စူဠကာလိင်္ဂဇာတ်

ဝီကီပီးဒီးယား မှ

စတုက္ကနိပါတ် - ၁။ ကာလိင်္ဂဝဂ် -(၃၀၁) စူဠကာလိင်္ဂဇာတ်။ ။

ဉာဏ်ဝီရိယရှိသော အဿကမင်းသည် ကာလိင်္ဂမင်း၏ ကိုယ်စောင့်နတ်ကို လှံဖြင့် ထိုးသတ်လိုက်ရာမှ စစ်တပ်ပျက်၍ စစ်ရှုံးနိမ့်သော ဉာဏ်ဝီရိယကင်းသည့် ကာလိင်္ဂမင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ဝါဒစွမ်းပြ နိဂဏ္ဌ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဝေသာလီပြည်ဝယ် ခုနစ်ထောင်ခုနစ်ရာ့နှစ်ယောက်သော လိစ္ဆဝီမင်းတို့သည် နေကြကုန်၏။ ထိုမင်းတို့သည် မေးမြန်းခြင်း၊ အတုံ့ပြန်မေးခြင်းကို နှစ်သက်ကြကုန်၏။

ထိုအခါ ဝါဒငါးရာတို့၌ လိမ္မာသော နိဂဏ္ဌတစ်ယောက်သည် ရောက်လာ၏။ ဝါဒငါးရာတို့၌ပင် လိမ္မာသော နိဂဏ္ဌမတစ်ယောက်သည် ရောက်လာပြန်၏။ လိစ္ဆဝီမင်းတိုသည် ထိုနိဂဏ္ဌနှစ်ယောက်တို့ကို အချင်းချင်း မေးမြန်းခြင်း၊ ဖြေဆိုခြင်း၊ စကားပြောဆိုခြင်းကို ပြုစေကုန်၏။ တူမျှသော အစွမ်းသတ္တိ ရှိကြကုန်၏။

လိစ္ဆဝီမင်းတို့သည် နိဂဏ္ဌနှစ်ယောက်တို့ကို ထိမ်းမြားလက်ထက်စေကုန်လတ်သော် မွေးဖွားလာသော သားသမီးတို့သည် အလွန်လိမ္မာကြကုန်လတ္တံ့ဟု ကြံစည်ကာ ထိမ်းမြားလက်ထပ်စေကုန်လျက် အတူတကွ နေစေကုန်၏။ နောက်အခါ သမီးလေးယောက် ဖွားမြင်ကုန်၏။ ထိုသမီးတို့သည် သစ္စကာ၊ လောလာ၊ ဘဝဓာရိက၊ ပဋိစ္ဆဒါဟု အမည်မှည့်ကုန်၏။ နောက်သားတစ်ယောက် မွေးဖွားပြန်၏။ ထိုသားကို သစ္စကဟု အမည်မှည့်ကြကုန်၏။ သားသမီးတို့သည် အရွယ်သို့ရောက်လတ်သော် အမိဘက် ဝါဒငါးရာ၊ အဖဘက်က ဝါဒငါးရာအားဖြင့် ဝါဒတစ်ထောင်ကို သင်ယူကြကုန်၏။

ပုစ္ဆာမေးဘိ မြို့ရွာလှည့်[ပြင်ဆင်ရန်]

အမိအဖတို့သည် သမီးလေးယောက်တို့အား “ချစ်သမီးတို့ ... သင်တို့အယူဝါဒကို ဖျက်ဆီးနိုင်သူတို့ ခြေရင်း၌လူဖြစ်မူ အလုပ်အကျွေးမယား ပြုရစ်ကြကုန်၊ ရဟန်းဖြစ်မူ ရဟန်းပြုရစ်ကြကုန်” ဟု အဆုံးအမပေးကုန်၏။ နောက်အဖို့၌ မိဘတို့သေလွန်သည်ရှိသော် သစ္စကသည် ဝေသာလီပြည်၌ပင် လိစ္ဆဝီမင်းတို့အား ပညာသင်ကြားကာနေ၏။ သမီးလေးယောက်တို့ကား သပြေခက်ကိုကိုင်ကာ ပစ္ဆာမေးရန် မြို့ရွာအစဉ်အတိုင်း လှည့်လည်ကြကုန်၏။

သာဝတ္ထိပြည်သို့ရောက်လတ်သော် မြို့တစ်ခါး၌ မြေပုံစုတွင် သပြေခက်ကိုစိုက်ခဲ့၍ ပုစ္ဆာကို ဖြေဆိုနိုင်သူသည် ဤမြေပုံစုကို ခြေနှင့်ကြဲ၍ ဤသပြေခက်ကိုလည်း ခြေဖြင့်နင်းစေသတည်းဟု အနီးအနားရှိ လူတို့ကို မှာထားကာ မြို့တွင်းသို့ ဆွမ်းခံဝင်ကြကုန်၏။

ဝါဒပြိုင်ပွဲ ဆင်ယင်နွှဲ[ပြင်ဆင်ရန်]

ရှင်သာရိပုတ္တရာ ဆွမ်းခံဝင်သည်ရှိသော် တံခါး၌စိုက်ထားသော သပြေခက်ကိုမြင်၍ မေးမြန်းရာ ထိုအကြောင်းကို သူငယ်တို့ လျှောက်ထားလေလျှင် သူငယ်တို့ကိုပင် ဖျက်ဆီးစေ၍ သပြေခက်စိုင်သူများ လာသောအခါ ပုစ္ဆာမေးမြန်းလိုလျှင် ဇေတဝန်ကျောင်းတော် တံခါးမုခ်သို့ လာကြရန် မှာထားပြီးလျှင် မြို့တွင်းသို့ ဆွမ်းခံဝင်၍ ဆွမ်းစားပြီးသော် တံခါးမုခ်၌ နေတော်မူလင့်၏။

ပရိဗိုဇ်မတို့လည်း ဆွမ်းခံရာမှလာလတ်သော် သပြေခက်ကို နင်းထားသည်ကိုမြင်၍ မေးမြန်းကြရာ ရှင်သာရိပုတ္တရာ နင်းသွားကြောင်း၊ ပုစ္ဆာမေးလိုလျှင် ဇေတဝန်ကျောင်းတော် တံခါးမုခ်သို့ လာရမည်ဖြစ်ကြောင်းကို သူငယ်တို့က ပြောကြားလေ၏။ ပရိဗိုဇ်မတို့သည် တစ်ဖန်မြို့တွင်းသို့ဝင်၍ လူစုရုံးကာ ပုစ္ဆာမေးမြန်းရန် ဇေတဝန်ကျောင်းတော် တံခါးမုခ်သို့သွား၍ ရှင်သာရိပုတ္တရာကိုတွေ့လျှင် ဝါဒတစ်ထောင်ကို မေးမြန်းကြကုန်၏။ ရှင်သာရိပုတ္တရာလည်း ဖြေကြားတော်မူ၏။ တစ်ပါးသော ဝါဒကို သိကြကုန်သေးသလောဟု မေး၏။ မသိပါကုန်ဟု လျှောက်ကြရာ ငါသည် သင်တို့အား ပုစ္ဆာမေးမြန်းလိုသည်ဟု မေးလေလျှင်၊ မေးတော်မူပါ၊ သိလျှင် ဖြေဆိုပါမည်ဟု လျှောက်ထားကြကုန်၏။

ဝါဒရူးမှု ရဟန်းပြု[ပြင်ဆင်ရန်]

ထိုအခါ ရှင်သာရိပုတ္တရာသည် ပရိဗိုဇ်မတို့အား “တစ်ခုမည်သည်ကား အဘယ်တရားနည်း” ဟု မေးတော်မူ၏။ “အရှင် မသိပါကုန်” ဟု လျှောက်၏။ ရှင်သာရိပုတ္တရာကိုယ်တိုင်ပင် ဖြေဆိုတော်မူ၏။ ထိုအခါ ပရိဗိုဇ်မတို့သည် “အရှင် ... အကျွန်ုပ်တို့ရှုံး၍ အရှင်အောင်မြင်ပါပြီ၊ အကျွန်ုပ်တို့ အဖိအဖတို့သည် ‘ချစ်သမီးတို့ ...သင်တို့အယူဝါဒကို ဖျက်ဆီးသူတို့ခြေက်ရင်း၌ လူဖြစ်မူ အလုပ်အကျွေးမယား ပြုရစ်ကြကုန်၊ ရဟန်းဖြစ်မူ ရဟန်းပြုရစ်ကြကုန်’ ဟု မှာထားခဲ့ပါသည်။ သို့အတွက် အရှင်၏ခြေတော်ရင်း၌ ရဟန်းပြုကြပါမည်” ဟု လျှောက်ထားကြကုန်၏။ ရှင်သာရိပုတ္တရာလည်း ပရိဗိုဇ်မတို့အား ရှင်ဥပ္ပလဝဏ်ထေရီမထံ ရဟန်းပြုစေကုန်၏။ မကြာမြင့်မီ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် ရှင်သာရိပုတ္တရာမထေရ်နှင့် ထိုပရိဗိုဇ်မတို့အကြောင်း စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... သာရိပုတ္တရာသည် ယခုအခါ၌သာ ထိုမိန်းမတို့ ကိုးကွယ်ရာဖြစ်သည်မဟုတ်၊ ရှေးအခါ၌လည်း ကိုးကွယ်ရာဖြစ်ဖူးပြီ၊ ယခုအခါသာ ရဟန်းအဖြစ်ကို ပေးသည်မဟုတ်၊ ရှေးအခါ၌လည်း မိဖုရားအဖြစ်ကို ပေးခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

စစ်ထိုးလိုခြင်း ကာလိင်္ဂမင်း[ပြင်ဆင်ရန်]

လွန်လေပြီးသေအခါ ကာလိင်္ဂတိုင်း ဒန္တပုရိမြို့၌ ကာလိင်္ဂမင်း မင်းပြုသည်ရှိသော် အဿကတိုင်း ပါဋလိပုတ်ပြည်၌လည်း အဿကမင်း မင်းပြုလေ၏။ ကာလိင်္ဂမင်းသည် စစ်သည်ဗိုလ်ပါနှင့် ပြည့်စုံ၏။ ဆင်ပြောင်အားကို ဆောင်နိုင်၏။ အမြဲ စစ်ထိုးဘက်ကို ရှာ၍နေ၏။

တစ်နေ့သ၌ ကာလိင်္ဂမင်းသည် အမတ်တို့အား “အမတ်တို့ ... ငါသည် စစ်ထိုးလို၏၊ စစ်ထိုးဘက်ကိုမမြင်၊ အဘယ်သို့ပြုအံ့နည်း” ဟု မေးလေ၏။ အမတ်တို့သည် “မြတ်သောမင်းကြီး ... အကြောင်းဥပါယ်တစ်ခုရှိ၏။ အရှင်မင်းကြီး၏ သမီးတော်လေးယောက်တို့သည် မြတ်သောအဆင်းကို ဆောင်ကုန်၏။ ထိုသမီးတော်လေးယောက်တို့ကို တန်ဆာဆင်စေလျက် ယာဉ်ပေါင်းချုပ်မှာ စီးစေပြီးလျှင် စစ်သည်ဗိုလ်ပါအပေါင်း ခြံရံကာ ရွာ၊ နိဂုံး၊ မင်းနေပြည်သို့ လှည့်လည်စေ၍ သမီးတော်တို့ကို ယူလိုသောမင်းနှင့် စစ်ထိုးမည်။ စစ်ထိုးဝံ့လျှင် ယူကြကုန်လော့ဟု ကြေညာစေလျှင် ကောင်းမည်” ဟု လျှောက်ကြကုန်၏။

စစ်ထိုးလိုသူ သမီးတော်ယူ[ပြင်ဆင်ရန်]

ကာလိင်္ဂမင်းကြီးလည်း အမတ်တို့ နည်းပေးသောအတိုင်း စီမံကာ သမီးတော်တို့ကို လွှတ်၍ ကြေညာစေ၏။ သမီးတော်တို့ ရောက်တိုင်း၊ ရောက်တိုင်းသော အရပ်တို့၌ မင်းတို့သည် အလွန်ကြောက်လန့်ကြသဖြင့် မြို့တော်သို့ မဝင်စေဘဲ လက်ဆောင်ပဏ္ဏာကိုသာ ဆက်သစေ၍ လွှတ်လိုက်ကြကုန်၏။

သမီးတော်ယူသည် စစ်ထိုးမည်[ပြင်ဆင်ရန်]

ဇမ္ဗူဒိ်ပ်ကျွန်းအလုံးကို လှည့်လည်ကြေညာရာ အဿတိုင်း ပါဋလိပုတ်မြို့တော်သို့ ရောက်ကုန်၏။ အဿမင်းလည်း အလွန်ကြောက်လန့်သဖြင့် မြို့တံခါးတို့ကို ပိတ်စေ၍ လက်ဆောက်ပဏ္ဏာကိုသာ ပို့စေ၏။ ထိုအဿမင်းအား နန္ဒိသေနမည်သော အမတ်သည် ပညာရှိ၏။ အကြောင်းဥပါယ်၌ လိမ္မာ၏။ ထိုနန္ဒိသေနအမတ်သည် ဤမင်းသမီးတို့ လှည့်လည်ကြေညာ၍လာရာ စစ်ထိုးဘက်ကို မရကုန်၊ သို့ဖြစ်လျှင် ဇမ္ဗူဒိပ်ကျွန်းအလုံးသည် အချည်းနှီးဖြစ်ရာ၏။ ငါသည် ကာလိင်္ဂမင်းနှင့် စစ်ထိုးမည်ဟု ကြံစည်ပြီးလျှင် - မြို့တံခါးသို့သွား၍ တံခါးစောင့်ကို ခေါ်ကာ -

“အမောင် ... ဤမင်းသမီးတို့ကို မြို့တွင်းသို့ဝင်ကြပါစေ၊ အရုဏမင်း၏ ပုရိသသီဟဖြစ်၍ ကောင်းစွာဆုံးမအပ်ပြီးသော နန္ဒိသေနအမတ်ကြီး ဖြစ်သောငါသည် တံခါးကို အဖွင့်ခိုင်း၏။ သင့်တို့ ဖွင့်ကြကုန်” –

ဟု တံခါးစောင့်အား ပြောဆိုကာ မြို့တံခါးကို ဖွင့်စေပြီးလျှင် မင်းသမီးတို့ယူ၍ အဿကမင်းကြီးအား ဆက်သပြီးလျှင် “အရှင်မင်းကြီး ... မကြောက်ပါလင့်၊ စစ်ထိုးရသော် အကျွန်ုပ် နိုင်အောင် ထိုးပါမည်၊ ဤမင်းသမီးတို့ကား မြတ်သောမင်းသမီးတို့တည်း၊ အဘိသိက်သွန်း၍ မိဖုရားကြီးများ ပြုတော်မူလော့” လျှောက်ထား၍ အဘိသိက်သွန်းစေ၏။ မင်းသမီးတို့နှင့် ပါလာသော စစ်သည်ဗိုလ်ပါတို့ကိုလည်း “သမီးတော်များကို အဿကမင်းကြီး မိဖုရားကြီးတို့အရာ၌ ထားသောအဖြစ်ကို သင်တို့ တင်လျှောက်ထားပါကုန်” ဟု မှာထားကာ ပြန်၍ လွှတ်လိုက်၏။

တိုင်းကြားနှစ်ခု စစ်ပွဲပြု[ပြင်ဆင်ရန်]

စစ်သည်ဗိုလ်ပါတို့လည်း ရောက်လျှင် မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားကြကုန်၏။ ထိုအခါ ကာလိင်္ဂမင်းကြီးသည် အဿကမင်းကား ငါ၏အစွမ်းကို မသိယောင်တကားဟု ခဏချင်းလျှင် စစ်သည်ဗိုလ်ပါနှင့်တကွ ထွက်လေ၏။ နန္ဒိသေနအမတ်လည်း ကာလိင်္ဂမင်း လာသည်ကို သိလျှင် စစ်သည်ဗိုလ်ပါနှင့်တကွ မိမိတို့နိုင်ငံ အပိုင်းအခြားသို့ ထွက်ကာ စောင့်လင့်၏။ ငါတို့နိင်ငံအပိုင်းအခြားသို့ မကျူးနှင့်၊ မင်းနှစ်ပါးတို့ နိုင်ငံအပိုင်းအခြား၌ စစ်ထိုးခြင်းဖြစ်လိမ့်မည် - ဟု သတင်းစားကို ပို့စေ၏။ ကာလိင်္ဂမင်းလည်း သတင်းစကားကိုကြားလျှင် မိမိနိုင်ငံ အပိုင်းအခြား၌သာ နေ၏။

ရှုံး, နိုင်အမှု မေးလျှောက်ပြု[ပြင်ဆင်ရန်]

ထိုအခါ ဘုရားအလောင်းသည် ရသေ့ရဟန်းပြုကာ မင်းနှစ်ပါးတို့ တိုင်းအကြား၌ ကျောင်းဆောက်၍နေ၏။ ကာလိင်္ဂမင်းသည် ရဟန်းတို့မည်သည် ပညာရှိ၏။ အရှုံးအနိုင်ကိုသိရအောင် မေးမည်ဟု ကြံစည်ကာ မထင်ရှားသော အသွင်ဖြင့် ရသေ့ထံကပ်ကာ ပဋိသန္ဓာရစကား ပြောဆိုပြီးလျှင် “အရှင်ဘုရား ... ကာလိင်္ဂမင်းနှင့် အဿကမင်းတို့ စစ်ထိုးရန် စီစဉ်နေကြပါသည် အဘယ်မင်း နိုင်၍ အဘယ်မင်း ရှုံးမည်နည်း” ဟု လေဆာက်၏။ “ဒါယကာ ... ငါကားအနိုင်အရှုံးကိုမသိ၊ စင်စစ်ကား ငါ့ထံ သိကြားမင်း လာလေ့ရှိ၏။ ၎င်းကိုမေး၍ ငါပြောမည်၊ နက်ဖြန်မှ လာခဲ့” ဟု ပြောလိုက်၏။

ရသေ့သည် သိကြားမင်းလာသောအခါ ထိုအကြောင်းကိုမေးလျှင် သိကြားမင်းသည် “အရှင်ဘုရား ... ကာလိင်္ဂမင်း နိုင်လတ္တံ့၊ အဿမင်း ရှုံးလတ္တံ့၊ ဤမည်သော ပုဗ္ဗနိမိတ်ထင်လတ္တံ့” ဟု လျှောက်ထားလေ၏။ နက်ဖြန် ကာလိင်္ဂမင်း လာ၍မေးလျှင် - ကာလိင်္ဂမင်းနိုင်၍ အဿကမင်းရှုံးမည့်အကြောင်းကို ပြောကြား၏။ ကာလိင်္ဂမင်းလည်း ဝမ်းမြောက်ဝမ်းသာ ပြန်၍သွား၏။ ထိုစကားပျံ့နှံ့၍သွားရာ အဿကမင်း ကြားလေ၏။ ထိုအခါ နန္ဒိသေနအမတ်ကိုခေါ်၍ိထိုအကြောင်းကို ပြောပြန်ရာ အမတ်လည်း “အရှင်မင်းကြီး ... မစိုးရိမ်ပါလင့်၊ အနိုင်အရှုံးကို ဘယ်သူ သိနိုင်အံ့နည်း”ဟု အားပေးလျှောက်ထားလေ၏။

ကိုယ်စောင့်နတ်များ နွားလားဖန်ဆင်း စစ်ထိုးခြင်း[ပြင်ဆင်ရန်]

ထိုနောက် နန္ဒိသေနအမတ်သည် ရသေ့ထံကပ်၍ - “အရှင်ဘုရား ... ဘယ်မင်းနိုင်၍ ဘယ်မင်းရှုံးမည်နည်း” ဟု လျှောက်၏။ “ဒါယကာ ... ကာလိင်္ဂမင်း နိုင်လတ္တံ့၊ အဿမင်း ရှုံးလတ္တံ့” ဟု ပြော၏။ “အရှင်ဘုရား ... ပုဗ္ဗနိမိတ် အဘယ်သို့ထင်လတ္တံ့နည်း” ဟု လျှောက်ရာ၊ “ဒါယကာ ... နိုင်မည့်မင်း၏ အစောင့်နတ်သည် အလုံးစုံဖြူသော နွားဥသဘဖြစ်လတ္တံ့၊ ရှုံးမည့်မင်း၏ အစောင့်နတ်သည် အလုံးစုံနက်သော နွားဥသဘဖြစ်လတ္တံ့၊ ထိုနတ်နှစ်ပါးတို့ ရှေးဦးစွာ စစ်ထိုး၍ အနိုင်အရှုံးကို ပြကုန်လတ္တံ့” ဟု ပြောကြားလိုက်၏။

ထိုအခါ နန္ဒိသေနအမတ်သည် မင်း၏အဆွေခင်ပွန်းဖြစ်ကုန်သော သူရဲကြီးတစ်ထောင်တို့ကို အနီးရှိတောင်ပေါ်သို့ခေါ်၍ “အချင်းတို့ ... သင်တို့သည် မင်းကြီးအား အသက်ကို စွန့်နိုင်ပါမည်လော” ဟု မေးပြန်ရာ၊ “အရှင် ... ခုန်ချဝံ့ပါ၏” ဟု ပြော၏။ “အချင်တို့ ... ကောင်းပြီ တောင်ကမ်းပါးပြတ်၌ ခုန်ချသဖြင့် အကျိုးမရှိ၊ မင်းအား ချစ်သောစိတ်ဖြင့် မဆုတ်မနစ် စစ်ထိုးကြကုန်လော့” ဟု တိုင်ပင်ညီညွတ်ကာ သွေးစည်း၍ထားကြကုန်၏။

ကာလိင်္ဂမင်းသည် သိကြားမင်း ပြောကြား၏။ ငါမုချနိုင်မည်ဟု လုံ့လမပြု၊ စစ်သည်တို့လည်း ငါတို့မင်းကြီး နိုင်လိမ့်မည်ဟု ပေါ့လျော့ကာ စည်းလုံးညီညွတ်ခြင်းမရှိကုန်၏။ တကွဲတပြား အစုလိုက်၊ အစုလိုက်သာ ဖြစ်ကုန်၏။

မင်းနှစ်ပါးလုံးပင် တိုက်ပွဲဆင်[ပြင်ဆင်ရန်]

မင်းနှစ်ပါးတို့သည် စစ်ထိုးရန် မြင်းစီး၍ ထွက်ကြကုန်၏။ တစ်ဦးကိုတစ်ဦး ချဉ်းကပ်ကြကုန်၏။ အစောင့်အရှောက်နတ်တို့လည်း မင်းနျစ်ပါးရှေ့မှထွက်ကာ စစ်ထိုးရန် တစ်ဦးနှင့်တစ်ဦးကို ချဉ်းကပ်ကြကုန်၏။ ထိုနတ်တို့ကို မင်းနှစ်ပါးတို့သာ မြင်ရကုန်၏။ တခြားသူတို့ မမြင်ရကုန်၏။ ထိုအခါ နန္ဒိသေနအမတ်သည် “မင်းကြီး ... အစောင့်အရှောက်နတ်များကို မြင်၏လော” ဟု မေး၏။ မင်းကြီးလည်း မြင်၏ဟု ပြော၏။ ငါ၏နတ်ကား နွားလားဥသဘအဖြူကြီး ဖြစ်သည်ဟု မိန့်ကြား၏။ “အရှင်မင်းကြီး ... မကြောက်နှင့် အကျွန်ုပ်တို့နိုင်အောင် တိုက်မည်၊ သင်မင်းကြီးသည် မြင်းမှဆင်းသက်၍ ဤလှံကိုကိုင်ပြီးလျှင် မြင်းကို မြောက်ဘက်နံပါး၌ထာကာ လက်ဝဲလက်ဖြင့် ထောက်လျက် ဤသူရဲကြီးတစ်ထောင်နှင့် လျင်မြန်စွာသွား၍ ကာလိင်္ဂမင်း၏ အစောင့်အရှောက်နတ်ကို လှံဖြင့်ထိုးလော့၊ နောက်မှ အကျွန်ုပ်တို့ သူရဲကြီးတစ်ထောင်တို့သည် မင်းကြီးထိုးရာအရပ်ကို လှံတစ်ထောင်ဖြင့် ထိုးကြကုန်အံ့၊ ထိုအခါ နတ်သည် ပျက်စီးလတတ္တံ့၊ နတ်ပျက်စီးသော် ကာလိင်္ဂမင်း ရှုံးလတ္တံ့၊ အကျွန်ု်တို့ နိုင်လတ္တံ့” ဟု စီစဉ်လျှောက်ထားလေ၏။

ဝီရိယမသုံး ကာလိင်္ဂရှုံး[ပြင်ဆင်ရန်]

အဿကမင်းလည်း နန္ဒိသေနအမတ် စီစဉ်နည်းပေးသောအတိုင်သွား၍ ကာလိင်္ဂမင်း၏ အစောင့်အရှောက်နတ်ကို လှံဖြင့် တအားထိုးလေ၏။ သူရဲကောင်းတစ်ထောင်တို့လည်း မင်းကြီးထိုးရာသို့ ဝိုင်း၍ထိုးကြကုန်၏။ထိုအခါ ကာလိင်္ဂမင်း၏ အစောင့်အရှောက်နတ်သည် ထိုအရပ်မှာပင် သေလေ၏။ နတ်သေလျှင် ကာလိင်္ဂမင်းသည် ချက်ချင်းရှုံး၍ ပြေးလေ၏။ သူရဲကြီးတစ်ထောင်တို့သည် “ကာလိင်္ဂမင်း ရှုံး၍ပြေးပြီ၊ ကာလိင်္ဂမင်း ရှုံး၍ပြေးပြီ” ဟု ညာသံပေးကြကုန်၏။

ကာလိင်္ဂမင်းလည်း သေဘေးမှကြောက်သဖြင့် အတင်းပြေးလွှားလျက် -

“အို - အကျင့်မြတ်ကိုကျင့်သောရသေ့ ... သင်ကား သည်းခံရန်ခက်၍ သည်းမခံနိုင်သော ကာလိင်္ဂတိုင်းသားတို့ နိုင်လတ္တံ့၊ အဿကတိုင်းသားတို့ ရှုံးလတ္တံ့-ဟု ပြောဆိုခဲ့၏။ ဖြောင့်မှန်သူတို့သည် လွှဲမှားသောစကားကို မဆိုကြကုန်” –

ဟု ရသေ့ကို မြည်တွန်ဆဲရေးကာ မိမိနေရာ မြို့တော်သို့ သွားလေ၏။ နောက်သို့ပြန်၍ မကြည့်ဝံ့လေ။

နှစ်ရက်၊ သုံးရက်လွန်သဖြင့် သိကြားမင်းသည် လာပြန်လျှင် ရသေ့သည် သိကြားမင်းအား -

“သိကြားမင်း ... နတ်တို့သည် မဟုတ်မမှန်သော စကားကို ဆိုကြကုန်သည် မဟုတ်လော၊ ဟုတ်မှန်သော စကားသည်ချစ်ခင်ကြသည် မဟုတ်လော၊ နတ်မင်း .... သင်သည် အဘယ်ကြောင့် မဟုတ်မမှန်သောစကားကို ဆိုဘိသနည်း” –

ဟု ပြစ်တင်ကဲ့ရဲ့ကာ ပြောဆိုလေ၏။ သိကြားမင်းလည်း ရသေ့စကားကိုကြားလျှင် -

“အရှင်ဘုရား ... နတ်တို့ကား ပြောဆိုရုံသာ ပြောဆိုနိုင်ကြကုန်၏။ လုံ့လကို မပြုနိုင်ကုန်။ အရှင်ဘုရား ... ဤစကားကို ကြားဖူးသည် မဟုတ်ပါလော၊ အဿကတိုင်းသားတို့မှာ ကိုယ်ကိုဆုံးမခြင်း၊ စိတ်၏မကွဲ မပြိုသော သမာဓိရှိခြင်း၊ လုံ့လပြုရာ၌ အညီအညွတ်ထွက်ခြင်း၊ မြဲမြံသော လုံ့လရှိခြင်းတို့နှင့် ပြည့်စုံကုန်၏။ ထို့ကြောင့် စစ်နိုင်ကြသည်” –

ဟု ရသေ့အား ဘယ်လိုပင်ပြောသော်လည်း လုံ့လပြုမှနိုင်ကြောင်း၊ လုံ့လမပြုလျှင် ရှုံးနိမ့်ကြောင်းကို လျှောက်ထားလေ၏။

ဤသို့လျှင် ကာလိင်္ဂမင်း ပြေးသည်ရှိသော်အဿကမင်းသည်ပစ္စည်း၊ ဥစ္စာ၊ လက်နက် စသည်တို့ကို သိမ်းယူကာ မိမိနေရာမြို့တော်သို့ သွားလေ၏။ နန္ဒိသေနအမတ်လည်း မင်းသမီး လေးယောက်တို့ကို ရသင့်ရထိုက်သော အမွေအနှစ်တို့ကို အမြန်ပို့လာရမည်ဟု ကာလိင်္ဂမင်းထံ အကြောင်းကြားပြန်၏။ ကာလိင်္ဂမင်းလည်း အလွန်ကြောက်ရွံ့သဖြင့် အမွေအနှစ်တို့ကို အမြန်ပို့စေ၏။ ထိုအခါမှစ၍ မင်းနှစ်ပါးတို့သည် အချင်းချင်း သင့်တင့်ညီညွတ်စွာ နေကြကုန်၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သမီးတော်လေးယောက်တို့သည် - ယခုအခါ ရဟန်းမိန်းမလေးယောက်။

နန္ဒိသေနအမတ်သည် - သာရိပုတ္တရာ။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) တည်ကြည်ဆုံးမ၊ ညီညွတ်ကြ၊ လုံ့လရှိရမည်။

(၂) ပြောရုံမပြီး၊ လုပ်မှပြီး၊ ခရီးရောက်နိုင်မည်။

(၃) မင်းအဿက၊ ကာလိင်္ဂ၊ မှတ်ကြထုံးတမည်။

စူဠကာလိင်္ဂဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ