စိန်ခင်မောင်ရီ

ဝီကီပီးဒီးယား မှ

အမျိုးသား စာပေဆုရ စာရေးဆရာနှင့် သတင်းစာဆရာ တစ်ဦးဖြစ်သူ စိန်ခင်မောင်ရီ ကို အဖ ကွယ်လွန်သူ စာရေးဆရာ 'ပုလိပ်အရာရှိတစ်ဦး' အမည်ခံ ခရိုင်ရဲဝန် ဦးဘသော် (ပြစ်မှုမဂ္ဂဇင်း စတင်တည်ထောင်သူ)၊ အမိဒေါ်မမလေးတို့မှ ၁၉၂၅ ခုတွင် ဖွားမြင်သည်။ မွေးချင်း ခြောက်ယောက်အနက် အကြီးဆုံး ဖြစ်သည်။ အမည်ရင်း ခင်မောင်ရီ ဖြစ်သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

စိန်ခင်မောင်ရီသည် မုံရွာမြို့ ဗုဒ္ဓဘာသာ အထက်တန်းကျောင်းတွင် နေစဉ်ကတည်းက နယ်သတင်းထောက်အဖြစ် သတင်းစာများတွင် သတင်း၊ ဆောင်းပါးများ ရေးခဲ့သည်။ ဂျပန်ခေတ်တွင် မုံရွာခရိုင် အာရှလူငယ်အစည်းအရုံး ဉာဏဗလမှူးအဖြစ် ဆောင်ရွက် ခဲ့သည်။

စာပေလောက[ပြင်ဆင်ရန်]

စာပေလောက သို့ ၁၉၅၀ ပြည့်နှစ်တွင် ဝင်ရောက်ခဲ့ကာ ပဒေသာမဂ္ဂဇင်းတွင် အယ်ဒီတာ ဖြစ်ခဲ့သည်။ နန်းမြိုင်၊ ယဉ်ညိမ်းစသည့် ကလောင်ခွဲများဖြင့်လည်း ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဘာသာပြန်များ ရေးသားခဲ့သည်။ ထို့နောက် သတင်းစာလောကသို့ ဝင်ရောက်ခဲ့ပြီး စီးပွားရေး၊အိုးဝေ၊ ဗမာ့ဝါဒ၊ ဗမာ့ခေတ်နှင့် ယူနီယံဂေဇက် သတင်းစာများတွင် သတင်းအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့၍ ကြေးမုံသတင်းစာထုတ်ဝေရန် သတင်းစာတိုက် တည်ထောင်ရာတွင် တည်ထောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ကြေးမုံသတင်းစာတွင် အယ်ဒီတာချုပ်အဖြစ် ၁၉၆၄ ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။

စိန်ခင်မောင်ရီသည် မြန်မာနိုင်ငံ စာရေးဆရာ အသင်းတွင် အတွင်းရေးမှူး၊ မြန်မာနိုင်ငံ သတင်းကောင်စီတွင် အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ဆင်ဆာ အဖွဲ့ဝင် စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။ ၁၉၅၇ - ၅၈ တွင် တာ့ရှ်ကင့် အာရှ အာဖရိက စာရေးဆရာ ညီလာခံသို့ လည်းကောင်း၊ ၁၉၆၃ တွင် သတင်းစာ ကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် အင်္ဂလန်ပြည်သို့ လည်ကောင်း သွားရောက်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် 'ဖြူနီညိုပြာ' မဂ္ဂဇင်းကို စတင်ထုတ်ဝေခဲ့သည်။

ဘာသာပြန် နှင့် စာပေဆု[ပြင်ဆင်ရန်]

စိန်ခင်မောင်ရီသည် ပြဇာတ်များ ရေးသားခဲ့ရာ မြေပိုင်ရှင် ဦးကံကောင်းနှင့် သမီးများ၊ ကြက်ကင်၊ ဒိုင်းညှောင့်၊ မျက်နှာဖုံးနှင့် အခြားပြဇာတ်စာပေများ ဖြစ်သည်။ ဘာသာပြန် စာအုပ်များအဖြစ် ယဉ်ညိမ်းကလောင် အမည်ဖြင့် သူခိုးနှင့် အရိုးခံမလေး'၊ 'ဆိုဗီယာလော့ရင့်'၊ 'ဝါးတဲကလေး' စာအုပ်များ ရေးသားခဲ့သည်။ အနာတဟန် ဘာသာပြန်စာအုပ်ဖြင့် ၁၉၈၅ ခုတွင် အမျိုးသားစာပေ ဘာသာပြန်(သုတ)ဆုကို ရရှိခဲ့သည်။[၁]

သီချင်း[ပြင်ဆင်ရန်]

သီချင်း များ လည်း ရေးသားခဲ့ရာ စောင်းသိန်းဖေ သီဆိုသော 'ငွေညှို့ပင်' သီချင်းသည် စိန်ခင်မောင်ရီ၏ ထင်ရှားသော လက်ရာ ဖြစ်သည်။

ရုပ်ရှင်ဇတ်ညွန်း နှင့် ကျော်ကြားလှသော ဝေဖန်ရေး[ပြင်ဆင်ရန်]

စိန်ခင်မောင်ရီသည် ရုပ်ရှင်ဇာတ်ညွှန်းများကိုလည်း ရေးခဲ့ရာ 'ရွှေလက်ဖြင့်ခေါ်လည်းမလာ'၊ 'အမွန်ကတစ်ဖက် သူတို့က တစ်ဖက်' တို့ကို ရေးသားခဲ့သည်။ စိန်ခင်မောင်ရီသည် ကွယ်လွန်ချိန်အထိ မဟေသီ မဂ္ဂဇင်း၊ သောင်းပြောင်းထွေလာ ရယ်ချင်စရာမဂ္ဂဇင်း၊ ဒဂုန်မဂ္ဂဇင်းတို့တွင် ပင်တိုင် ရုပ်ရှင် ဝေဖန်ရေး ဆောင်းပါး ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ နှင့် အခြား စာနယ်ဇင်း များ တွင် ရုပ်ရှင်၊ ပြဇာတ် ဆိုင်ရာ ဆောင်းပါး၊ ဘာသာပြန်၊ ဝတ္ထုများ ရေးသားခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

စာရေးဆရာ၊ သတင်းစာဆရာကြီး စိန်ခင်မောင်ရီသည် ၁၉၉၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြှို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်သန်းသန်းနှင့် သားခုနှစ်ယောက်၊ သမီးတစ်ယောက်နှင့် မြေးငါးယောက်တို့ ကျန်ရစ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. စိန်ခင်မောင်ရီ ၏ အနာတဟန် (စိတ်ကူးချို​ချို ၏ ၂၀၁၄ခု၊ဖေ​ေဖာ်ဝါရီလထုတ် စတုတ္ထအကြိမ်မူ)