စိုးရှိန်

ဝီကီပီးဒီးယား မှ

စိုးရှိန် ( ၁၉၂၇ - ၁၉၉၈ )[ပြင်ဆင်ရန်]

စာကြည့်တိုက်ပညာရှင် နှင့် စာရေးဆရာ စိုးရှိန်ကို အဖ ဦးစော၊ အမိ ဒေါ်မြင့်မြင့်တို့မှ ၁၉၂၇ ခု၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပဲခူးမြို့၌ ဖွားမြင်ခဲ့သည်။ မွေးချင်း ၇ ယောက်အနက် စတုတ္ထမြောက် ဖြစ်သည်။ အမည်ရင်း ဦးမောင်မောင် ဖြစ်သည်။


ငယ်စဉ်က ပဲခူးအစိုးရအထက်တန်းကျောင်း ဖြူးမြို့နှင့် ရန်ကုန်မြို့ရှိ ကျောင်းများတွင် ပညာသင်ယူခဲ့ပြီး ၁၉၄၇ တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ၁၉၄၈ တွင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ပညာသင်ကြားသည်။ သို့သော် တက္ကသိုလ်ပညာကို ဆုံးခန်းတိုင်အောင် တောက်လျှောက်သင်ခွင့် မရချေ။ တက္ကသိုလ်တက်ပြီး တစ်လ အကြာတွင် ဖခင်ကွယ်လွန်သဖြင့် တက္ကသိုလ်မှ ထွက်လိုက်ရသည်။ ၁၉၄၉ တွင် သောင်းကျန်းသူများကြောင့် ပြည်တွင်း မငြိမ်မသက် ဖြစ်နေစဉ် ရေတပ်သား အဖြစ် ရေတပ်မတော်သို့ ဝင်သည်။ ရေတပ်၌ ၆ နှစ်ခွဲ အမှုထမ်းစဉ် မေယု စစ်ရေယာဉ်၊ တိုက်ရေယာဉ် ၁၀၄ နှင့် ၁၀၅၊ ဓညဝတီ ရေတပ်စခန်းတို့၌ တာဝန်ထမ်းဆောင်ခဲ့ပြီး စာချုပ်နှစ်စေ့သည့် ၁၉၅၅ တွင် ရေတပ်မတော်မှ နုတ်ထွက်ခဲ့သည်။ ၁၉၅၇ တွင် ဝိဇ္ဇာဘွဲ့ (B.A) နှင့် ၁၉၆၅ တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ (B.L) ရရှိသည်။


၁၉၅၇ တွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ဗြိတိသျှကောင်စီ စာကြည့်တိုက်၌ လက်ထောက်စာကြည့်တိုက်မှူး အဖြစ် စတင် ဝင်ရောက်လုပ်ကိုင်သည်။ ထို့နောက် ၁၉၅၈ တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်သို့ ပြောင်း၌ လက်ထောက်စာကြည့်တိုက်မှူး အဖြစ် အမှုထမ်းသည်။ ၁၉၅၉ တွင် နယ်ပြ စာကြည့်တိုက်မှူးအဖြစ် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်သို့ ပြောင်းရွှေ့အမှုထမ်းသည်။ ၁၉၆၁ တွင် စာကြည့်တိုက်ပညာသင်ယူရန် အမေရိကန် ပြည်ထောင်စု အီလီနွိုင်းတက္ကသိုလ်သွားရောက်ခဲ့သည်။ ယင်းတက္ကသိုလ်၌ Standard for the Rangoon University Library အမည်ရှိ ကျမ်းကို တင်သွင်း၍ ဘွဲ့ရရှိသည်။ ၁၉၆၃ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်၌ ဆက်လက် အမှုထမ်းခဲ့သည်။ ထို့နောက် မန္တလေး တက္ကသိုလ် စာကြည့်တိုက်မှူးအဖြစ် တိုးမြှင့် ခန့်ထားခြင်း ခံရသဖြင့် ၁၉၆၉ တွင် မန္တလေး တက္ကသိုလ် စာကြည့်တိုက်သို့ ပြောင်းရွှေ့အမှုထမ်းသည်။ အမည်ရင်း ဦးမောင်မောင်ဖြင့်သာမက ငယ်နာမည် စိုးရှိန်ကို ကလောင် အမည်အဖြစ် သုံး၍ စာများ ရေးသားခဲ့သည်။ လုံးချင်းစာအုပ်တစ်အုပ်နှင့် သုတေသန ဆောင်းပါး ၃၇ ပုဒ်တို့ကို ရေးသားခဲ့သည်။


၁၉၈၀ ပြည့်နှစ်တွင် တက္ကသိုလ်နှင့် ကောလိပ်စာကြည့်တိုက်များ လေ့လာရန် ဂျပန်နိုင်ငံသို့ လည်းကောင်း၊ ၁၉၈၆ တွင် ခေတ်မီ နည်းစနစ်ဖြင့် စာကြည့်တိုက်မှ အချက်အလက် ထုတ်ယူနည်း သင်တန်းတက်ရောက်ရန် ဩစတြေးလျနိုင်ငံသို့လည်းကောင်း သွားရောက်ခဲ့သည်။ ဦးမောင်မောင် (ခေါ်) စိုးရှိန်သည် စာကြည့်တိုက် လုပ်ငန်း အပြင် စာတမ်းဖတ်ပွဲ၊ စာပေဟောပြောပွဲနှင့် စာကြည့်တိုက်ပညာ ပြန့်ပွားရေး လုပ်ငန်း တို့တွင်လည်း ပါဝင်လုပ်ကိုင်ခဲ့သည်။ ထို့ပြင် စာကြည့်တိုက်ပညာဌာ၏ ပြင်ပစာစစ်အဖြစ်လည်း ဆောင်ရွက်၏။ ၁၉၈၇ ခု၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မန္တလေးတက္ကသိုလ် စာကြည့်တိုက်မှူး ၁ အဖြစ်မှ သက်ပြည့်အငြိမ်းစား ယူခဲ့သည်။ သို့သော်လည်း စာကြည့်တိုက်လောကမှ အနားမယူသေးဘဲ ကုလသမဂ္ဂလုပ်အားပေး အစီအစဉ်ဖြင့် အာဖရိကတိုက် (Botswana ) ဘော့စ်ဝါနာ နိုင်ငံတွင် ၁၉၈၈ မှ ၁၉၉၁ အထိ ကုလ သမဂ္ဂစာကြည့်တိုက် ကျွမ်းကျင်သူ အဖြစ် လည်းကောင်း၊ ၁၉၉၁ မှ ၁၉၉၄ အထိ အထက်တန်း ဝါဏိဇ္ဇ အရာရှိ (ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ) အဖြစ်လည်းကောင်း၊ ၁၉၉၅၊ နိုဝင်ဘာ ၁ ရက်နေ့မှ စ၍ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၌ စာကြည့်တိုက်အကြံပေး အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၉၈ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် ကွယ်လွန်ခဲ့လေသည်။

ကိုးကား[ပြင်ဆင်ရန်]