စီရင်ထုံး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

တရားစီရင်ထုံး၊ ဖြတ်ထုံးများ ( Case law ) အမြင့်ဆုံးတရားစီရင်ခွင့်အာဏာရှိသည့်တရားရုံး၊ (ဥပမာ-တရားရုံးချုပ်၊ ဗဟိုတရားရုံး)၏ စီရင်ချက်နှင့်အမိန့် များကို စီရင်ထုံးဟူ၍သတ်မှတ်ကြသည်။ လက်အောက်ခံတရားရုံး အဆင့်ဆင့်သည် အမြင့်ဆုံးတရားရုံး၏ လမ်းညွှန်မှုကို ထာဝရခံယူကြရမည်ဖြစ်၍ သက်ဆိုင်ရာဥပဒေသဘောတရား၊ အမှုမှန်ဖြစ်ရပ်တို့ကို စုပေါင်း ဆင်ခြင်သုံးသပ်၍ တရားမျှတမှုရရှိရန် စီရင်ထုံးကို လမ်းညွှန်အဖြစ် လိုက်နာကျင့်သုံးရမည်ဖြစ်သည်။ စီရင်ထုံးဟူသည် အထက်တရားရုံးမှဆုံးဖြတ်ချက်များကို အောက်ရုံးအဆင့်ဆင့်ကလိုက်နာခြင်းအားဖြင့် ဥပဒေ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အင်္ဂလိပ်ရိုးရာဥပဒေ Common Law သည် စာဖြင့်ရေးသားထားခြင်းမရှိသော ဥပဒေဖြစ်သည်။ ၎င်းကို စီရင်ထုံး များတွင်သာတွေ့ရှိနိုင်သည်။ ထို့ကြောင့်အင်္ဂလိပ်ရိုးရာဥပဒေကို စီရင်ထုံးဥပဒေဟုခေါ်ကြ သည်။ စီရင်ထုံးများကို တရားသူကြီးများကပြုလုပ်ကြသည်။ ထို့ကြောင့် အင်္ဂလိပ်ရိုးရာဥပဒေကို တရားသူကြီးကပြုလုပ်သည့်ဥပဒေဟု လည်း ဆိုကြသည်။ အင်္ဂလိပ်ရိုးရာဥပဒေသည် ဓလေ့ထုံးစံများအပေါ်တွင် တည်မှီဆုံးဖြတ်ဆောင်ရွက်ခြင်းဖြစ် သည်။ စီရင်ထုံးဥပဒေဆိုသည်မှာလည်း ဓလေ့ထုံးစံ များအပေါ်မူတည်၍ ဆုံးဖြတ်ထားခြင်းဖြစ်သည်။ အဆိုပါ တရားရေးဆိုင်ရာဆုံးဖြတ်ချက် (သို့) စီရင်ချက်သည် အမှန်အားဖြင့် ထိုမှုခင်းတွင်ပါဝင်ကြသူများအပေါ်၌သာ တာဝန်ရှိသည်။ သို့ရာတွင် အဆိုပါတရားသူကြီး၏ မှုခင်းစီရင်ချက်သည် ထိုအမှုနောက်မှဖြစ်ပွားလာသော အမှု တူအမျိုးအစါး များအားလုံးအတွက် ဥပဒေရေးရာမူများအပေါ် အခြေခံဆောင်ရွက်ပြီသည်ဖြစ်၍ အဆိုပါ စီရင် ချက်တခုကို တရားရေးတာဝန်ခံဆောင်ရွက်ကြရသော တရားသူကြီးများက ယခင်စီရင်ချက်ကို အနည်းနှင့် အများဆိုသကဲ့သို့လိုက်နာဆောင်ရွက်ကြရသည်။ အင်္ဂလိပ်ဥပဒေစနစ်တွင်“အမြင့်ဆုံးတရားရုံး ၏ ဆုံးဖြတ် စီရင်ချက်များကို အောက်တရားရုံးများက ဥပဒေကဲ့သို့လေးစားလိုက်နာရသည်” ဟူသော မူကိုကျင့်သုံးခြင်း ဖြစ်သည်။ ဥပဒေနှင့် ဥပဒေသဘောသက်ရောက်သောပြဌာန်းချက်များတွင် စီရင်ထုံးပါဝင်သည်ဟု ဆိုရာတွင် သေချာကျန စွာ ဆန်းစစ်ရန်လိုအပ်ပါသည်၊ အချို့ပညာရှင်တို့က စီရင်ထုံးအား ဥပဒေမဟုတ်၊ ဥပဒေသဘောမသက်ဝင်ဟု ဆိုကြသည်။ လက်အောက်ခံတရားရုံးအတွက် လမ်းညွန်မျှသာဖြစ်၍ ဥပဒေများမဟုတ်ဟုဆိုကြသည်။ ဥပဒေ (သို့) ဥပဒေ၏သဘောသဘာဝသည် မလိုက်နာ၍မရ- ဟူ၍ဖြစ်ပြီး စီရင်ထုံးတို့အား မလိုက်နာလျှင်လည်း (အတိ်ုင်းအတာတခုတွင်) နေလို့ရခြင်းပင်ဖြစ်သည်၊ အမှုတခုအတွက် အမြင့်ဆုံးတရားရုံးမှ ဆုံးဖြတ်ချက်တရပ်သည် ယေဘူယျသုံးစွဲရန်စီရင်ထုံး တရပ်ပေါ်ပေါက် လာနိုင်သော်လည်း ထိုစီရင်ထုံးကို အမှုတခု၏အဖြစ်အပျက်နှင့်ယှဉ်၍သာ သုံးစွဲရန်ဖြစ်သည်။ အမှုတွင်ထင်ရှား သည့် အဖြစ်အပျက်များနောက်သို့ စီရင်ထုံးကလိုက်ရသည်။ စီရင်ထုံးနောက်သို့ အဖြစ်အပျက်တို့က လိုက်ရ သည် မဟုတ်ချေ။ ဥပဒေကိုအဓိပ္ပါယ်ကေါက်ယူရာတွင် လမ်းညွန်မှုလိုမှသာလျှင် သင့်လျှော်ရာစီရင်ထုံးတို့ကို သုံးသပ်ကိုးကား ရသည်။ အမှုတခုနှင့်တခုသည် အကြောင်းအခြင်းအရာ၊ မှုခင်းဖြစ်ရပ်၊ အခြေအနေ ထပ်တူညီမျှမှု ရှိချင်မရှိ မည်ဖြစ်၍ စီရင်ထုံး၏လမ်းညွန်မှုကို ကောင်းစွာသတိဖြင့်သာ ခံယူကျင့်သုံးရမည်။ အချက်အလက်စုံလင် ပိုင်နိုင်ခြင်းမရှိသည့်အခြေအနေ၌ ယခင်စီရင်ထုံးအတိုင်းလိုက်နာ ဆောင်ရွက်လျှင် မှန်ကန်မျှတမှုရှိသည့် အဖြေကိုရနိုင်မည်မဟုတ်ဟု အချို့ပညာရှင်များက ဝေဘန်ထောက်ပြကြသည်။ ထို့ကြောင့် တရားမျှတမှုဟူသည် စီရင်ထုံးအပေါ်၌တည်သည်ဟု တထစ်ချယူဆရန် မသင့်လျှော်ချေ။ သို့ရာတွင် စီရင်ထုံးကိုပယ်ပြီး လူကျင့်ဝတ်လူ့သဘောအရ ဖြစ်တတ်သည့်သဘောနှင့် ကျိုးကြောင်းဆက်စပ်မှု ဆင်ခြင်တုံ တရားကို အခြေခံပြီး ဆုံးဖြတ်နိုင်လျှင်လည်း တရားမျှတမှုရှိသည်ဟု ဆို၍လည်းမရချေ။

အချုပ်အားဖြင့် စီရင်ထုံးတို့မည်သည် တရားရုံးတို့မှ အမှုစီရင်ဆုံးဖြတ်မှုတွင် လမ်းညွန်မျှသာဖြစ်ပြီး အတိအကျ လိုက်နာဆောင်ရွက်ရန် မလိုအပ်သောကြောင့် ဥပဒေသဘောသက်ဝင်သည် ဟုယူဆလျှင် မှားယွင်းသော ယူဆချက်တခုမဟုတ်သည့်တိုင် လွဲချော်မှုအနည်းငယ်ရှိနိုင်ပေသည်၊