စာပေဗိမာန် စာတမ်းဖတ်ပွဲ(၁၉၈၆)

ဝီကီပီးဒီးယား မှ

စာပေဗိမာန် စာတမ်းဖတ်ပွဲ(၁၉၈၆)[ပြင်ဆင်ရန်]

ပြန်ကြားရေးဝန်ကြီး ဌာန ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှင်း စာပေ ဗိမာန်အဖွဲ့သည် စာပေနှီးနှော ဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများ ကို ၁၉၆၃ ခုနှစ်မှ စတင်ကျင်းပ လာခဲ့ရာ ၁၉၈၆ ခုနှစ် စာတမ်းဖတ်ပွဲအထိ ၁၉ ကြိမ်မြောက် ကျင်းပပြီးဖြစ်သည်။ စာတမ်းဖတ်ပွဲ၏ အဓိက ရည်ရွယ်ချက်မှာ စာပေနှင့်စာနယ်ဇင်း လုပ်ငန်းများ အရေအတွက်ရော အရည်အချင်းပါ မြင့်မား တိုးတက်ရေး အတွက် နိုင်ငံ၏စီးပွားရေး အခြေအနေပေါ် မူတည်၍ စာပေနှီးနှောဖလှယ်ပွဲ၊ စာပေဟောပြောပွဲ၊ စာပေပြပွဲ ပြိုင်ပွဲများ ကျင်းပရန်ဟူသည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်သည်။

စာတမ်းငယ်စာပေစာတမ်းဖတ်ပွဲကို ၁၉၈၆ ခုနှစ် မတ်လ ၁၈ ရက်နေ့မှ ၂ဝ ရက်နေ့အထိ ကုန်သည်လမ်း၊ စာပေဗိမာန်၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့သည်။ စာတမ်းငယ်ဟူ သည် စာတမ်းတွင် စာတမ်းငယ်ဆိုသည်မှာ အက်ဆေးမှတစ်စ တစ်စ ဖွံ့ဖြိုးလာသော စာပေအဖွဲ့မျိုးပင်ဖြစ် ကြောင်းနှင့် အကြောင်းအရာတစ်ခုခုကို စာရေးသူကိုယ်တိုင် တွေးမြင်ခံစား ရသကဲ့သို့ ရသ ပါအောင်ရေးဖွဲ့ထားသော မတို မရှည် စကားပြေအဖွဲ့မျိုး ဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုကာ စာတမ်း ငယ်နှင့် စာစီစာကုံး၊ ဆောင်းပါး၊ ဝတ္ထုတို၊ စာတမ်း အရေး အဖွဲ့များ ခြားနားပုံ၊ စာတမ်းငယ်၏ သွင်ပြင်လက္ခဏာများ၊ စာတမ်းငယ်အမျိုးအစားနှင့် စာတမ်းငယ်ဂုဏ် ရည်တို့ကို ရှင်းလင်းတင်ပြထားသည်။

နိုင်ငံခြားစာတမ်းငယ် စာတမ်းတွင် စာတမ်းငယ်၏ ဇစ်မြစ်၊ ဖွံ့ဖြိုးတိုးတက်မှု၊ တင်ပြနည်း၊ လုပ်ငန်းဆောင်တာ၊ အမျိုး အစား၊ အရေးအသား၊ သဘောလက္ခဏာ စသည်တို့ကို အိန္ဒိယ၊ တရုတ်၊ ပြင်သစ်၊ ဆိုဗီယက်၊ အင်္ဂလိပ်၊ အမေရိကန်စသည့် စာပေအလိုက် သာဓကများနှင့်တကွ ရှင်းလင်းတင်ပြထားသည်။ ၁၉၄၅ ခုနှစ် မတိုင်မီကာလ မြန်မာစာတမ်းငယ်စာတမ်း တွင် ၁၉၄၅ ခုနှစ် မတိုင်မီကာလက ထုတ်ဝေခဲ့သည် သတင်း စာ၊ ဂျာနယ်၊ မဂ္ဂဇင်းများမှ ရှာဖွေဖတ်ရှုရသော စာတမ်း သဘောလက္ခဏာပါသည့် စာများနှင့် စာတမ်းငယ်အကြောင်း များကို ကောက်နုတ်၍ ကိုးကားတင်ပြထားသည်။ တင်ပြရာ၌ အခြေတည်ပေါ်ထွန်းစ မြန်မာစာတမ်းငယ်နှင့် ထွန်းကား ထင်ရှားလာသော မြန်မာစာတမ်းငယ်ဟူ၍ အပိုင်းနှစ်ပိုင်းခွဲကာ ရှင်းလင်း တင်ပြထားသည်။

၁၉၄၅ ခုနှစ် နောက်ပိုင်းကာလ မြန်မာစာတမ်းငယ် စာ တမ်းတွင် ၁၉၄၅ ခုနှစ်နောက်ပိုင်းကာလ၌ များသောအားဖြင့် မဂ္ဂဇင်းများတွင် ထည့်သွင်းဖော်ပြသည့်စာများမှ ကောက်နုတ်၍ ကိုးကားတင်ပြထားသည်။ တင်ပြရာ၌ စာတမ်းငယ်အမျိုးအစား များကို သရုပ်ခွဲကာ ခွဲခြမ်းစိတ်ဖြာထားသည်။

စာတမ်းနှင့်စပ်လျဉ်း၍ မရှင်းမလင်းသောအချက်များ၊ သိလို သောအချက်များကို မေးမြန်းနိုင်ကြရန် မေးခွန်းပုံစံများကို ကြိုတင်ပေးပို့ထားသည်။ စာတမ်းငယ်ဟူသော စာတမ်းတွင် မေးမြန်းဆွေးနွေးသူ ၃၁ ဦး၊ နိုင်ငံခြားစာတမ်းငယ်စာတမ်းတွင် မေးမြန်းဆွေးနွေးသူ ၁၂ဦး၊ ၁၉၄၅ ခုနှစ် မတိုင်မီကာလ မြန်မာစာတမ်း ငယ်စာတမ်းတွင် မေးမြန်းဆွေးနွေးသူ ရှစ်ဦး၊ ၁၉၄၅ ခုနှစ်နောက်ပိုင်းကာလ မြန်မာစာတမ်းငယ် စာတမ်း တွင် မေးမြန်းဆွေးနွေးသူ ၁၈ ဦးတို့က မေးခွန်းပုံစံများဖြင့် အသီးသီးမေးမြန်းဆွေးနွေးခဲ့ကြသည်။

ဖတ်ကြားတင်သွင်းသောစာတမ်းများ[ပြင်ဆင်ရန်]

နေ့စွဲ စာတမ်းအမည် ဖတ်ကြားသူ
  1. ၁၈-၃-၈၆ စာတမ်းငယ်ဟူသည် မောင်ခင်မင် (ဓနုဖြူ)
  2. ၁၉-၃-၈၆ နိုင်ငံခြားစာတမ်းငယ် မြဇင်
  3. ၁၉-၃-၈၆ ၁၉၄၅ ခုနှစ်မတိုင်မီကာလ မြန်မာစာတမ်းငယ် တက္ကသိုလ်ဝင်းမွန်
  4. ၂ဝ-၃-၈၆ ၁၉၄၅ ခုနှစ်နောင်းပိုင်းကာလ မြန်မာစာတမ်းငယ် ကျော်အောင် [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. နှစ်ချုပ်၊ ၁၉၈၇