စု၊ ဒေါ်ဒေါ်(မြန်မာအမျိုးသမီးသမဂ္ဂ ဥက္ကဋ္ဌ)

ဝီကီပီးဒီးယား မှ

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် မြန်မာဝံသာနုအမျိုးသမီး၏ နိုင်ငံရေးလုပ်ဆောင်ချက်များကို ချန်လှပ်ထား၍ မဖြစ်နိုင်ပါ။ အမျိုး၊ ဘာသာ၊ သာသနာ ပညာပြန့်ပွားရေးအတွက် မြန်မာအမျိုးသမီးများသည် ကိုလိုနီကျွန်ဘဝကပင် ယနေ့တိုင်အောင် အသင်းအဖွဲ့များတည်ထောင်၍ စည်းရုံးလှုပ်ရှားခဲ့ပုံများမှာ မြန်မာ့သမိုင်းစာမျက်နှာ၌ အထင်အရှား တွေ့နိုင်ပေသည်။

ရှေးဦးတည်ထောင်ဖွဲ့စည်း၍ လှုပ်ရှားခဲ့သော မြန်မာအမျိုးသမီးအသင်းအဖွဲ့များ၌ မြန်မာကုမ္မာရီအသင်း ခေါ် မြန်မာအမျိုးသမီးသမဂ္ဂ (Burmese Women’s Union) မြန်မာအမျိုးသမီး ဝံသာနုကုမ္မာရီအသင်း (Young Women Buddhist Association – YWBA) ဗြဟ္မာစရိကုမ္မာရီအသင်း၊ မိန်းမကုမ္မာရီအသင်း၊ သုဓမ္မစာရီအသင်း၊ ဓမ္မစာရီအသင်းတို့မှာ ထင်ရှားခဲ့သည်။

၁၉၁၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာကုမ္မာရီအသင်း ခေါ် မြန်မာအမျိုးသမီးသမဂ္ဂကို ဒေါ်ဒေါ်စု၊ ဒေါ်ဖွားသစ်၊ ဒေါ်ခင်စော၊ ဒေါ်လှမေတို့ ဦးစီး၍ ဖွဲ့စည်းတည်ထောင်ခဲ့သည်။

အသင်းတည်ထောင်ရခြင်းနှင့်ပတ်သတ်၍ အသင်းဖွဲစည်းပုံ မှတ်တမ်းစာအုပ်၌ “ဤဘဒ္ဒကမ္ဘာ သတ္တလောကဘုံကြီး၌ မိန်းမတို့သည် ရှေးဦးစွာ ပေါ်ထွန်းရကားလောက၏ အရှင်မိခင်အစစ်ဖြစ်ပေသည် ပေသည်တကား၊ မိခင်ဖြစ်ကြသူ မိန်းမများအနက် မဟာမဟာဒေဝီမှအစ ယသော်ဓရာ၊ ခေမာ၊ ဥပ္ပလဝဏ်၊ ဧတဂ်ရရဟန္တာ မိန်းမမြတ်တို့အပြင် ဝိသာခါ၊ ခုဇ္ဇုတ္တရာ၊ နန္ဒမာလာ စသော အကျော်ဇေယျ အမျိုးသမီးတို့နှင့် ရာဇဝင်ထင်ရှားခဲ့သည့် မိဘုရားကြီးဖွားစော၊ မွန်ဘုရင်မကြီး ရှင်စောပု စသည်တို့၏ ဂုဏ်အင်များကို အောက်မေ့ကာ ထိုမိန်းမမြတ်များကို စံနမူနာ ဦးထိပ်ထားလျက် ဤရန်ကုန်မြို့တော်တွင် သက္ကရာဇ် ၁၂၈၁ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၁၉၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်) တနင်္ဂနွေနေ့တွင် မြန်မာအမျိုးသမီး သမဂ္ဂ ကို ဖွဲ့စည်းတည်ထောင် အောင်မြင်ပါကြောင်းဟူ၍ ဖော်ပြထားလေသည်။

မြန်မာအမျိုးသမီးသမဂ္ဂကို ဥက္ကဋ္ဌ အဖြစ် ရိက္ခာတော်ရ စည်ပင်သာယာမြေ အရေးပိုင် ကတော် ဒေါ်ဒေါ်စု၊ အကျိုးဆောင် အတွင်းရေးမှူးအဖြစ် ဒေါ်ဖွားသစ်၊ တွဲဖက်အကျိုးတော်ဆောင်များအဖြစ် ဒေါ်ခင်စောနှင့် ဒေါ်လှမေ (အာဇာနည် ဒီးဒုတ်ဦးဘချို၏ဇနီး) အမှုဆောင်များအဖြစ် တရားလွှတ်တော်ဝန်ကြီး ကတော် ဒေါ်စောတင်၊ ရှူးဖိနပ်ကုမ္ပဏီပိုင်ရှင် ဦးဘကြူး ကတော် ဒေါ်စောခင်၊ မြို့တော်ဝန် ဦးသင်းမောင် ကတော် ဒေါ်တင်၊ ဆရာကြီး ဦးဘသိန်း ကတော် ဒေါ်ဌေး၊ ဒေါ်ငွေရင်၊ ဒေါ်ငွေရှင်နှင့် မော်တင်ဈေးမှ ဒေါ်မြမေ စသည့် အမျိုးသမီးကြီ်းများက ဦးစီး၍ ကော်မတီဝင်အမှုဆောင် ၂၀ ဖြင့် တည်ထောင်ခဲ့ကြသည်။ ထိုစဉ်က အသင်းဝင်ဦးရေ ၃၀၀ ခန့်ရှိ၍ အမြို့မြို့အနယ်နယ်၌ အသင်းခွဲများ ဖွဲ့စည်းထားသည်။

အသင်း၏ရည်ရွယ်ချက်မှာ မြန်မာအမျိုးသမီးများ၏အကျိုးကို သယ်ပိုးဆောင်ရွက်ရန်၊ ပညာဗဟုသုတ အတွက် အားပေးရန်၊ မြန်မာလူမျိုးတို့၏ ကိစ္စတစုံတရာ ပေါ်ပေါက်လာပါက အသင်းကကူညီအားပေးရန်တို့ ဖြစ်သည်။ အသင်းဝင်များ ဖတ်ရှုလေ့လာရန် စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ လူမျိုးခြားကို လက်မထက်ဘဲ မြန်မာချင်းသာ လက်ထက်ရန် နှိုးဆော်ခြင်း၊ ဗုဒ္ဓဘာသာ မြန်မာအချင်းချင်း ကူညီရိုင်းပင်းရန် ဟောပြောခြင်း၊ ဗုဒ္စဘာသာစာပေ တိုးတက်အောင်ဆောင်ရွက်ခြင်း၊ အမျိုးသားပညာရေးကျောင်းများကို ကူညီအားပေးခြင်း၊ ပြည်တွင်းဖြစ် အထည်များကိုသာဝတ်ဆင်ရန် တိုက်တွန်းခြင်း စသဖြင့် ဝံသာနုနှင့် နိုင်ငံရေးစိတ်ဓာတ်များ နှိုးဆွပေးခြင်း၊ ကုသိုလ်ရေးနှင့် ချွေတာရေးတို့ကိုပါ ရှေးရှုလာကြသည်။

ဂျီစီဘီအေ ခေါ် မြန်မာတိုင်းရင်းသားအသင်းများ၏ အသင်းချုပ်ကြီး (General Council of Burmese Association-G-C-B-A) ၏ မူဝါဒလုပ်ငန်းစဉ် အတိုင်းဆောင်ရွက်ခဲ့ကြပြီး၊ ဂျီစီဘီအေ ပြည်လုံးဆိုင်ရာ ကွန်ဖရင့်သို့လည်း မြန်မာအမျိုးသမီးသမဂ္ဂမှ ကိုယ်စားလှယ်များ တက်ရောက်ခွင့်ရခဲ့ပြီး အမျိုးသမီးရေးရာ ကိစ္စရပ်များကို အဆိုတင်သွင်းခဲ့ကြသည်။

ပဲခူးမြို့၌ကျင်းပခဲ့သော ဂျီစီဘီအေကွန်ဖရင့်သို့လည်း အမှုဆောင်အဖွဲ့ဝင် ဒေါ်စောတင် တက်ရောက်ပြီး မြန်မာအမျိုးသမီးများ မြူနီစီပယ်လူကြီး၊ ဥပဒေပြု မင်းတိုင်ပင်အမတ် စသည့်တို့အဖြစ် ပါဝင်သင့်ကြောင်း အဆိုတင်သွင်းနိုင်ခဲ့၍ အမျိုးသမီး မြူနီစပါယ်နှင့် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများသို့ ပါဝင်ယှဉ်ပြိုင် အရွေးခဲ့ခွင့်များ ရရှိခဲ့ကြသည်။ ထိုအသင်း၏ ဆောင်ရွက်မှုကြောင့် ဓာတ်ရထား၊ မီးရထားတို့၌ အမျိုးသမီးများ သီးသန့်စီးနိုင်ရန် မိန်းမတန်း သပ်သပ်ပေးသည့်အထိ အခွင့်အရေးများရခဲ့သည်။

မြန်မာအမျိုးသမီးများ ပြည်တွင်းအဝတ်အထည်များကိုသာ ဝတ်ဆင်အားပေးရန် ဤအသင်းကြီးက လှုံ့ဆော်ပေးခဲ့ရုံမျှမက အသင်းဝင်တိုင်း အစည်းအဝေး တက်ရောက်သည့်အခါနှင့် သာရေး နာရေး ကိစ္စကြီးငယ် ပေါ်ပေါက်လာသည့်အခါတိုင်း၌ ပင်နီအင်္ကျီ၊ ယောထမီနှင့် ဒေါင်းပဝါများ လွှမ်းခြုံဝတ်ဆင်လာခဲ့ကြသည်။

ဤနေရာ၌ မြန်မာနိုင်ငံအမျိုးသမီးသမဂ္ဂကို ဦးစီးတည်ထောင်၍ ဥက္ကဋ္ဌအဖြစ်ထမ်းရွက်ခဲ့သော ဒေါ်ဒေါ်စု၏ အထ္ထုပ္ပတ္တိကိုဖော်ပြရန် လိုသည်။

ဒေါ်ဒေါ်စုကို မြန်မာသက္ကရာဇ် ၁၂၄၀ ပြည့်နှစ် ပြာသိုလပြည့်ကျော် ၆ ရက် တနင်္ဂနွေနေ့တွင် လက်ပံတန်းမြို့၌ အဘ ဦးချောင်းလိန်၊ အမိ ဒေါ်နှင်းဦးတို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ငါးဦးအနက် အကြီးဆုံးဖြစ်သည်။ ငယ်စဉ်က ပင်လက်ပံတန်းမြို့တွင် ပညာသင်ကြားခဲ့ပြီး၊ ၁၁ နှစ်သမီးအရွယ်တွင် မိခင်ကွယ်လွန်ခဲ့သဖြင့် စတုတ္တတန်းအထိသာ ကျောင်းပညာသင်ကြားခဲ့ရသည်။ ၁၂ နှစ်တွင် ဖခင်နှင့်အတူ မောင်ငယ်ညီမငယ်များကို အမကြီး အမိရာပမာ ဦးစီးအုပ်ချုပ်လာခဲ့သည်။

ထို့နောက် ၁၉၀၂ ခုနှစ်တွင် ဇီးကုန်း တရားမရုံးစာရေးကြီး ဦးဘိုးသောင်းနှင့် အိမ်ထောင်ပြု၍ ၁၉၀၆ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ဒေါ်ဒေါ်စုသည် ၁၉၁၈ ခုနှစ်မှစ၍ ဝံသာနုစိတ်ဓာတ်များ နိုးကြားလာကာ မြန်မာအမျိုးသမီးတို့၏ အခွင့်အရေးများကို အစဦးဆုံး တိုက်ယူလှုပ်ရှားပေးခဲ့သော အမျိုးသမီးကြီး ဖြစ်သည်။

၁၉၁၉ ခုနှစ်တွင် ဒေါ်ဒေါ်စု၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော မြန်မာအမျိုးသမီးသမဂ္ဂ၏ စွမ်းဆောင်မှုကြောင့် ကိုပြူး ဆိုသူ ခေါ်ဆောင်၍ ပလောပီနံ (မလေး)တွင်ရောက်ရှိကာ ဒုက္ခရောက်နေသော မြန်မာ ဆေးပေါ့လိပ်လိပ်သူများကို ဗြိတိသျှအစိုးရစရိတ်ဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့သည်။ ထို့ပြင် ရန်ကုန်မြို့ရှိ အမျိုးသမီးများ ဓာတ်ရထားစီးရာတွင် ဣန္ဒြေရရ မန္တလေးမြို့မှာကဲ့သို့ သီးသန့်စီးနိုင်ရန် ရထားဘက်ဆိုင်ရာ ကုမ္ပဏီ လူကြီးများဖြင့် ညှိနှိုင်း၍ စီစဉ်ပေးခဲ့ခြင်း၊ ပြည့်တန်ဆာအမျိုးသမီးများ နစ်နာမှုမရှိစေရန် အစိုးရအား ပြည့်တန်ဆာ အက်ဥပဒေပြဋ္ဌာန်းပေးရန် တောင်းဆိုပေးခဲ့ခြင်း၊ သပိတ်မှောက်ကျောင်းများအား ထောက်ပံ့ပေးနိုင်ရန် စည်းရုံး လှုပ်ရှားပေးခဲ့ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ဒေါ်ဒေါ်စုသည် ၁၉၂၀ ပြည့်နှစ်၌ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ၇ လမ်း၌ အောင်ဇေယျာ မင်္ဂလာကျောင်း ကို ပွဲစားကြီး ဦးဖော့နှင့်အတူ တည်ထောင်၍ ကျောင်းအုပ်ဆရာမကြီးအဖြစ် ထမ်းရွက်ခဲ့သေးသည်။ တဖက်မှလည်း အောင်မင်္ဂလာသုခ နှင့် အောင်ဇေယျာမင်္ဂလာ စာပုံနှိပ်တိုက်များကို တည်ထောင်ခဲ့သည်။

၁၉၂၀ ပြည့်နှစ်မှ ၁၉၂၈ ခုနှစ်အထိ မြန်မာအမျိုးသမီး သမဝါယမအသင်း ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၁၉၂၃ ခုနှစ်မှစ၍ နှစ်စဉ် ဧပြီလရောက်တိုင်း ကလေးပြပြိုင်ပွဲ၌လည်းကောင်း၊ ကျန်းမာရေးပြပွဲ၊ ကျောင်းအားကစားပြိုင်ပွဲ၊ ပန်းဥယျာဉ်ပြပွဲများ၌လည်း အုပ်ချုပ်ရေးအပိုင်းမှ ပါဝင်ဆောင်ရွက်ခဲသည်။

ထို့နောက် ရိက္ခာတော်ရ မြေအရေးပိုင်မင်း ဦးဘိုးသောင်း၏ဇနီး ဒေါ်ဒေါ်စုသည် နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားမှုကို စွမ်းစွမ်းတမံ လှုပ်ရှားဆောင်ရွက်ကာ ၁၉၇၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ကွယ်လွန်သွားခဲ့လေသည်။ ဒေါ်ဒေါ်စု၏ခင်ပွန်း ဦးဘိုသောင်းသည် ဒေါ်ဒေါ်စု မကွယ်လွန်မီ လွန်ခဲ့သော ၉ နှစ်ခန့်ကပင် ၁၉၄၈ ခုနှစ် ဧပြီလ ၈ရက်နေ့တွင်ကွယ် လွန်သွားခဲ့သည်။



ကိုးကား[ပြင်ဆင်ရန်]

  • စောမုံညင်း - မြန်မာအမျိုးသမီး ၊ ပါတောက်လှိုင်စာပေ၊ ပထမကြိမ် ၁၉၇၆ ဧပြီလ။
  • တက္ကသိုလ်ကြည်မာ- မြန်မာအမျိုးသမီးလောက၊ ရန်ကုန် စာပေဗိမာန်ပုံတိုက် ၁၉၇၅။
  • မြန်မာ့ရက်စဉ်သမိုင်း(ပထမတွဲ)၊ သမိုင်းသုသေသနဦးစီးဋ္ဌာန ၂၀၀၉။