စိုးလှ၊ သိပ္ပံ

ဝီကီပီးဒီးယား မှ

၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။


သိပ္ပံ စိုးလှ [၁၉၁၆ - ၁၉၉၆][ပြင်ဆင်ရန်]

သာယာဝတီ ခရိုင် အုတ်ဖို မြို့၌ အဖ ဦးဖိုးခင်၊ အမိ ဒေါ်ကွန်းမယ် တို့က ၁၉၁၆ ခု မေလ ၁၅ ရက် (မြန်မာ နိုင်ငံ စာပေ ဆုများတွင် ၁၆ ရက်ဟု ဖော်ပြသည်) နေ့တွင် ဖွားမြင် ခဲ့သည်။ အမည်ရင်း ဦးစိုးလှ ဖြစ်သည်။


ရန်ကုန် တက္ကသိုလ်တွင် နောက်ဆုံးနှစ် ဝိဇ္ဇာတန်း အထိ ပညာ သင်ယူ ခဲ့သည်။ ၁၉၃၉ ခုတွင် အစိုးရ ပြန်ကြားရေး ဌာနက ထုတ်ဝေသော 'ရွှေပြည်တော်' သတင်းစာ၌ လက်ထောက် အယ်ဒီတာ အဖြစ် လည်းကောင်း၊ ပြန်ကြားရေး ဌာနတွင် ဘာသာပြန်သူ အဖြစ် လည်းကောင်း အမှု ထမ်းခဲ့သည်။ စစ်အတွင်းတွင် အုတ်ဖိုမြို့၌ ကုန်သည် အဖြစ် လည်းကောင်း၊ ဂျပန် ခေတ်တွင် အုတ်ဖို မြို့နယ် အာရှ လူငယ် အသင်း ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ စစ်ပြီးသော အခါ မိဘ လက်ငုတ် ဆန်စက် လုပ်ငန်းတွင် ကူညီခြင်းဖြင့် လည်းကောင်း နေထိုင် လှုပ်ရှား ခဲ့သည်။ ၁၉၅၂ ခုတွင် စာပေဗိမာန်၌ ဝင်ရောက် အမှု ထမ်းခဲ့သည်။ စာပေ ဗိမာန် မဂ္ဂဇင်း ဌာန လက်ထောက် စာတည်း၊ တာဝန်ခံ စာတည်း၊ ပြည်သူ့ လက်စွဲ စာစဉ် စာတည်း၊ ဒုတိယ အုပ်ချုပ်ရေးမှူး စသည်ဖြင့် အဆင့်ဆင့် တိုးမြှင့် တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၆၄ - ၆၅ ခုတွင် ပြန်ကြားရေး ဌာန အင်္ဂလိပ်စာ ဖောဝပ် မဂ္ဂဇင်း တာဝန်ခံ စာတည်း အဖြစ် ခေတ္တ အမှု ထမ်းခဲ့သည်။ ၁၉၇၆ ခုတွင် စာပေ ဗိမာန် တွဲဖက် ညွှန်ကြားရေးမှူး အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ၁၉၇၆ - ၈၈ အထိ အမျိုးသား စာပေဆု စိစစ် ရွှေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင် ခဲ့သည်။ လေ့လာရေးနှင့် သင်တန်း ကိစ္စ များဖြင့် အမေရိကန် ပြည်ထောင်စု၊ ရုရှနှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ များသို့ သွားရောက် ခဲ့သည်။


အဋ္ဌမတန်း ကျောင်းသား ဘဝ ကပင် 'မြတင်ရည်းစား' ဝတ္ထုကို စတင် ရေးခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင် ပညာ သင်နေစဉ် ဂန္ဓလောက၊ အိုးဝေ၊ ဒဂုန်၊ တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်း များတွင် ဝတ္ထု၊ ဆောင်းပါးများ ရေးခဲ့သည်။ ကလောင် အမည် အမျိုးမျိုးဖြင့် ဘာသာပြန် ဝတ္ထုရှည်၊ ဝတ္ထုတိုများ ရေးသား ခဲ့ရာ ထင်ရှားသော စာအုပ်များမှာ အိစလင်း (East Lynne)၊ ဘဝ သတ္တိ (The War of The World)၊ စင်ပြိုင် နှစ်ကမႝာ (The tale of Two Cities)၊ ဓားစာခံ (Victory in My Hands)၊ ခေါင်းဆောင်နှင့် သတ္တိ (Profiles in Courage)၊ ဘဝအထွေထွေ (My Several Worlds by Pearl S. Buck) တို့ ဖြစ်ကြသည်။ ပင်ကို ရေးများတွင် သိပ္ပံ စိုးလှ ဝတ္ထုတို များနှင့် ခရီးသွား ကိုယ်တွေ့ တို့မှာ ထင်ရှားသည်။ 'ဘဝ အထွေထွေ' ဖြင့် ၁၉၅၆ ခုနှစ် စာပေဗိမာန် ဘာသာပြန်ဆု ရရှိ ခဲ့သည်။


၁၉၉၆ ခု ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ရန်ကုန် မြို့၌ ကွယ်လွန် ခဲ့သည်။

စာညွှန်း[ပြင်ဆင်ရန်]

  1. ဒဂုန်ရွှေမျှား။ မြန်မာ နိုင်ငံ စာပေဆုများ။ စာ ၅၆ - ၅၈။
  2. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉⁠၉၇)။ စာ ၁၈၁။