စိန်ဒေါ်လာ

ဝီကီပီးဒီးယား မှ

ဒိုးပတ်ဆရာကြီး စိန်ဒေါ်လာ (ခ) ဦးအပ္ပဒွလ္လာ[ပြင်ဆင်ရန်]

အတိတ်ခေတ်မှ နေ့တစ်နေ့၊ အချိန်တစ်ချိန်၊ ခုနှစ်အားဖြင့် ၁၃၀၀ (၁၉၃၉-ခု) ဒေသက ကသာခရိုင် ကောလင်းမြို့၊ ရာသီက “သားပျိုးငယ်စုံ၊ မြရဂုံသီလာနယ်က၊ နှစ်သွယ်ရေတံခွန်နှင့် စိုးပန်းလဲ့မောင်၊ မုဝတ်ကယ်သင်းလှိုင်သည်၊ စုံဂနိုင်မြိုင်ယံမြင့်ငယ်မှာ၊ နွေလင့်ရွက်ညောင်း … “ဆိုတဲ့ မြဝတီမင်းကြီးဦးစ သဖြန်ဖွဲ့ဆိုခဲ့တဲ့ တပေါင်း ….။ လတပေါင်းဆိုတော့ အမြို့မြို့အနယ်နယ်တို့မှာ ဘုရားပွဲတော်များကျင်းပကြသည့်လ။ ဒီတပေါင်း လဆန်းပိုင်းမှာပဲ ကောလင်းမြို့ရဲ့ ကိုးတောင်ပြည့်စေတီတော် ကျင်းပတော့မယ့်ရက်ပိုင်းအလို စာရေးသူ အသက်က (၁၇) (၁၈)နှစ်ရွယ် အလယ်တန်းကျောင်းသားဘဝ။

“ကိုးတောင်ပြည့် ဘုရားပွဲတော်မှာ စိန်ဒေါ်လာ ဒိုးပတ်ဝိုင်းပါမယ်တဲ့” တစ်ယောက်မှတစ်ယောက် ဆင့်ပွားလာတဲ့သတင်းကို စာရေးသူကြားရတော့ စိတ်ရွှင်လန်းမှုကို ရစေခဲ့တယ်။ ဒိုးဆရာ စိန်ဒေါ်လာလို့ အခေါ်များ ကျော်ကြားနေတဲ့ ဦးအပ္ပဒွလ္လာဟာ စာရေးသူ၏ဇာတိ၊ မန္တလေးမြို့ စကြာနွယ်စဉ်ရပ် အရပ်သားချင်းတူကြတာမို့တစ်ကြောင်း အဖဘက်မှ ဆွေမျိုးတော်စပ်နေတာကတစ်ကြောင်း အစ္စလာမ် သာသနာ ယုံကြည်ကိုးကွယ်သူ ပသီနယ်ဖွားတစ်ဦးက မြန်မာ့အနုပညာတစ်ရပ်ဖြစ်တဲ့ ဒိုးပတ်တီး ကျော်မော်ဖြစ်တာကတစ်ကြောင်း တို့ကြောင့် စိတ်၏ရွှင်လန်းမှု ဖြစ်ခဲ့ရပုံကို ဒီကနေ့ထိ တွေးမိမြင်ယောင်မိလျက်ပါ။

ဒိုးပတ်ဝိုင်းဆိုတဲ့ အနုပညာ[ပြင်ဆင်ရန်]

မြန်မာလူမျိုးတို့ဟာ အလှူအတန်းကြီးကြသူများပါ။ လစဉ် လှူကြတန်းကြတဲ့ ပွဲလမ်းသဘင်များရှိကြတယ်။ လှူကြတန်းကြတဲ့ ပွဲတွေမှာလည်း ဒိုးပတ်ဝိုင်းပါကြသည်။ အတိတ်ခေတ် စာရေးသူ ကျောင်းသားအရွယ်က ကောက်စိုက်ရာမှာလည်း ဒိုးပတ်ဝိုင်းကြသည်။ ဒိုးတီးပြီး ကောက်စိုက်ကြတာဟာ တွင်ကျယ်မှုရှိသည်။ ဒိုးပတ်ဝိုင်းမပါတဲ့ ကောက်စိုက်အဖွဲ့နဲ့ ဒိုးပတ်ဝိုင်းပါတဲ့ ကောက်စိုက်အဖွဲ့ယှဉ်စိုက်။ ဒိုးပတ်ဝိုင်းပါတဲ့အဖွဲ့က သာခဲ့တာအမှန်ပါ။ ခုခေတ်မှာတော့ ကောက်စိုက်ပွဲတွေမှာ ဒိုးဝိုင်းဟ မပါသလောက်ဖြစ်သွားပါပြီ။ လယ်ကသင်းပေါ်က ကက်ဆက်ကို အသံချဲ့စက်တပ်ပြီး အားပေးကြတဲ့ အဆင့်ရောက်နေပါပြီ။

အတိတ်ဆီက ဒိုးဝိုင်းတွေ ခေတ်စားခဲ့ကြတယ်။ ဝိုင်းတစ်ဝိုင်းမှာ လူအင်အားသိပ်လိုလှတာမဟုတ်ပါဘူး။ ဒိုးတီသမားတစ်ယောက်၊ အက၊ ဒါမှမဟုတ် နှစ်ယောက်၊ တချို့ဝိုင်းက နှဲတစ်ယောက်ထည့်ကြပါမှ ငါးယောက်ဆို ဒိုးဝိုင်းဖြစ်တော့တာပါ။ ဒီထက် ပိုချင်လို့ရှိရင်လည်း ဝါးလက်ခုတ်သမား နှစ်ယောက်၊ သုံးယောက်ထည့်လို့ရပါတယ်။

ကောလင်းရောက်လာတဲ့ စိန်ဒေါ်လာ[ပြင်ဆင်ရန်]

ဘုရားပွဲစမယ့်ရက်က နီးလာလို့ စိန်ဒေါ်လာနဲ့အဖွဲ့ဟာ ကောလင်းရောက်ရှိလာကြပါတယ်။ သူတို့နဲ့အတူ လင်းကွင်းသမားတစ်ယောက်၊ နှဲသမားတစ်ယောက်၊ အဆို-အကတစ်ယောက် ပေါင်းမှ စိန်ဒေါ်လာပါ လေးယောက်သာ ပါခဲ့တယ်။ စိန်ဒေါ်လာ နာမည်ကြီးခေတ်စားနေချိန် မန္တလေးမှာ အကျော်အမော် ဒိုးဝိုင်းတွေကတော့ မိကျောင်းတံတား အနောက်ဘက်က ဘယ်ကျော် ကိုထွန်းမြတ်၊ အောင်ပင်လယ်က ဦးထွန်းသာ၊ ဇီးအုပ်ရွာက ဦးရုံ၊ တံခွတိုင်က ဦးစံရ၊ မတ္တရာက ဦးဘရန်တို့ ဦးဆောင်ကြတဲ့ ဒိုးဝိုင်းတွေဟာလည်း နာမည်ကြီးဝိုင်းတောပါ။ စိန်ဒေါ်လာ (ခ) အပ္ပဒွလ္လာဟာလည်း ဖော်ပြပါ ဒိုးသမားတွေနဲ့ ခေတ်ပြိုင်ပါ။ မန္တလေးမှာလည်း နာမည်ကြီးဝိုင်း တစ်ဝိုင်းဖြစ်လေတော့ နယ်တွေပါခြေဆန့်လာရတာကြောင့် ကောလင်းမြို့က တန်ခိုးကြီး “ကိုးတောင်ပြည့်”ဘုရားပွဲကိုပင် ရောက်လာကြတာပါ။

စိန်ဒေါ်လာနဲ့အဖွဲ့ ကောလင်းကိုရောက်ကြတယ်ဆိုရင်ပဲ ပွဲတော်ဖြစ်မြောက်ရေးကော်မတီက နားဖို့နေဖို့ နေရာချထားပေးကြလို့ ခဏနားကြ၊ ရပ်ဆွေရပ်မျိုးတို့အိမ်များကို တွေ့ဆုံ နှုတ်ဆက်ကြတယ်။

နယ်ခံဆွေမျိုးတွေကလည်း စကြာနွယ်စဉ်ရပ် မန္တလေးက ရေကြည်ရာ မြက်နုရာ လာနေကြသူများ၊ မင်းတုန်းမင်းတရားကြီး မန္တလေးမြို့တည်ပြီး သီးသီးသန့်သန့် ဘုရင့်အမြောက်တပ် အမှုထမ်းများ စကြာအမြောက်တပ်ဗိုလ်မင်းဟာရှင်ရဲ့ အနွယ်များဖြစ်ပြီး စိန်ဒေါ်လာကလည်း ဗိုလ်မင်းဟာရှင်ရဲ့ အနွယ်၊ စာရေးသူကိုယ်တိုင်လဲ ဒီအနွယ်ဝင်ဆိုတော့ ပျော်ခဲ့ ဂုဏ်လည်းယူခဲ့မိတယ်။

ဦးဒေါ်လာနဲ့ ပါတဲ့အဖွဲ့ဟာ ကံကောက်ရွာက လင်းကွင်းသမားကြီးဦးဘဂျမ်း၊ တံခွန်တိုင်က ဦးတုန်ပေါ့၊ ဆီဆုံကုန်းက ဆိုင်းမင်းသား ဦးဘခိုင်တို့လည်း ပါခဲ့ကြတယ်။

ဦးအပ္ပဒွလ္လာတစ်ဦးတည်း နာမည်က သုံးမျိုး။ ဒါကိုတော့ နည်းနည်းရှင်းချင်ပါတယ်။ စနေမင်း၊ မင်းတုန်းမင်း၊ သီပေါမင်း သုံးဆက် မင်းမှုထမ်းခဲ့တဲ့ အမြောက်တပ်သားကြီး ဦးဒူရာမန်း၊ အမိဒေါ်ဖီတို့က သားတစ်ဦး သမီးတစ်ဦးမွေးခဲ့တယ်။ မိဘနှစ်ဦးက ပသီမျိုးနွယ် အစ္စလာမ်သာသနာအရ အပ္ပဒွလ္လာလို့ အမည်ပေးခဲ့ကြတယ်။ ဒိုးတီးသမားဖြစ်လာတော့ မြန်မာလူမျိုးတို့က နာမည်အခေါ်ရခက်လို့ ကိုဒေါ်လာလို့ ခေါ်ခဲ့ကြတယ်။ စစ်မဖြစ်ခင်ကေဝလမင်းသား မြန်မာပြည်ရောက်လာပြီး မန္တလေးကိုလာတော့ ကြိုကြတဲ့အဖွဲ့ထဲမှာ ဦးဒေါ်လာရဲ့ ဒိုးဝင်းလည်းပါဝင်ခဲ့ရတယ်။ ဝေလမင်းသားကို ကြိုကြတဲ့အခါ ဦးဒေါ်လာရဲ့ ဒိုးထူးချွန်တာတွေ့ရလို့ ရွှေတံဆိပ် ချီးမြှင့်ခံရတယ်။ အဲဒီနောက်တော့ စိန်ဒေါ်လာဖြစ်လာတော့တယ်။ ဒိုးတီးကလည်းကောင်းပြန်၊ ဝေလမင်းသားကလည်း ရွှေတံဆိပ်ချီးမြှင့်ပြန်တော့ နာမည်ပိုကြီးလာတာပေါ့။ ဘယ်အထိ ဖြစ်ခဲ့ရသလဲဆိုရင် တောရွာတွေက ကြက်တိုက်ပွဲတွေမှာ အခွပ်ကောင်းတဲ့ကြက်ဖကို စိန်ဒေါ်လာကွ … တီးပေး … မလျော့နဲ့ … တီးပေးလို့ ရွာတွေထိ စိန်ဒေါ်လာ ခေတ်စားခဲ့တယ်လို့ သိရတယ်။

ဒိုးတီးနဲ့စိန်ဒေါ်လာ[ပြင်ဆင်ရန်]

ကောလင်းကို ရောက်ကြပြီး နောက်တစ်နေ့ ဘုရားပွဲက စပါတယ်။ စိန်ဒေါ်လာရဲ့ ဒိုးဝိုင်းဟာ လူတော်တော်စည်တဲ့ဝိုင်းပါ။ စိန်ဒေါ်လာ ဒိုးတီးကောင်းတဲ့အကြောင်းအရာတွေကတော့ လူက ထွားထွားကြိုင်းကြိုင်း၊ အားကကောင်းကောင်း၊ မောင်းကသန်သန်၊ လက်ချောင်းများကလည်းရှည်၊ ဒါကြောင့် သူ့ဒိုးတီးကွက်ဟာ စိတ်တဲ့အပြင် တီးချက်ကလဲပြင်းတယ်။ လက်နဲ့သက်သက်တီးတာမဟုတ်ပဲ ခြေဖဝါးတို့ကိုပါသုံးပြီး ဒိုးတီးတယ်။ ဒိုးမှာတပ်ထားတဲ့ ကြိုးကို ကတ္တီပါစွပ်ပြီးချုပ်ထားတယ်။ ကြယ်ပွင့်လေးတွေလဲစီပြီးတပ်ထားသေးတယ်။ ဒိုးကိုတီးရင်း လည်ပင်းမှာလွယ်ပြီး မင်းသား ပုလဲပုတီးလှည့်သလို ဒိုးကို အားနဲ့လှည့်လိုက်၊ နောက်ရောက်လာတဲ့ဒိုးကို ခြင်းလုံး စလွယ်ခတ်တီးဟန်နဲ့ ခြေဖဝါးနဲ့တီးပြီး ရှေ့ကိုပြန်ရောက်စေတယ်။ ဒိုးကို လည်ပင်းမှာဆွဲထားပြီး ဘယ်ဖဝါး ညာဖဝါးနဲ့လဲတီးတယ်။ ဒိုးကို ခြေရောလက်ပါတီးနေပေမယ့် ဟန်ချက်မပျက်စေရဘူး။

ကျားကိုက်ကျွမ်းထိုးဆိုတာလဲ တီးလိုက်သေးတယ်။ ကျားကိုက်ကျွမ်းထိုး တီးတော့မယ်ဆိုရင် တိုက်ပုံအင်္ကျီချွတ် ပုဆိုးခါးတောင်းကျိုက်၊ ဒိုးတပ်ကြိုးကို ပါးစပ်နဲ့ကိုက်ပြီး မယ်ဥကျားချီပုံ၊ ဘယ်ယိမ်းညာယိမ်းလုပ်၊ ဒေါမာန်တွေထဟန်ပြု၊ ကျားဟန်ပါပါနဲ့ ဒိုးတီးချက်မပျက်စေဘဲ ရှေ့ကျွမ်းထိုးနောက်ကျွမ်းထိုး အမျိုးမျိုးတီးတယ်။ ဒါတွေဟာ စာရေးသူကိုယ်တိုင် ၁၇-နှစ်၊ ၁၈-နှစ်သားအရွယ်က တွေ့ခဲ့ရတာပါ။ စာဖတ်သူအနေနဲ့တော့ မျက်မြင် ကိုယ်တွေ့လောက် ခံစားရမှု အပြည့်မရှိနိုင်ပါဘူး။ အလေးအနက်ထားပြီး တွေးကြည့်ရင်တော့ ဒိုးလဲတီး၊ လှုပ်ရှားမှုမျိုးစုံကလည်းအဆက်မပြတ်လုပ်နေမယ့် ဟန်ပန်မူရာ စိတ်ဝင်စားစရာတွေ တရေးရေးမြင်လာလိမ့်မယ်လို့ ထင်ပါတယ်။

စိန်ဒေါ်လာရဲ့ ဒိုးတီးကွက်ကို မြူးကြွစေဖို့ အပို့သမားကတော့ ကံကောက်ရွာက လင်းကွင်းဆရာကြီး ဦးဘဂျမ်းပါ။ ဦးဘဂျမ်းလင်းကွင်းတီးပုံကလည်း ပညာပါလှပါတယ်။ လင်းကွင်း ၂-ချပ် ရိုးရိုးတီးတာမျိုးမဟုတ်ဘူး။ လင်းကွင်းမှာတပ်ထားတဲ့ကြိုးဟာ တစ်ခုကို ခြောက်ပေလောက်ရှည်မယ်ထင်တယ်။ ကြိုးကို ကတီပါစွပ်ထားသေးတယ်။ လင်းကွင်းကြိုးမှာလဲ ငွေ ကြယ်လေးတွေစီလို့ပါ။ ကြိုးအဖျားမှာတော့ အဖွားတစ်ပေခန့်လောက်ရှိမယ့် ပန်းပွားတပ်ထားသေးတယ်။ လင်းကွင်းကြိုးကို ဝေ့ကာဝိုက်ကာ သိုင်းကွက်နင်းဟန်ကပြီး တီးပုံက စိန်ဒေါ်လာရဲ့ ဒိုးတီးကွက်နဲ့ စီးကိုက်လှတယ်။

ကသာခရိုင် ကောလင်းမြို့ ကိုးတောင်ပြည့်ဘုရားပွဲက ၇-ရက် စိန်ဒေါ်လာတို့က တစ်ခြားမြို့မှာ ပွဲဆက်မလို့ ၃-ရက်ပဲ တီးကြတယ်။ ဒါတွေကတော့ စိန်ဒေါ်လာရဲ့ ဘဝဖြစ်စဉ် ကိုယ်တွေ့သိသမျှကလေးပါ။

စိန်ဒေါ်လာဟာ စကြာနွယ်စဉ် အမြောက်တပ်သားတို့မှ ဆက်နွယ်ခဲ့သူ သူကိုယ်တိုင် စကြာနွယ်စဉ်ဖွားဇာတိ။ ယနေ့တိုင် သူ့ဆွေမျိုးရင်းခြားများ စကြာနွယ်စဉ်ရပ်ကွက်တွင် ရှိလျက်ပါ။ ဗမာဘုရင်များလက်ထက် ပသီလူမျိုးလို့ သတ်မှတ်ခံကြရတဲ့ အစ္စလာမ်သာသနာဝင် မိဘနှစ်ပါးမှဆင်းသက်လာသူ၊ စကြာနွယ်စဉ်ရပ်မွေး စကြာနွယ်စဉ်ရပ်ကြီးခဲ့သူ၊ ဒိုးတီးကိုလဲ စကြာနွယ်စဉ်မှာပဲ တတ်မြောက်ခဲ့သူ။

နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ ဗောဓိကုန်း၊ ပုဏ္ဏားအမျိုးသားများ စုဝေး နေထိုင်တဲ့ရပ်ကွက် ပုဏ္ဏားအမျိုးသားတို့ရဲ့ ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှုပွဲတွေမှာ စိန်ဒေါ်လာရဲ့ ဒိုးဝိုင်းမပါရင်မပြီးဘူး။ မင်္ဂလာအခမ်းအနားတွေမှာ သတို့သမီးဘက်က စိန်ဒေါ်လာရဲ့ ဒိုးဝိုင်းပါရမယ်လို့ တောင်းဆိုတာ ရှိခဲ့ဘူးတယ်လို့သိရတယ်။

စိန်ဒေါ်လာရဲ့ ဒိုးတီးကောင်းတဲ့ခေတ်ကို ရွာသားစိန်ဗေဒါကြီးကလည်း မီလိုက်တယ်လို့ဆိုတယ်။ “မင်းလိုလူတော့ ငါမတွေ့ဖူးသေးဘူး။ တို့က နှစ်ဘက်ပိတ်ကို မတီးတတ်ဘူး။ မင်းက ပသီဖြစ်ပေမယ့် ဒိုးကိုဆိုင်းဝိုင်းလောက်ကောင်းအောင်တီးနိုင်တာ တော်ပေတာပေါ့”လို့ ချီးကျူးသတဲ့။ (၁၉၇၁-ခု နိုဝင်ဘာလ ကြီးပွားရေးပုံနှိပ်တိုက် လက်ဆည်ကန်၊ မန္တလေး။ မှတ်ပုံတင်အမှတ် မြဲ-ဝဝ၄၅၇ မှာ ရိုက်နှိပ်ပြီး လူထုဦးလှမှတ်ပုံတင်အမှတ် မြဲ-ဝ၉၉၆ က တာဝန်ခံထုတ်ခဲ့တဲ့ စာပေလုပ်သား အင်အားသစ် အထက်ဗမာပြည် စာရေးဆရာများအသင်း စာအုပ်၊ စာမျက်နှာ (၁၅၀-၁၅၁)ကို ကြည့်ပါ။

မြို့ရောတောပါ စိန်ဒေါ်လာ[ပြင်ဆင်ရန်]

စိန်ဒေါ်လာ အရပ်တကာ မြို့တကာလှည့်ပြီး ဒိုးတီးတယ်ဆိုတော့ ရွှမြေို့တော်က မသုံးကြလို့လား … တွေးစရာပေါ့။ ဒီလိုလဲမဟုတ်ပါဘး။ မြို့မှာ နာမည်ကြီးလာတော့ နယ်တွေက လာငှားကြတာမို့ မြို့မှာလဲ ဒိုးဝိုင်းတွေဟာ တီးကြရတာ မအားကြရပါဘူး။ နှစ်စဉ် တပို့တွဲလပြည့်နေ့တိုင်း ရှင်မာလဲ ဘုရားပွဲလည်းရှိတယ်။ ဒီဘုရားပွဲတော်ချိန်မှာ ရှမ်းကုန်း မြေမြင့်ကြီးပေါ်က ရှမ်းမျိုးနွယ်စုများဖြစ်ကြတဲ့ လူမျိုးစုတို့ဟာ ဘုရားဖူးဆင်းကြတယ်။ ထမနဲပွဲကပ်လှူတဲ့နေ့မှာ တောင်ပေါ်တိုင်းရင်းသား လူမျိုးစုတွေဟ အတီးအမှုတ် အကအခုန်တို့နဲ့ သွားကြတယ်။ ဒီပွဲမျိုးဟာလဲ စိန်ဒေါ်လာရဲ့ ဝိုင်းပါစမြဲပါ။

အစ္စလာမ်သာသနာသက်ဝင်ယုံကြည်တဲ့ ပသီအမျိုးသားကြီးဖြစ်သော်လည်း စိန်ဒေါ်လာ ဒိုးတီးပိုင်ပုံ တီးကွက် ပြောင်မြောက်မှုတို့ကြောင့် အထက်ဗမာပြည်မှာ နာမည်ကျော်ခဲ့တယ်။ တန်ခိုးကြီးဘုရားပွဲတို့မှာ ကောက်စိုက်ပြိုင်ပွဲတို့မှာ နာမည်ကြီးဒိုးဝိုင်း(၅)ခုရှိတဲ့အထဲ စိန်ဒေါ်လာဝိုင်းပါရစမြဲပါ။

စိန်ဒေါ်လာမှီခဲ့သူများနဲ့ကိုယ်တွေ့သိခဲ့တာတို့ကို တင်ပြတာပါ။ ဆရာတော် ဦးဥတ္တမ မန္တလေးကြွလာတော့ ဘုရားကြီး ၄၅-တာမှာ အငြိမ့်ပွဲ ဒိုးတီးပွဲတွေနဲ့ ကြိုဆိုခဲ့တယ်ဆိုပဲ။ စိန်ဒေါ်လာရဲ့ ဒိုးဝိုင်းနဲ့ အငြိမ့်စင်ကနီးနေတော့ အငြိမ့်ပွဲကြည့်တဲ့လူနည်းပြီး စိန်ဒေါ်လာရဲ့ ဒိုးဝိုင်းမှာသာ ပွဲကြည့်များလို့ အငြိမ့်ပွဲပျက်ခဲ့ရတယ်လို့ အဆိုရှိခဲ့ပါတယ်။

ဒိုးနဲ့ ဇာတ်လမ်း[ပြင်ဆင်ရန်]

ဒိုးပတ်တီးကြတယ်၊ အလှူပွဲ၊ မင်္ဂလာပွဲ၊ ကထိန်ပွဲတို့မှာ ဒိုးပတ်ဝိုင်းဆိုတာ ဒီနေ့ထိလည်းပါကြစမြဲပါ။ ဒိုးပတ်ဝိုင်းပါတော့ ပိုပြီးစည်တယ်။ ပိုပြီးမြူကြွတယ်။ ဒါပေမယ့် ခုခေတ် ဒိုးပတ်ဝိုင်းတွေရဲ့ တီးကြ မှုတ်ကြတာတွေဟာ ခေတ်ပေါ်သီချင်းတို့သာများကြတာ တွေ့ရမှာပါ။ စိန်ဒေါ်လာတို့က နမည်ကြီးဝိုင်းတွေဟာ ဒိုးတီးပညာ တက်လာတာနဲ့တစ်ပါတည်း ရုပ်သေးကြိုးဆွဲပညာကိုပါ တက်လာကြရတယ်လို့ဆိုတယ်။

မိုးရာသီကောက်စိုက်ချိန်တို့မှာ လယ်စိုက်သူများ အလုပ်တွင်ကျယ်စေဖို့ ဒိုးဝိုင်းဟာ မန္တလေးမြို့ရဲ့ အေ့ရှဘက်ဆုံးအောင်ပင်လယ်ကွင်းမှာ မပါလို့ မဖြစ်ပါဘူး။

စိန်ဒေါ်လာတို့ ဒိုးဝိုင်းပါရတဲ့ ကောက်စိုက်ပွဲမှာ တီးရတော့မယ်ဆိုရင် နံနက်(၅)နာရီမှ ကောက်စိုက်ကြမည့် လယ်သူမများနဲ့ ဒိုးအဖွဲ့ပါ လယ်ကွက်ထဲ ရောက်ကြရတယ်။ စတာနဲ့တစ်ပြိုင်တည်း (၃၇)မင်း ပင့်ဖိတ်သည်မှအစ အပျိုတော်(၁၂)ခန်းကို ကုန်အောင်တီးရတာ နေ့ဝက်ကျိုးတဲ့အထိဆိုပဲ။ နေ့ဝက်နားချိန်ပြီးလို့ အလုပ်ပြန်စတယ်ဆိုရင်ပဲ အလုပ်စကြဖို့ ကာလပေါ် တစ်ပုဒ်နှစ်ပုဒ်တီးရတယ်။ ပြီးတာနဲ့ ဇာတ်ပန္နက်ရိုက်တီးရတယ်။ များသောအားဖြင့် စိန်ဒေါ်လာရဲ့ဝိုင်းက မေဓာဝီနဲ့ ပဒကငသဇာတ်ခင်းတယ်ဆိုပဲ။ ဝန်ထွက်ခန်းဆိုတယ်တီးတယ်ရောက်တော့ ပြိုင်ထွက်နှစ်ပါးသွားအက ပြီးတော့ နေ့လယ်မုန့်စးနားပြီးတာနဲ့ ပန္နက်ချီထားတဲ့ ဇာတ်လမ်းကိုဆက်ရတယ်။ ဒီလိုနဲ့ နေ့လယ်းကုန် ကောက်စိုက်ကွင်းလဲပြီး ဇာတ်လမ်းလဲသိမ်းကြတယ်။ ဒိုးတီးဝိုင်းသမားတိုင်း ရုပ်သေးပညာတတ်ထားကြရတယ်။ ဒိုးသမားတို့တီးကြ ဆိုကြတာတွေဟာ အရုပ်သာမပါတာ ရုပ်သေးကဟန်၊ ရုပ်သေးဆိုဟန်စတဲ့ ရုပ်သေးပညာတတ်ကြရတယ်။ မတတ်ကြရင်တော့ ဒိုးသမားကောင်းမဖြစ်နိုင်ပါဘူး။ စိန်ဒေါ်လာဟာ ဒီပညာတွေ ဘက်စုံတတ်ခဲ့တယ်လို့ သမစဉ်အရ သိရတယ်။ ဒိုးတစ်လုံး လင်းကွင်းတစ်စုံ၊ နှဲတစ်လက်နဲ့ ဆိုင်းဝိုင်းကြီးတစ်ဝိုင်းရဲ့ တီးကွက်တာဝန်တို့ကို ထမ်းဆောင်ရတာ လွယ်လှတယ်လို့မထင်ပါ။ လေခင်းတီးတယ်၊ ငိုချင်းတီးတယ်၊ တောလေပြေ၊ ထီးလေပြေ၊ နန်းလေပြေတို့ကိုလည်း တီးသေးတယ်။

ဒိုးပညာနဲ့ စိန်ဒေါ်လာ[ပြင်ဆင်ရန်]

စိန်ဒေါ်လာမှာ ထူးခြားတာတစ်ခုရှိပါသေးတယ်။ ဒိုးတီးတော့မယ်ဆိုရင် ပတ်စာကပ် အသံညှိတာတို့ကို အလုပ်တစ်ခုအနေနဲ့ မလုပ်ပါဘူး။ ပတ်စာ စာလုံးကို ဒိုးပေါ်တင်ပြီး လက်မနဲ့ သုံးကြိမ်သာရစ်လိုက်ရင် ပတ်စကပ်ပြီးဖြစ်သွားတယ်။ သူလိုချင်တဲ့ (၅)ပေါက်သံ၊ (၆)ပေါက်သံ၊ (၇)ပေါက်သံ အားလုံး အဆင်သင့်ဖြစ်သွားတယ်ဆိုပဲ။ ဘုန်းတော်ရောင်ဘွဲ့တီးနေရာက ကြိုးတီးကြိုးက၊ ရေခင်းပြောင်းတီး၊ အဲဒီက ဗုံတောက်သံအထိတီးရင် ပတ်စာကို လက်မနဲ့ထိုးခါ ပြန်ကပ်အသံညှို့လုပ်တာတွေဟာ အတီးမပျက်စေရဘူးလို့ ဆိုတယ်။

အစ္စလာမ်သာသနာ သက်ဝင်ယုံကြည်သူ ပသီအမျိုးသားကြီး စိန်ဒေါ်လာ (ခ) အပ္ပဒွလ္လာဆိုတဲ့ဒိုးသမားကြီးဟာ ဒိုးမှာဘက်စုံတော်ခဲ့သူ မြန်မာ့အနုပညာရှင်ကြီးတစ်ဦးဖြစ်ခဲ့ဖူးကြောင်း သမိုင်းဇာတ်လမ်းတစ်ပုဒ်ဟာ သူမရှိတော့တဲ့နောက် ပျောက်ကွယ်သွားရတော့မယ့်အချိန်မှာ ၁၉၇၀-ခုနှစ် အထက်ဗမာပြည် စာရေးဆရာကြီးများ ကြီးမှူးကျင်းပတဲ့ စာတမ်းဖတ်ပွဲမှာ လူထုဒေါ်အမာဖတ်ကြားတဲ့ “ဗမာသံတွေပျောက်ကုန်ပြီ”ဆိုတဲ့ ခေါင်းစဉ်ပါ စာတမ်းမှာ စိန်ဒေါ်လာ (ခ) အပ္ပဒွလ္လာရဲ့အကြောင်း တစ်စိတ်တစ်ပိုင်းပါခဲ့လို့ ဂျပန်ခေတ်အတွင်း ဇာတ်သိမ်းသွားရှာတဲ့ ဇာတ်လမ်းတစ်ပုဒ်ပြန်ပေါ်လာခဲ့ရပါတယ်။ စာတမ်းအဖြစ်မှ စာပေလုပ်သား အင်အားသစ်အနေနဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာများအသင်းက စာအုပ်အဖြစ်ထုတေ်ဝခဲ့လို့ ၁၉၇၁-ခုနှစ် နိုဝင်ဘာလမှာ ပုံနှိပ်အက္ခရာအဖြစ်နဲ့ စာတမ်းတစ်စောင်အဖြစ် ပေါ်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ (၁၇)နှစ်တာကာလအတွင်း အဆက်ပြတ်သွားပြန်တဲ့ ဇာတ်လမ်းကို ဒီဆောင်းပါးငယ်က ထပ်ပြီးကွင်းဆက်ပေးတဲ့သဘောပါ။

စိန်ဒေါ်လာ (ခ) ဦးအပ္ပဒွလ္လာဆိုတဲ့ အနုပညာရှင်ကြီးကတော့ ဂျပန်ခေတ် စစ်ပြေးရင်း မန္တလေးလေယာဉ်ကွင်းရဲ့တောင်ဘက် (၄-၅)မိုင်အကွာမှာရှိတဲ့ ဇောင်းကလော ပုဏ္ဏားကုန်းဆိုတဲ့ ရွာကလေးမှာ စစ်ပြေးဒုက္ခသည်အဖြစ်နဲ့ အလ္လာဟ်အရှင်မြတ်အမိန့်တော်ကျရောက်လာလို့ တဒင်္ဂမှသည် ထာဝရသို့ ကူးပြောင်းသွားရရှာပါတယ်။ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံသွားစဉ် ဇနီး ဒေါ်ဖွားခင်နဲ့ သားသမီး(၄)ယောက်ကျန်ခဲ့ပါတယ်။ ဆွေးရင်းမျိုးချာအဆက်အနွယ်များကတော့ မန္တလေးမြို့၊ စကြာနွယ်စဉ် ရပ်ကွက်ကြီးအတွင်းမှာ ဒီကနေ့အထိ ရှိကြပါသေးတယ်။

ဒီဆောင်းပါးကို ပြုစုရာမှာ ကိုယ်တွေ့များနဲ့ စိန်ဒေါ်လာ (ခ) ဦးအပ္ပဒွလ္လာရဲ့အကြောင်းအရာများကို ရနိုင်သမျှ စုဆောင်းလေ့လာထားတဲ့ မြန်မာခြင်းလုံးသမိုင်းပြုစုသူ စာပေဗိမ္မာန်စာမူဆု ၁၉၈၁-ခုနှစ်၊ ပထမဆု ရရှိသည့် ခြင်းဦးဘသိန်း(ပီကင်းပြန်)ထံမှလည်းကောင်း၊ ၁၉၇၁-ခုနှစ် မန္တလေးမြို့ ကြီးပွားရေးစာအုပ်တိုက်ထုတ်၊ စာပေလုပ်သား အင်အားသစ် အထက်မြန်မာနိုင်ငံ စာရေးဆရာများအသင်းထုတ်စာအုပ်မှ လူထုဒေါ်အမာ၏ ‘ဗမာ့သံတွေ ပျောက်ကုန်ပြီ’စာတမ်းကိုလည်းကောင်း ကိုးကားရေးသားခြင်း ဖြစ်ပါတယ်။

(ပသီကိုကိုလေး)

  • ဗမာဟူသောနေရာတွင် မြန်မာဟု ပြင်ဆင်ဖတ်ရှုပါရန်

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁၉၉၁-ခု၊ ဒီဇင်ဘာလထုတ်၊ မိုးသောက်ကြယ်မဂ္ဂဇင်း၊ စာမျက်နှာ(၇၉-၈၁၊ ၁၁၅)မှ