စိန်း၊ ဦး (မြန်မာ့ အလင်း)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မြန်မာ့ အလင်း ဦးစိန်း

ဦးစိန်း (မြန်မာ့ အလင်း) (၁၂၃၂ - ၁၃ဝ၄) (ခရစ် ၁၈၇၀ -၁၉၄၂)[ပြင်ဆင်ရန်]

ဦးစိန်းမှာ ပုသိမ်မြို့ စာရေးကြီး ဦးမောင်ကလေး၊ ဒေါ်မမ တို့မှ မြန်မာသက္ကရာဇ် ၁၂၃၂ ခုနှစ် (ခရစ်နှစ် ၁၈၇၀)၊ နတ်တော် လပြည့်ကျော် ၇ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၄ ချက်တီး အချိန်တွင် ဖွားမြင်သော သားကြီး ဩရသ ဖြစ်၏။ ညီများမှာ ပုသိမ် ဦးဘဂျမ်းနှင့် ကျောင်းသုံး မြန်မာ ရာဇဝင် ရေးသော ရာဇဝင် ဆရာကြီး ဦးဘသန်းတို့ ဖြစ်လေသည်။


ဦးစိန်းသည် အိုး (လ်ဒ်) အင်ထရင့် (စ) (Old Entrance) စာမေးပွဲကို လည်းကောင်း၊ စက္ကရီတေရီ စာမေးပွဲ (Indian Matriculation) ကို လည်းကောင်း ကောင်းစွာ အောင်မြင် ခဲ့သူလည်း ဖြစ်ပါ၏။


ရှေးဦးစွာ ရွှေဘိုမြို့တွင် စက္ကရီတေရီ အလုပ်နှင့် ဝန်ထောက် အလုပ် တို့ကို တကြိမ်တည်း လက်ခံ၍ အနှစ် နှစ်ဆယ်မျှ လုပ်ကိုင် နေခဲ့၏။ ရွှေဘိုမြို့၌ နေထိုင် ခဲ့စဉ် အတွင်းလည်း ဗုဒ္ဓဘာသာ အသင်းမှ ဆရာတော် ဘုရားကြီး၏ ပညာရင်နို့ကို သောက်စို့ ခဲ့သည်မှ အစ အင်္ဂလိပ် စာများကို လုံးဝ စွန့်လွှတ် လိုက်ကာ မြန်မာ ပိဋကတ် ကျမ်းစာ တို့နှင့် တကွ မြန်မာစာ သက်သက် တို့ကိုသာ ရှေးမြန်မာ မင်းများ လက်ထက်တော်တို့ အခါက အမှုထမ်း ခဲ့သော စာဆိုတော် ပညာရှိကြီးများ အထဲတွင် နည်းနိဿရည်း ခံကာ ကြိုးစား အားထုတ် သင်ကြား ခဲ့ပေသည်။


သို့နှင့် စာပြောခြင်း၊ စာရေးခြင်း အမှုတို့၌ ကျော်ကြား ထင်ရှား လာသည် သာမက မဟာ ဂီတ အဝင်အပါ တေးကြီး၊ ဘွဲ့ကြီး၊ ယိုးဒယား၊ ပတ်ပျိုး၊ ရတု၊ ရကန် အစ ရှိသည့် သုခုမ ပညာရပ် များတွင်လည်း နည်းစနစ် တကျ ဆိုတတ်ခြင်း၊ ပတ္တလား တူရိယာ ကိုလည်း ကောင်းစွာ တီးတတ်ခြင်း တို့ကြောင့် အမည်ကျော် သဘင်ပညာ သည်ကြီးများ ကိုပင် သင်ကြား ပေးရသည့် အခြေသို့ ရောက်ခဲ့သည်။


ပထမ ကမ္ဘာစစ်ကြီး အပြီး အင်္ဂလိပ် သက္ကရာဇ် ၁၉၁၉ ခုနှစ်တွင် စစ် အတွင်းက အင်္ဂလိပ် အစိုးရကို ထိခိုက် စေသည့် စစ်သတင်း အချို့ကြောင့် ရပ်စဲ ထားခြင်း ခံရသော "မြန်မာ့ အလင်း သတင်းစာ" ကို ပြန်လည် ထုတ်ဝေ ကြသော အခါ၌ မူကား "တိုက်အုပ်" အဖြစ် ခေါ်ယူ ချီမြှင့်ခြင်း ခံရသောကြောင့် အယ်ဒီတာ ဦးသင်နှင့် အတူ တွဲဖက် လုပ်ကိုင် နေရသည်။ ထိုစဉ် အခါက ဦးစိန်းမှာ အသက်အရွယ် အားဖြင့် ငါးဆယ် နီးပါး ခန့်ပင် ရှိ၍ နေပါပြီ။ မြန်မာ့ အလင်း သတင်းစာ တိုက်သို့ ဦးစိန်း ရောက်ပြီး၍ များမကြာ မြင့်မီပင် အယ်ဒီတာ ဦးသင်မှာ လူမသမာ မျက်နှာကြီး အချို့ တို့၏ ရန်ငြိုးကြောင့် "ငမိုး" ဆိုသူ လူသတ်သမား တဦး၏ ဓားမြှောင် သွားတွင် အသက် ပါသွားရ ရှာချေသည်။ ထိုအခါ ဦးစိန်းသည် တိုက်အုပ် တာဝန်ကို သာမက အယ်ဒီတာ တာဝန် ကိုပါ ပူးတွဲ ထမ်းဆောင်ရ ပြန်သည်။


အင်္ဂလိပ် သက္ကရာဇ် ၁၉၂၁ ခုနှစ် ဒီဇင်ဘာ လတွင် မြန်မာ နိုင်ငံတော်သို့ ပဥ္စမမြောက် ဂျော့ဘုရင်၏ သားတော် ဝေလ မင်းသားသည် တိုင်းခန်း လှည့်လည် လာခဲ့သည်။ ထိုအချိန်မှာ တနိုင်ငံလုံး ကလည်း ဟုမ္မရူး - ကိုယ်ပိုင် အုပ်ချုပ်ရေးကို အပူတပြင်း တောင်းဆို နေချိန် ဖြစ်သဖြင့် ဝေလ မင်းသားကို ကြိုဆို ဧည့်ခံခြင်း မပြုဘဲ တညီတညွှတ်တည်း သပိတ် မှောက်ကြရန် တနိုင်ငံလုံးက ဆုံးဖြတ် ကြသည့် အလျောက် မြန်မာ့ အလင်း သတင်းစာ ကလည်း သပိတ် မှောက်မည့် အရေးဘက်မှ အားပေး ရေးသား မိသောကြောင့် အယ်ဒီတာ ဦးစိန်း ကိုလည်း ဦးချစ်လှိုင်၊ ဦးကွန်း၊ ဦးဘလှိုင်၊ ဦးဘဦး၊ ဦးဘစီ၊ စီ-ပီ ခင်မောင် အစရှိသော အခြားသော နိုင်ငံရေး ခေါင်းဆောင်များ နည်းတူ အင်္ဂလိပ် အစိုးရက ဟုမ္မလင်းသို့ ခေတ္တ ခဏ ပို့ထားခြင်း ခံရ ရှာသေးသည်။


ထို့နောက်ပိုင်း တွင်မူ ဦးစိန်းသည် မြန်မာ့ အလင်း သတင်းစာတွင် တိုက်ထိုင် အယ်ဒီတာ အဖြစ် ကိုယ်ထိ လက်ရောက် သွားရောက် ကူညီခြင်းများ များစွာ မရှိငြား သော်လည်း အကြံပေး ဉာဏ်ပေး ပုဂ္ဂိုလ်ကြီး အဖြစ် မြန်မာ့ အလင်း သတင်းစာကို နောက်ပိုင်းမှ အကူအညီ များစွာကို ပေးခဲ့သူ ဖြစ်လေသည်။ ထို့ကြောင့်လည်း "မြန်မာ့အလင်း" ဟု ဆိုလျှင် "ဦးစိန်း"၊ "ဦးစိန်း" ဟု ဆိုလျှင် "မြန်မာ့အလင်း" ဟု ခွဲခြား၍ မရ လောက်အောင် လူအများက အသိအမှတ် ပြုရသည့် အခြေသို့ ရောက်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်ပွားမီ အချိန်မှ စ၍ "မြန်မာ့အလင်း" ကို ဦးစိန်းသည် များသော အားဖြင့် ရန်ကုန်မြို့ အရှေ့ပိုင်း မောင်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ်လမ်း) နှင့် ၄၆ လမ်းထိပ် အပေါ်ထပ်ရှိ မိမိ၏ အိမ်ခန်းမှ နေ၍ ကူညီ အားပေး ရေးသား ခဲ့သည်မှာ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားသည့် တိုင်အောင်ပင် ဖြစ်ခဲ့သည်။


ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ရန်ကုန် မြို့တော်ကြီးကို အင်္ဂလိပ် သက္ကရာဇ် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် ဂျပန်များက ၂ ကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက် သည်မှ အစ ဂျပန်တို့ မြန်မာနိုင်ငံ အတွင်းသို့ ချင်းနင်း ဝင်ရောက် လာကြသည့် အခိုက် ဦးစိန်းသည် သမိုင်း၊ ပဲခူး၊ သနပ်ပင် စသည် တို့သို့ ပြောင်းရွှေ့ နေထိုင် ခဲ့ရှာ၏။ နောက် ဘီအိုင်အေ လက်ထက် မြန်မာအစိုးရ မဖွဲ့မီ အချိန် ကလေး တွင်မှ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ လာကာ ကျွန်းတော လမ်းရှိ မိမိပိုင် အိမ်ကလေးတွင် ဇနီး ဒေါ်သိန်း၊ သား မောင်မောင်သန်း တို့နှင့်အတူ ဆင်းရဲ ငြိုငြင်စွာ နေထိုင်ရ ပေသည်။


ဦးစိန်းသည် မည်မျှပင် ဆင်းရဲ နွမ်းပါး စေကာမူ မြန်မာ့ဂုဏ်ကို မြှင့်တင်သော အားဖြင့် ကောင်းကောင်းဝတ်၍ ကောင်းကောင်းစားကာ ပျော်ရွှင်စွာ နေထိုင် တတ်သည့် ပုဂ္ဂိုလ်ကြီး တစ်ယောက်လည်း ဖြစ်ပေသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

သို့နှင့် သက်ရွယ်လည်း ကြီးပြင်း လာခိုက် ဆီးရောဂါက ဖိစီး နှိပ်စက် လာသဖြင့် မြန်မာ သက္ကရာဇ် ၁၃ဝ၄ ခုနှစ်၊ တန်ဆောင်မုန်း လဆန်း ၆ ရက် (အင်္ဂလိပ် သက္ကရာဇ် ၁၉၄၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်၊) သောကြာနေ့၊ အသက် ၇၂ နှစ်တွင် အနိစ္စ ရောက်ရ ရှာလေ သတည်း။ ။[၁]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  • စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မောင်သုတ (ခ) ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစု၊ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်၊ ရာပြည့် စာအုပ်တိုက်၊ ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂။
  • 'သိပ္ပံကျော်ထင်' တည်းဖြတ်သည့် 'စာဆိုတော်ကြီးများ၏ ကဗျာများ'။
  • အင်္ဂလိပ် သက္ကရာဇ် ၁၉၅၆ ခုနှစ် နိုဝင်ဘလ ၁၈ ရက်နေ့ထုတ် ၁ဝ နှစ်မြောက် 'သမာဓိ သတင်းစာ'။