စာပေဗိမာန် စာတမ်းဖတ်ပွဲ(၁၉၈၇)
စာပေဗိမာန်စာတမ်းဖတ်ပွဲ (၁၉၈၇)
[ပြင်ဆင်ရန်]ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှင်း စာပေဗိမာန် အဖွဲ့က ဘာသာပြန်စာပေ စာတမ်း ဖတ်ပွဲကို ကုန်သည်လမ်းစာပေဗိမာန်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ၁၉၈၇ ခုနှစ်မတ်လ ၁၈ ရက်နေ့မှ ၂ဝ ရက်နေ့အထိ သုံးရက် တိုင်ကျင်းပခဲ့သည်။
၁၉၈၇ ခုနှစ် ဘာသာပြန်စာပေ စာတမ်း ဖတ်ပွဲတွင် ဘာသာပြန်သဘောနှင့် အထာက်အကူပြု ကျမ်းများ စာတမ်း၊ ဘာသာပြန်ရသစာပေစာတမ်း၊ ဘာသာပြန်သုတ(ဝိဇ္ဇာ) စာပေ စာတမ်း၊ ဘာသာပြန်သုတ (သိပ္ပံ)စာ ပေစာတမ်းဟူ၍ စာတမ်း လေးမျိုးတင်သွင်း ဖတ်ကြားသည်။
ဘာသာပြန်သဘောနှင့် အထောက်အကူပြုကျမ်းများ စာတမ်းကို ဦးသော်ကောင်းနှင့် ဦးမောင်မောင်ကြီး (ငြိမ်းကျော်) တို့က တင်သွင်းဖတ်ကြားသည်။ စာတမ်း၏ ပထမပိုင်းတွင် ဘာသာပြန် သဘောနှင့် မြန်မာ နိုင်ငံဘာသာပြန် စာပေသမိုင်း အကျဉ်းကို ဖော်ပြထားပြီး ပျူခေတ်မှ ကုန်းဘောင်ခေတ်အထိ ဘာသာပြန်ထွန်း ကားလာပုံနှင့် သက္ကတပါဠိ ကျမ်းဂန်များကို မွေးစားစကားလုံးပြုခြင်း၊ နိဿယ ပြန်ဆိုခြင်းတို့ကိုတင်ပြထား သည်။
ထို့ပြင်မြန်မာစကားထဲသို့ တိုင်းရင်းသားဘာသာစကား များရောက်ရှိလာပုံ၊ သံတမန်ဆက်သွယ်မှုတို့ကြောင့် စကားပြော ဘာသာပြန် ပေါ်ပေါက်လာပုံ၊ စာကိုစာဖြင့်ဘာသာပြန်ပုံ၊ ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များကို မြန်မာဘာသာသို့ ပြန်ဆိုကြပုံ၊ ရှေးခေတ်မှ မျက်မှောက်ခေတ်အထိ ဘာသာပြန်များကို ဘာသာစကားအလိုက် ပညာရပ်များအလိုက် စနစ်တကျပြန်ဆိုပုံ ပြန်ဆိုနည်းစည်းကမ်း များကို တင်ပြထားသည်။
ဒုတိယပိုင်းတွင် ကဗျာ၊ ဝတ္ထု၊ ပြဇာတ်စသော ရသ စာပေဘာသာပြန်တို့အတွက် ရည်ညွှန်းကျမ်း အထောက်အကူပြု ကျမ်းများကို အကြောင်းအရာအလိုက် နမူနာကောက်၍ တင်ပြ ထားသည်။ သတင်းစာပညာ ဒဿနိကဗေဒအစရှိသော ဝိဇ္ဇာ ပညာရပ်နှင့် သိပ္ပံပညာရပ်တို့ကို ဘာသာပြန်ရာတွင် အထောက် အကူပြုသည့် ကျမ်းများကိုနမူနာ ဖော်ပြထားသည်။
ဘာသာပြန် ရသစာပေ စာတမ်းကို ဦးတင်ထွန်း (မောင်ထွန်းသူ) နှင့်ဦးမြင့်ကြွယ် (မောင်မောင်ကြွယ်) တို့က အပိုင်းများခွဲ၍ တင်သွင်းသည်။ နိဒါန်းပိ်ုင်းတွင် ရသစာပေ၏ သဘောသဘာဝကို လေ့လာတင်ပြထား သည့်အပြင် အရှေ့တိုင်း၊ အနောက်တိုင်းပညာရှင်တို့၏ အယူအဆအဓိပ္ပာယ် ဖွင့်ဆိုချက် များကိုပါတင်ပြထား သည်။
ဒုတိယပိုင်းတွင် မြန်မာနိုင်ငံ ဘာသာပြန် စာပေ သမိုင်းကို အကြမ်းဖျင်းသုံးသပ်ထားပြီး ရှေးခေတ်၊ ကိုလိ်ုနီခေတ်၊ လွတ်လပ်ရေးခေတ်၊ မျက်မှောက်ခေတ် ရောက်ချိန်အထိ ခေတ် လေးပိုင်းခွဲ၍ ဖော်ပြထားသည်။ ပုဂံခေတ်မှ ကုန်းဘောင်ခေတ် ကုန်ဆုံးချိန်အထိ ထွန်းကားခဲ့သော ရှေးခေတ်ဘာသာပြန် စာပေ များကိုလည်း ကောင်း၊ ကိုလိုနီခေတ်အတွင်း ပေါ်ထွန်းခဲ့သော မောင်ရင်မောင်၊ မမယ်မဝတ္ထုစသော ဘာသာပြန်ရသစာပေများ အကြောင်းကို လည်းကောင်း၊ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ လွတ်လပ်ရေးခေတ်အတွင်း ပေါ်ထွန်းခဲ့ သောဘာသာပြန် ရသ စာပေများ၊ ၁၉၆၂ ခုနှစ်မှ ယနေ့အထိ ပေါ်ထွန်းခဲ့သော ဘာသာ ပြန် ရသစာပေများအကြောင်းတို့ကိုလည်းကောင်း လေ့လာတင်ပြ ထားသည်။
တတိယပိုင်းတွင်ရသစာပေ ဘာသာပြန်ပြဿနာများကို တင်ပြထားသည့်အပြင် စာပေပညာရှင်ကြီးများ၏ အခက်အခဲ များနှင့် အတွေ့အကြုံများအပေါ် အခြေခံ၍စာတမ်းရှင်များ၏ အခက်အခဲနှင့်အတွေ့အကြုံ များကို ယေဘုယျသဘော တင်ပြ ထားသည်။
ဘာသာပြန်သုတ (ဝိဇ္ဇာ) စာပေစာတမ်းကို ဦးလှတင် (လှသမိန်)နှင့် ဦးလှမြင့် (နတ်နွယ်)တို့က တင်သွင်းသည်။ ရှေးဦးစွာ ဘာသာပြန်ဟူသော စကား၏ အနက်အဓိပ္ပာယ်ကို ရှင်းလင်းဖွင့်ဆိုပြသည်။ ထို့နောက် သုတ (ဝိဇ္ဇာ) ပညာရပ်များ ဖြစ်သော ဥပဒေ၊ ပထဝီဝင်၊ သဒ္ဒါကျမ်း၊ အဘိ်ဓာန်၊ စွယ်စုံ၊ လက်စွဲလမ်းညွှန်စ သည့် စာအုပ်များသည်ဆိုလိုရင်းကို တိုတို တုတ်တုတ် ရေးသားထားသည့် စာများဖြစ်၍ မူရင်းအဓိပ္ပာယ် ပေါ်လွင်အောင် ပြန်ဆိုရန်သာဖြစ်ကြောင်း၊ အတ္ထုပ္ပတ္တိ၊ခရီးသွား အတွေ့အကြုံမှတ်တမ်း စသည်တို့မှာမူ စာရေးသူ၏ခံစားမှု၊စိတ် ကူးဉာဏ် ကွန့်မြူးမှု၊ တင်စားဖွဲ့နွဲ့မှုစသည့် ရသသဘောပါရှိနေ သဖြင့် မူရင်းစာရေးဆရာ၏ အာဘော်ကိုသာမကရေးဖွဲ့ဟန်ကိုပါ ရမိအောင်ပြန်ဆိုသင့်ကြောင်း ဆက်လက်တင်ပြသည်။
သုတဝိဇ္ဇာ ဘာသာပြန်များသည် ပုဂံခေတ်ကပင်သန္ဓေ တည် ခဲ့ကြောင်း၊ ပါဠိမြန်မာ ဘာသာပြန် အဘိဓာန်များ ပေါ် ထွန်းခဲ့ကြောင်း၊ ကိုလိုနီခေတ်တွင် ဥပဒေစာအုပ်များ၊ လက်စွဲ စာအုပ်များ၊ ကျောင်းသုံး စာအုပ်များကို ဘာသာပြန်ခဲ့ကြကြောင်း၊ လွတ်လပ်ရေး ခေတ်တွင် ဘာသာအယူဝါဒ၊ဒဿနိက၊ နိုင်ငံရေး၊ စီးပွားရေး၊ သမိုင်း၊ ပထဝီဝင်၊ ဥပဒေ၊ စာပေအနုပညာ၊ အတ္ထု ပ္ပတ္တိ၊ ခရီးသွားအတွေ့အကြုံ မှတ်တမ်း၊ ဘာသာစကားနှင့် ရည် ညွှန်း စာအုပ်များ စသော သုတဝိဇ္ဇာ ပညာရပ်ဆိုင်ရာ ဘာသာ ပြန်စာအုပ်များကို ထုတ်ဝေခဲ့ကြောင်း တင်ပြသည်။
ဘာသာပြန်သုတ(သိပ္ပံ) စာပေစာတမ်းကို ဒေါက်တာ တင်အောင်နှင့် ဦးကျော်ဆွေ (မင်းကျော်)တို့က တင်သွင်းဖတ် ကြားသည်။ ရှေးဦးစွာသိပ္ပံဟူသော စကား၏အဓိပ္ပာယ်ကို ဖွင့်ဆို ရှင်းလင်းတင်ပြသည်။ ထို့နောက် သိပ္ပံပညာ မျိုးကွဲများပိုမိုများပြား လာပုံ၊ ယင်းတို့ကိုလူတိုင်းသိရှိနိုင်ရန် သိပ္ပံပညာဆိုင်ရာ ဘာသာ ပြန်စာအုပ် များ ထုတ်ဝေရန်လိုအပ်ပုံတို့ကို တင်ပြသည်။
ဘာသာပြန်ရာတွင် ဘာသာပြန်သူသည် ကိုယ့်ဘာသာ ကို ခြေခြေမြစ်မြစ် နားလည်ဖို့ လိုကြောင်း၊ သူ့ဘာသာစကားကို လည်း ခြေခြေမြစ်မြစ်နားလည်ဖို့လိုကြောင်း၊ ထို့ပြင်မိမိပြန်ဆိုမည့် ဘာသာရပ်ကို ခြေခြေ မြစ်မြစ် နားလည်ဖို့ လိုကြောင်း၊ သိပ္ပံ ဘာသာရပ်ကို တိတိကျကျ မြန်မာဘာသာ ပြန်ဆိုနိုင်ရန်အတွက် မြန်မာ အဘိဓာန် အကျဉ်းချုပ်၊ ပါဠိသက် ဝေါဟာရအဘိဓာန်၊ ပါဠိမြန်မာအဘိဓာန်၊ သိပ္ပံအဘိဓာန်စသည့် စာအုပ်များ ရှိထား ရမည်ဖြစ်ကြောင်း တင်ပြထားသည်။
၁၉၈၇ ခုနှစ် အတွင်းမှာပင် ရိုးရာပုံပြင်များ စာတမ်း ဖတ်ပွဲကို ကျင်းပခဲ့ပြန်သည်။ ရိုးရာပုံပြင်များစာ တမ်းဖတ်ပွဲကို ကုန်သည်လမ်းစာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ၁၉၈၇ ခုနှစ်ဒီဇင်ဘာလ ၂၁ရက်နေ့ မှ ၂၃ရက်နေ့အထိကျင်းပရာ ပြန် ကြားရေး ဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကျော်မြင့် တတ်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ သည်။
အဆိုပါစာတမ်းဖတ်ပွဲ၌ ရိုးရာပုံပြင်ဟူသည် စာတမ်းကို ဦးတင်လှ (မောင်မြန်မာ)က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်လည်း ကောင်း၊ နိုင်ငံတကာ ရိုးရာပုံပြင် စာတမ်းကို ဦးကျော်အောင် (ကျော်အောင်)က ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကောင်း၊ မြန်မာ့ရိုးရာပုံပြင် စာတမ်းကို ဦးကြည်အေး (ဆင်ဖြူ ကျွန်းအောင်သိန်း) က ယင်းနေ့နေလည်ပိုင်းတွင် လည်းကောင်း၊ တိုင်းရင်းသားရိုးရာ ပုံပြင်စာတမ်းကို ဦးမင်းနိုင်က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် လည်းကောင်း အသီးသီးဖတ်ကြားခဲ့သည်။
ရိုးရာပုံပြင် ဟူသည် စာတမ်းတွင် ရိုးရာပုံပြင် ဟူသော ဝေါဟာရကိုအကျယ်တဝင့်ဖွင့်ဆိုရှင်းပြပြီးကျေးလက်နှင့်ရိုးရာ၊ ပုံပြင်အမျိုးမျိုးစသည်ဖြင့်ကဏ္ဍခွဲ၍တင်ပြသည်။ နိုင်ငံတကာ ရိုးရာ ပုံပြင်စာတမ်းတွင်ပုံပြောခြင်း၏ မူလအစ၊ ရိုးရာပုံပြင်၏ စရိုက် လက္ခဏာများ စသည်ဖြင့် အပိုင်းများခွဲ၍ တင်ပြထား သည်။ မြန်မာ့ရိုးရာ ပုံပြင်စာတမ်းတွင် မြန်မာ့ရိုးရာ တိရစ္ဆာန် ပုံပြင်များ၊ လူနှင့်တိရစ္ဆာန် ပုံပြင်များ၊ လူသားတို့၏ပုံပြင်များ စသည်ဖြင့် မြန်မာ့ရိုးရာပုံပြင် အမျိုးမျိုးအကြောင်းကို တင်ပြထား သည်။ တိုင်းရင်းသား ရိုးရာပုံပြင် စာတမ်း၌ တိုင်းရင်းသား ရိုးရာပုံပြင်၏ သဘောသဘာဝ၊ ယင်း၏အင်္ဂါရပ်များ၊ တိုင်းရင်း သား ရိုးရာပုံပြင် စတင်ထွန်းကားလာပုံ၊ တိုင်းရင်းသားအချင်း ချင်း နှီးနွှယ်မှုစသည်ဖြင့် ကဏ္ဍများခွဲ၍ တင်ပြထားသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နှစ်ချုပ်၊ ၁၉၈၈