စိန်ပြေးတမ်း ကစားနည်း
စိန်ပြေးတမ်း ကစားနည်း ထိုကစားနည်းတွင် ကစားသူအရေအတွက် မကန့်သတ်ဘဲ ကစာနိုင်လေသည်။ ပထမစ၍ လိုက်သူ၏ အမည်က မောင်မောင်ဖြစ်လျှင် ကစားသူများက မောင်မောင်လေးရေ စိန်၊ ထမင်းစားလို့မြိန်ဟု အထပ်ထပ်ဆိုပြီးသော် ထိုကလေးလိုက် သည်ကို ရှောင်ကာရှားကာ လွတ်အောင်ပြေးကြလေသည်။ လွတ်အောင်မပြေးနိုင်ဟု ထင်လျှင် ဆောင့်ကြောင့်ထိုင်လိုက်က သူ့အားမလိုက်နိုင်တော့ချေ။ လိုက်ဖမ်းသူ၏လက်ဖြင့် အတို့ခံ ရသူသည် နောက်တစ်လှည့်တွင် လိုက်၍ဖမ်းရလေသည်။ မြန်မာကလေးများ ကစားကြရာတွင် များသောအားဖြင့် တစ်ဦးနှင့်တစ်ဦး နားလည်မှုဖြင့် အစတွင် လိုက်သူ၊ သို့မဟုတ် မစာရုလုပ်သူ၊ သို့မဟုတ် မယ်ထွေးလုပ်သူက လုပ်လေ့ရှိကြ သည်။ တစ်ခါတစ်ရံတွင် ထိုသို့မပြုလုပ်နိုင်ခဲ့သော် ကစားသူများအားလုံး ဝိုင်းဖွဲ့၍ ထိုင်ကြပြီးလျှင်၊ သို့မဟုတ် ရပ်နေကြပြီးလျှင် တစ်ယောက်ယောက်က တစ်ယောက်စီကို လက်ည|ိုးထိုးကာ ငါးပိတလက်၊ ဆားတလက်၊ ရေနံအိုး ခါးတောင်းကျိုက်လိုက်ဟူ၍ လက်ယာရစ်လှည့်ကာ ရေတွက်ရာတွင် လိုက်ဆိုသည့် စကားလုံးကျရာလူကို စ၍လုပ်စေသည်။ သို့မဟုတ်လျှင် စီးပုံသုံးအိမ်၊ တို့ကိုမှိန်၊ လွမ်းစိန်ကယ်ဘုံပြေးဟူ၍ ရေတွက်ကြသည်။ အခြားနည်းတစ်နည်းမှာ ကလေးများ ဝိုင်း၍ရပ်ကြပြီးလျှင် လက်များကို ဆယ်ထားကြသည်။ ထိုနောက် ဗြောင်နောင်နောင် ပဗေပေးဂျိဟုဆို၍ လက်များကို ဖြုတ်လိုက်ကြပြီးလျှင် လက်ဝါးပေါ်တွင် ကျန်လက်တစ်ဘက်ကို တင်လိုက်ကြသည်။ ထိုသို့ တင်ကြရာတွင် လက်ဝါးလှန်၍ တင်သူကလည်းရှိသည်။ မှောက်၍ တင်သူလည်းရှိရာ မှောက်၍ တင်သူ နည်းလျှင် ထိုလူများကိုဖယ်၍ ကျန်လူများကသာဆက်၍ ရှေးကအတိုင်း ပြုလုပ်ကြပြန်သည်။ နှစ်ဦးတည်း ကျန်သောအခါတွင် ဖယ်နေရသူ တစ်ယောက်က ဝင်ကူ၍ လုပ်ပေးရသည်။ သုံးဦးအနက် နှစ်ဦးက လက်ထားပုံချင်းတူလျှင် ကျန်လူကစ၍ လိုက်ရလေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)