -(၂၆၃) စူဠပလောဘနဇာတ်။ ။ မိန်းမ၌ရွံရှာသော မင်းသားသည် မိန်းမနှင့် တွေ့သောအခါ အာသာမရောင်ရဲနိုင်၍ ယောကျ်ားမြင်တိုင်း သတ်ရန်လိုက်သော အနိတ္တိဂန္ဓမင်းသား အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]မိန်းမပေါ့ပျက် သူတော်စင်ဖျက်
[ပြင်ဆင်ရန်]နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် သာသနာတော်၌ ငြီးငွေ့ပျင်းရိလေ၏။ ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားအထံတော်သို့ ဆောင်ယူသွားကြရာ မြတ်စွာဘုရားသည် ထိုရဟန်းကိုမေး၍ အကြောင်းကို သိတော်မူလျှင် “ချစ်သား ရဟန်း ... မိန်းမတို့မည်သည်ကား စင်ကြယ်သောသူကိုလည်း ညစ်ညူးစေတတ်သည်” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]မိန်းမမထိလို မင်းသားငို
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်းမှာ သားသမီးမထွန်းကားလေ၊ မင်းကြီးသည် မိန်းမတို့အား *သားဆုကိုတောင်းစေ၏။ မိန်းမတို့လည်း သားဆုကို တောင်းကြကုန်၏။
- သားဆုတောင်းခြင်း ဆိုသည်မှာ ... နတ်များကို ပူဇော်ပသ၍ တောင်းခြင်းလည်း ရှိသည်။ မင်းကြီးက မိန်းမတို့ကို ရက်ကိုပိုင်းခြားကာ အလိုရှိရာ ယောကျ်ားနှင့် ပျော်ပါးနိုင်ရန် ခွင့်ပေးထားခြင်းလည်း ရှိသည်။
ကာလရှည်ကြာလတ်သော် ဘုရားအလောင်းသည် ဗြဟ္မာ့ပြည်မှ စုတေ၍ ဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်းဝယ် ပဋိသန္ဓေနေလေ၏။ ဆယ်လစေ့၍ ဖွားမြင်သောအခါ ရေချိုးစေပြီးလျှင် နို့တိုက်ရန် အထိန်းမိန်းမတို့ထံ ပေးကုန်၏။ သတို့သားသည် နို့တိုက်အပ်သည်ရှိသော် ငိုလေ၏။ ထိုအခါ သူငယ်ကို တစ်ပါးသောမိန်းမအား ပေးကြပြန်၏။ မိန်းမတို့အထိမခံလိုဘဲ ငိုပြန်၏။
ထိုအခါ မင်းကြိး၏ ခြေတော်ရင်း၌ အမြဲခစားသော အမတ်တစ်ယောက်အား ပေးကြပြန်၏။ ထိုအမတ်သည် ယူအပ်သည်ရှိသော် မငိုဘဲ ဆိတ်ဆိတ်သာနေ၏။ ထိုအခါမှာစ၍ သူငယ်ကို ယောကျ်ားတို့သာလျှင် ယူဆောင်ပွေ့ပိုက်ချီပိုးကြရကုန်၏။ နို့တိုက်သောအခါ မိန်းမတို့ မမြင်မထိစေဘဲ တင်းတိမ်ကြားမှနေကာ ပုန်းလျှိုး၍ တိုက်ကြရကုန်၏။ တစ်ရံတစ်ခါ မိန်းမတို့ထံမှ နို့ကိုညှစ်ယူပြီးလျှင် ယောကျ်ားတို့လက်သို့ပေးကာ တိုက်ကြရကုန်၏။
ထိုသူငယ်ကား မိန်းမတို့အား အလိုမရှိ၊ အထိအကိုင်မျှကိုပင် မခံလို မမြင်လိုသည်အတွက် “အနိတ္ထိဂန္ဓ” သတို့သားဟု မှည့်ခေါ်ကြကုန်၏။
အစဉ်အတိုင်း ကြီးပွားကာ ပြေးသွားနိုင်သောအခါ၌လည်း မိန်းမကို မမြင်လို မြင်ခြင်းငှာ မတတ်ကောင်း။ ထိုကြောင့် ဖခင်မင်းကြီးသည် ထို အနိတ္ထိဂန္ဓမင်းသားအား အသီးအခြားဖြစ်သော အရပ်၌ အိမ်တော်ကို လည်းကောင်း၊ ဈာန်ဝင်စားရာ ဈာန်အိမ်ကို လည်းကောင်း၊ ဆောက်လုပ်၍ပေးရ၏။
မိန်းမမွေ့ရန် မင်းကြီးကြံ
[ပြင်ဆင်ရန်]မင်းကြီးသည် သားတော် တစ်ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သောအခါ “ငါ့အား တခြားသားတော်လည်းမရှိ၊ ဤသားတော်တစ်ယောက်သာ ရှိသည်၊ ဤသားတော်ကား မာတုဂါမတို့ကိုလည်း မသုံးဆောင်၊ မင်းအဖြစ်ကိုလည်း အလိုမရှိသည် ဖြစ်လတ္တံ့၊ ငါ့မှာလည်း သားရခဲ၏” ဟု ကြံစည်၍သာနေ၏။
ထိုအခါ ယောကျ်ားအသွင်ဖြင့် ဝတ်ဆင်ကာ လုပ်ကျွေးလျက် အကအသီ၌ လိမ္မာ၍ မင်းသားကို မိမိအလိုသို့ပါလာအောင် စွမ်းဆောင်နိုင်သော ကချေသည်မတစ်ယောက်သည် မင်းကြီးထံသို့ ချည်းကပ်ခစားကာ “အရှင်မင်းကြီး ... အဘယ်သို့ ကြံစည်သနည်း - စိုးရိမ်တော်မမူပါနှင့်၊ ဘယ်လိုပဲဖြစ်ဖြစ် ထိုမင်းသားကို အကျွန်ုပ်အလိုသို့ပါအောင် ဖြားယောင်းသွေးဆောင်၍ ကာမဂုဏ် အရသာကို သိစေပါမည်” ဟု လျှောက်ထားလေ၏။ မင်းကြီးသည် “သူငယ်မ ... ငါ့သားတော်ကို သင်သည် အကယ်၍ ဖြားယောင်းသွေးဆောင်နိုင်အံ့ ငါ့သားတော်သည် မင်းဖြစ်လတ္တံ့၊ သင်သည်လည်း မိဖုရားကြီး ဖြစ်လတ္တံ့” ဟု မိန့်တော်မူ၏။
မင်းသားပျိုဖြူ မိန်းမနှင့်မြှူ
[ပြင်ဆင်ရန်]ကချေသည်မသည် “အရှင်မင်းကြီး ... စိုးရိမ်တော်မမူပါနှင့်၊ သားတော်ကို ဖြားယောင်းသွေးအောင်ခြင်းမှာ အကျွန်ုပ်၏တာဝန် ဖြစ်ပါစေ” ဟု လျှောက်ထားပြီးလျှင် အစောင့်အရှောက်တို့ထံသို့ ချဉ်းကပ်၍ “ဦးရီးတို့ ... အကျွန်ုပ်သည် မိုးသောက်ထသောအခါလာ၍ အရှင့်သား အိပ်ရာဝယ် ဈာန်အိမ်ပြင်ပမှာနေလျက် သီချင်းဆိုပါမည်။ အရှင့်သားသည် အကယ်၍ အမျက်ထွက်ငြားအံ့၊ အကျွန်ုပ်အား ပြောကြားပါ၊ ထွက်သွားပါမည်။ အကယ်၍ နားထောင်ငြားအံ့၊ အကျွန်ုပ်အား ပြောကြားပါ” ဟု မှာထားလေ၏။ အစောင့်အရှောက်တို့လည်း ကောင်းပြီဟု ဝန်ခံကြကုန်၏။
ထိုကချေသည်မသည် မိုးသောက်သောအခါ အိပ်ရာဈာန်အိမ်အပြင်ပသို့လာ၍ သာယာစွာသော အသံဖြင့် သီချင်းကို သီဆို၏။ စောင်းကိုလည်းတီး၏။ ထိုသီချင်းသံနှင့် စောင်းသံသည် တစ်မျိုးသည် တစ်မျိုးကို မလွန်စေဘဲ ညီမျှလေ၏။ အလွန် သာယာနာပျော်ဖွယ်ရှိ၏။ အနိတ္ထိဂန္ဓမင်းသားသည် နားထောင်လျက် လျောင်း၏။ နက်ဖြန်နေ့၌လည်း အနီးသို့လာ၍ သီဆိုတီးမှုတ်စေ၏။ နောက်တစ်နေ့၌ကား ဈာန်အိမ်တွင်း၌ တီးမှုတ်စေ၏။ နောက်တစ်နေ့၌ကား မိမိအနီး၌ တီးမှုတ်စေ၏။
မိန်းမစွဲပြန် ပြည်နှင်ခံ
[ပြင်ဆင်ရန်]ဤသို့အစဉ်သဖြင့် မိန်းမ သီချင်းသံနှင့်တီးမှုတ်သံကို ကြားရသောအခါ အနိတ္ထိဂန္ဓမင်းသား၏ သန္တာန်ဝယ် ကိန်းအောင်းအေသော အနုသယ ကိလေသာတို့သည် တဖြည်းဖြည်း ထကြွသောင်းကျန်းကာ ကချေသည်မ၌ လူတို့အကျင့်ကို မှီဝဲရသည်ရှိသော် ကာမဂုဏ်အရသာကိုသိ၍ မိန်းမအရသာ မည်သည်ကို သူတစ်ပါးအား မပေးတော့အံ့ - ဟု သန်လျက်ကိုင်ပြီးလျှင် ခရီးအလယ်သို့ထွက်၍ ယောကျ်ားကိုမြင်လျှင် ခုတ်သတ်ရန် လိုက်လေ၏။
ထိုအခါ အဖမင်းကြီးသည် သားတော်ကို ဖမ်းစေ၍ ထိုကချေသည်မနှင့်ပင် မြို့တော်မှ နှင်ထုတ်ရလေ၏။ အနိတ္ထိဂန္ဓမင်းသားလည်း ကချေသည်မကို ယူဆောင်ကာ တောသို့ဝင်၍ ဂင်္ဂါမြစ်အောက်သို့ သွားပြီးလျှင် ဂင်္ဂါမြစ်ကိုကူးကာ ဂင်္ဂါမြစ်နှင့် သမုဒ္ဒရာအကြားတွင် ကျောင်းသင်္ခမ်းဆောက်လုပ်၍ နေလေ၏။ ကချေသည်မသည် ကျောင်း၌နေကာ သစ်မြစ်သစ်ဥတို့ကို ပြုတ်ရ၏။ မင်းသားသည် တောသို့သွားကာ သစ်သီးကြီးငယ်ကို ဆောင်ယူရ၏။
မိန်းမလှည့်ပတ် ဈာန်ယာဉ်ပြတ်
[ပြင်ဆင်ရန်]တစ်နေ့သ၌ အနိတ္ထိဂန္ဓမင်းသားသည် သစ်သီးကြီးငယ် ရှာဖွေရန် တောသို့သွားသည်ရှိသော် သမုဒ္ဒရာကျွန်းငယ်၌ နေသော ရသေ့တစ်ပါးသည် ဆွမ်းခံအံ့သောငှာ ကောင်းကင်ခရီးဖြင့် လာလတ်သော် မီးခိုးကိုမြင်၍ ဆင်းသက်ကာ အနီးတွင်ရပ်၏။ ကချေသည်မသည် ရသေ့ကိုမြင်လျှင် “အရှင်ဘုရား ... ကျက်ရုံ ခေတ္တဆိုင်းငံ့တော်မူပါ” ဟု လျှောက်ထား၍ ဆိုင်းငံ့စေလျက် မိန်းမတို့ အမူအရာဖြင့် ဖြားယောင်းသွေးဆောင်ကာ ဈာန်မှယုတ်လျော့စေပြီးလျှင် ရသေ့၏ မြတ်သောအကျင့်ကို ပျောက်ကွယ်စေ၏။
ထိုအခါ ရသေ့လည်း အတောင်ကျိုးပြတ်သော ငှက်ကဲ့သို့ဖြစ်၍ ထိုကချေသည်မကို တပ်မက်စွဲလမ်းလျက် မစွန့်လွှတ်နိုင်ရကား ထိုအရပ်မှာပင် တစ်နေ့ပတ်လုံး နေ၏။ ပြန်လာသော အနိတ္ထိဂန္ဓမင်းသားကိုမြင်လျှင် လျင်မြန်စွာ သမုဒ္ဒရာသို့ ရှေးရှုပြေး၏။ မင်းသားမြင်လျှင် ဤရသေ့ကား မုချငါ့ရန်သူ ဖြစ်လတ္တံ့ဟု အောက်မေ့လျက် သန်လျက်ကို ကိုင်စွဲကာ လိုက်လေ၏။ ရသေ့လည်း ကောင်းကင်သို့ ပျံတက်မည့် အမူအရာကိုပြ၍ သမုဒ္ဒရာသို့ကျလေ၏။
မိန်းမပြစ်မြင် ဈာန်နှင့်ယှဉ်
[ပြင်ဆင်ရန်]အနိတ္ထိဂန္ဓမင်းသားသည် ရသေ့၏ အမူအရာကိုမြင်လျှင် ဤရသေ့ကား ကောင်းကင်ဖြင့် ပျံသန်းကာ ကြွလာသောရသေ့ ဖြစ်ဟန်တူသည်။ ဈာန်မှ ယုတ်လျော့သွားသောကြောင့် သမုဒ္ဒရာတွင်ကျရ၏။ ငါသည် ရသေ့၏ ကိုးကွယ်ရာ ဖြစ်ခြင်းငှာသင့်၏ဟု ကြံစည်ကာ ကမ်းနား၌ ရပ်လျက် -
“ဤရသေ့ကား - တန်ခိုးဖြင့် ရေကိုမကွဲပြားမတုန်လှုပ်စေဘဲ လာပြီးလျှင် မိန်းမနှင့် ရောနှောဆက်ဆံမိ၍ သမုဒ္ဒရာ၌ နစ်မြုပ်ရ၏။
မိန်းမတို့ကား - လည်စေတတ်ကုန်၏။ မာယာများကုန်၏။ မြတ်သောအကျင့်ကို ဖျက်ဆီးတတ်ကုန်၏။ အပါယ်၌ နစ်မြုပ်တတ်ကုန်၏။ ထိုအကြောင်းကို သိသော ပညာရှိသည် မိန်းမတို့ကို ဝေးဝေးမှ ရှောင်ကြဉ်ရာ၏။ မိန်းမတို့ကား - ယောကျ်ားတို့ကို အလိုဆန္ဒတူမျှဖြင့် လည်းကောင်း၊ ပစ္စည်းဥစ္စာဖြင့်လည်းကောင်း ပေါင်းသင်ဆက်ဆံကြ၏။ မီးသည် မိမိမှီရာထင်းကို လောင်ကျွမ်းစေသကဲ့သို့ မိမိတို့ ပေါင်းသင်းဆက်ဆံမှီခိုရာ ယောကျ်ားကို လျင်မြန်စွာ လောင်ကျွမ်းစေကုန်၏” –
ဟု ရသေ့အား ပြောဆိုလေ၏။ ရသေ့လည်း မင်းသား၏ စကားကိုကြား၍ သမုဒ္ဒရာအလယ်မှာပင် ကွယ်ပျောက်လေပြီးသောဈာန်ကို တစ်ဖန်ဖြစ်စေ၍ ကောင်းကင်ခရီးဖြင့်ပင် မိမိနေရာသို့ သွားလေ၏။
ရသေ့အားကျ တရားရ
[ပြင်ဆင်ရန်]အနိတ္ထိဂန္ဓမင်းသားသည် ရသေ့၏ အာနုဘော်ကို မြင်လျှင် ဤရသေ့ကား လေးသော ကိုယ်ရှိလျက် ဝါဂွမ်းစိုင်ကဲ့သို့ ကောင်းကင်၌ ပျံသန်းကာ သွားနိုင်၏။ ငါသည်လည်း ဈာန်ကိုဖြစ်စေ၍ ကောင်းကင်၌သွားခြင်းငှာ သင့်၏ဟု ကြံစည်ပြီးလျှင် ကျောင်းသင်္ခမ်းသို့သွားကာ ထိုကချေသည်မကို လူ့ပြည်သို့ဆောင်ပြီးလျှင် သင်အလိုရှိရာ သွားလေတော့ဟု လွှတ်လိုက်၏။ မိမိမူကား တောသို့ဝင်ကာ ရသေ့ရဟန်းပြုပြီးလျှင် ကသိုဏ်းပရိကံကို အားထုတ်စီးဖြန်းလျက် အဘိညာဉ်သမာပတ်ကု ဖြစ်စေ၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားလေ၏။
ဤဒေသနာတော်ကိုဆောင်၍ သစ္စာကိုပြသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းသည် သောတာပတ္တိဖိုလ်၌တည်လေ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ အနိတ္ထိဂန္ဓမင်းသားသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) မိန်းမတို့မူ၊ စင်ကြယ်သူ၊ စွန်းမြူညစ်ထေးစေ။
(၂) ကျင့်ဖျက်, လိမ်လည်၊ မာယာသည်၊ ရောက်သည်ပါယ်လေးထွေ။
(၃) မှီရာယောကျ်ား၊ အိမ်ရှင်အား၊ မီးလားပူလောင်ပေ။
စူဠပလောဘနဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။