မာတိကာသို့ ခုန်သွားရန်

စလင်းကန်လယ်ဆရာတော် ရှင်ဝဇီရာဝုဓ

ဝီကီပီးဒီးယား မှ
စလင်းကန်လယ်ဆရာတော် ရှင်ဝဇီရာဝုဓ-(၁၉၀၁ – ၁၉၈၉)
စလင်းကန်လယ်ဆရာတော် ရှင်ဝဇီရာဝုဓ-(၁၉၀၁ – ၁၉၈၉)

မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင်တွင် သက်ရှိထင်ရှား ရှိစဉ်ကပင် ရဟန္တာဟု ထင်ရှားခဲ့သည်။ မန္တလေးမြို့ အနောက်ပြင် ဝိသုဒ္ဓါရုံတိုက် စည်ရှင်ဆရာတော် (နောင် ရွှေကျင်နိကာယ ဒုတိယသာသနာပိုင် ရှင်ကောသလ္လာဘိဝံသ)၏ အနီးနေတပည့်အဖြစ် ရဟန်း ၃ ဝါရသည့် တိုင် ပရိယတ္တိစာပေ သင်ယူခဲ့သည်။ ထိုစဉ်ကပင် သီတင်းသုံးဖော် စာလိုက်ဖက် ရှင်သုမင်္ဂလ (နောင် ဇာလီတောင်ဆရာတော်)၊ မစိုးရိမ် တိုက်မှ ရှင်ပဏ္ဍိတ (နောင် ပဋိပတ္တိအကျော် မင်းဘူးကျောက်မဲတောင် ဆရာတော်)တို့နှင့် ရဟန်း ၅ ဝါရက တောထွက် ပဋိပတ္တိ ကျင့်ကြံအားထုတ်ရန် ကတိကဝတ်ထားခဲ့သည်။ ရဟန်း ၄ ဝါအရတွင် ဦးလေးတော် ဥပဇ္ဈာယ်ဆရာက ကျောင်းအပ်သည်ကို ငြင်းပယ်၍ တစ်ပါးတည်း တောထွက် ကျင့်ကြံအားထုတ်သည်။ နိုင်ငံအနှံ့ တောအရပ်ရပ်တွင် ဓုတင် ၁၀ ပါး၊ ရံခါ ၁၃-ပါးဆောင်၍ ပဋိပတ္တိကျင့်ကြံအားထုတ်သည်။ စစ်ပြီးနောက် စလင်းမြို့ ကန်လယ်ကုန်း၌ သီတင်းသုံးရာမှ စလင်းကန်လယ် ဆရာတော်ဟု အမည်တွင်ခဲ့သည်။ ဇာလီတောင်ဆရာတော်က “စလင်းက ဓာတ်တော်လိုင်း၊ ကျောက်မဲက ပြာလိုင်း၊တို့က ပါရမီလိုင်း”လို့ မိန့်ဆို ခဲ့သည်။ ခန္ဓာဝန်ချပြီးနောက် ပုပ်ခြင်း၊ နံခြင်း မရှိ၊ ပကတိ ကြည်လင်လျက်၊ ကန်မှာလည်း အချိန်အခါမဟုတ် ရေများ ပြည့်လျှံလာသည့်အပြင် အရိုးမှာ ချိတ်ဆက် ဓာတ်တော်များ ကျသည်ဟု မှတ်တမ်းတင်ရစ်ခဲ့သည်။

ဝဇီရာဝုဓ၊ ရှင်၊ စလင်းကန်လယ်ဆရာတော်

[ပြင်ဆင်ရန်]

၁၉၀၁ ခုနှစ် ဒီဇင်ဘာလ ၄-ရက် ဗုဒ္ဓဟူးနေ့တွင် ပခုက္ကူခရိုင် ရေစကြိုမြို့ အရှေ့မြောက် ၈ မိုင်ကွာ မအူလေးရွာအဝင် အလယ်ရွာ၌ ဖွားသည်။ အဖ ဦးစံအုပ်၊ အမိ ဒေါ်ဆယ် ဖြစ်သည်။ စတုတ္ထမြောက် သားဖြစ်၍ အမည် မောင်စိန်ကဲ ဖြစ်သည်။

ငယ်စဉ်ကပင် ပဋိသန္ဓေစိတ် ထူးခြားသည်။ တဘက်စောင်ကို ဘုန်းကြီးသင်္ကန်းကဲ့သို့ ဝတ်လေ့ရှိသည်။ ပွဲလမ်းသဘင် ခေါ်မရ။ ၅-နှစ် အရွယ်တွင် မအူအလယ်ရွာကျောင်း ရှင်သောမထံ စတင် ပညာသင်သည်။ ရှင်သောမမှာ ဦးလေးတော်စပ်သည်။ ၁၀ နှစ်တွင် မိဘနှစ်ပါးက ရှင်ဒါယကာ ခံ၍ သာမဏေပြုပေးသည်။ ဘွဲ့ ရှင်ဝဇီရာဝုဓ ဖြစ်သည်။ ဥပဇ္ဈာယ်မှာ ရှင်သောမ ဖြစ်သည်။ သာမဏေဝတ်ဖြင့် ရွာကျောင်းမှာပင် ပရိယတ္တိ စာပေ ဆက်လက်သင်ယူသည်။ သာမဏေ ၆ ဝါရ၌ မော်လမြိုင် တောင်ဝိုင်းကြီး ရွှေကျင်တိုက်၊ ၇ ဝါရ၌ တောင်ဝိုင်းကလေး ပဓာနိကာရုံ ရွှေကျင်တိုက်များကို ပြောင်းရွှေ့ ပညာသင်၏။ ရွှေကျင်နိကာယ မော်လမြိုင် ဝိနည်းစာပြန်ပွဲ၌ ပထမကျော် အောင်သည်။ အင်္ဂလိပ်စာကို လေ့လာ သင်ယူသည်။ မျိုးချစ်စိတ်ထက်သန်၍ ၁၉၁၉ ခုနှစ် နဝမမြောက် မန္တလေး ဂျီစီဘီအေကွန်ဖရင့်ကို တက်ရောက်ခဲ့သည်။

မန္တလေးမှ ဇာတိ ရေစကြိုနယ် မအူရွာ ဦးလေး ရှင်သောမထံ ပြန်၍ သီတင်းသုံးသည်။ မိဘများက လူဝတ်လဲ၍ အိမ်ထောင်ချပေးရန် စီမံသည်ကို ငြင်းပယ်သည်။ အသက် ၂၀တွင် ရဟန်းဖြစ်သည်။ ဥပဇ္ဈာယ် ဆရာမှာ ရှင်သောမ၊ ပထမကမ္မဝါစာဆရာ အလုံဆရာတော် ရှင်တိဿ (နောင် စတုတ္ထမြောက် ရွှေကျင်သာသနာပိုင်)၊ တတိယ ကမ္မဝါစာဆရာ တတိယရွှေကျင်သာသနာပိုင် ဒီပဲရင်းဆရာတော် (ဒုတိယဝိသုဒ္ဓါရုံ ဆရာတော်ဟုလည်း ထင်ရှားသည်) တတိယကမ္မဝါစာဆရာမှာ ဝိဇ္ဇာ လင်္ကာရဆရာတော်တို့ ဖြစ်သည်။ ရဟန်းဖြစ်ပြီး မန္တလေး အနောက်ပြင် မဟာဝိသုဒ္ဓါရုံတိုက်ပြောင်း၍ ပညာဆည်းပူးသည်။ နောင် ရွှေကျင်ဂိုဏ်း ဒုတိယဥက္ကဋ္ဌဖြစ်လာမည့် စည်ရှင်ဆရာတော် ရှင်ကောသလ္လာဘိဝံသ (၁၈၈၈-၁၉၄၉)၏ အတွင်းနေ တပည့်အဖြစ် နေသည်။ ထိုစဉ်က ရွှေကျင်တိုက် ပညာသင်ဖက်အချို့မှာ ရှင်အာနန္ဒာပဏ္ဍိတ (နောင် အဂ္ဂမဟာပဏ္ဍိတ ပြည် ဗာရာဏသီဆရာတော်)၊ ရှင်ပဏ္ဍိတ (နောင် ဓမ္မကထိကအကျော် အနီးစခန်းဆရာတော်)၊ ရှင်သုမင်္ဂလ (နောင် သရက်ဇာလီတောင် ဆရာတော်)တို့ ဖြစ်သည်။ ပရိယတ္တိစာပေ သင်ယူနေစသ် အင်္ဂလိပ်စာကိုလည်း ဆက်လက်လေ့လာသည်။ ရဟန်း ၃ ဝါတွင် ပဋိပတ္တိ ကျင့်ကြံအားထုတ်ရန် စိတ်ညွတ်၍ သီတင်းသုံးဖော် ရှင်သုမင်္ဂလ၊ မစိုးရိမ်တိုက်မှ ရှင်ပဏ္ဍိတ (နောင်တွင် ပဋိပတ္တိအကျော် မင်းဘူး ကျောက်မဲတောင်ဆရာတော်)တို့နှင့် ရဟန်း ၅ ဝါတွင် တောထွက်ကျင့်ကြံအားထုတ်ရန် ကတိကဝတ် ပြုခဲ့ကြသည်။

ရဟန်း ၄ ဝါရ၌ ဥပဇ္ဈာယ်ဆရာ ပျံလွန်၏။ ပျံလွန်ပြီး ၇-ရက် မြောက်တွင် တောထွက်ခဲ့သည်။ ပထမဦးစွာ မအူရွာ မြောက်ဘက် ချင်းတွင်းမြစ်ကမ်းအနီး သပြေပင်မောင်နှမဂူ၌ ကျင့်ကြံအားထုတ်သည်။ ဤဂူသည် အန္တရာယ်များသည်။ တောကြမ်းသည်။ မိဘဆွေမျိုးများက လိုက်ပါတားမြစ်သော်လည်း တရားထူးရရန် အဓိဋ္ဌာန်ဖြင့် ခုတင် ၁၀ ပါး ဆောက်တည်အားထုတ်သည်။ အနှောင့်အယှက် ခြောက်လှန့်မှုများ မျိုးစုံ ကြုံတွေ့ရသော်လည်း ဝါတွင်းသုံးလပတ်လုံး အဓိဋ္ဌာန်မပျက် ကျင့်ကြံ အားထုတ်ခဲ့သည်။ ဂူအမည်ကိုလည်း ‘သောတာပန်ဂူ’ဟု သမုတ်ခဲ့သည်။ ဝါကျွတ်သော် မိခင်တောင်းပန်၍ မအူရွာမြောက်ဘက် ပေါ်တော်မူကုန်းကို ပြောင်းရွှေ့ သီတင်းသုံးသည်။ ဝိပဿနာတရားကိုလည်း ပြသသည်။ လူပရိသတ် စည်ကားလာသည်နှင့်အမျှ ကျင့်ကြံအားထုတ်ရန် အနှောင့် အယှက်ဖြစ်လာရာ တစ်နှစ်ခန့်အကြာ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် တလုပ်မြို့ သုသာန်ကို ပြောင်းရွှေ့သီတင်းသုံးသည်။ ထိုမှတစ်ဆင့် စင်္ကြံ တောင်ဂူ၌ ဝါဆိုသည်။ ဂူမှာ ဆားပေါက်ဂူဖြစ်၍ ကိုယ်ရောင်ရောဂါ စွဲကပ် လာသည်။ ဝါကျွတ်လျှင် ဆေးဝါးကုသရန် အနောက်ဘက်ကမ်း ရှင်မတောင် ကူး၍ ကျင့်ကြံအားထုတ်သည်။

ရှင်မတောင်တွင် သီတင်းသုံးနေစဉ် ရောဂါပြုစုစောင့်ရှောက်ရန် မိခင်လိုက်လာ၏။ မိခင်က ကျောင်းဆောက်လုပ်လှူဒါန်းရာ သီတင်း သုံးသည်။ ထိုစဉ် ပလိဗေဓ တွယ်တာမှုကို သံဝေဂရကာ ညအချိန်တွင် ကျောင်းကို စွန့်ခဲ့သည်။ မြိုင်မြို့နယ် သနပ်ခါးတောများ၌ လှည့်လည် သီတင်းသုံးသည်။ ထိုမှတစ်ဖန် စေတုတ္တရာ၊ နွားမတောင်၊ ပဒါန်း၊ ရွှေစက်တော် အထက်ခြေတော်ရာအနီး ဓုတင် ၁၀ ပါး၊ ဝါတွင်း၌ ဓုတင် ၁၃-ပါး ဆောက်တည် ကျင့်ကြံအားထုတ်သည်။ ရွှေစက်တော်တွင် ၂ ဝါဆို သီတင်းသုံးနေစသ် ငယ်စဉ်က ကတိကဝတ်ထားခဲ့သော ရှင်သုမင်္ဂလ၊ ရှင်ပဏ္ဍိတတို့နှင့် ပြန်လည်တွေ့ဆုံသည်။ ရွှေစက်တော်မှ ကျောင်းတော်ရာ၊ စလင်း အောင်နိုင်ကုန်း၊ တောင်တောရကြီးများသို့ လှည့်လည် သီတင်း သုံးသည်။ ၁၉၃၂ ခုနှစ်တွင် ငယ်စဉ် တောမထွက်မီက စီရင်ခဲ့သော စက္ခု အလင်းသံခိပ်ကျမ်းကို ပုံနှိပ်ထုတ်ဝေသည်။ အောင်နိုင်ကုန်းမှတစ်ဖန် ပွင့်ဖြူမြို့နယ် မုန်းချောင်းကမ်းဘေး လွန်းတောင်၊ မကွေး မြသလွန်စေတီ အရှေ့ဘက်ရှိ ကုမာရချောင်း၊ ပန်းရစ်တောင်၊ ချောင်းကိုးကွေ့ဂူ စသည်တို့တွင် လှည့်လည် သီတင်းသုံးသည်။

၁၉၃၆ ခုတွင် အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသ၊ သီရိလင်္ကာနိုင်ငံများသို့ ကြွရောက်သည်။ အိန္ဒိယမှအပြန် ဗောဓိမျိုးစေ့ ယူဆောင်၍ စလင်း ကန်လယ်နှင့် ရွှေမုဋ္ဌောဘုရားတောင်ဘက်တွင် ဗောဓိပင်များ စိုက်ပျိုးသည်။ စစ်အတွင်း မင်းဘူး စက္ကိန္နဲဘုရားအနီး သီတင်းသုံးသည်။ ထိုသို့ သီတင်းသုံးနေစဉ် မဟာမိတ်လေယာဉ်များ၏ ဗုံးဒဏ်ခံရသော လူနာများကို ကယ်ဆယ်စောင့်ရှောက်ခဲ့သည်။ ဂျပန်ခေတ်အတွင်း ဇာလီတောင် ဆရာတော် ရှင်သုမင်္ဂလကို ဂျပန် ကင်ပေတိုင်က ဖမ်းဆီးခဲ့ရာ ရန်ကုန် လိုက်၍ ဗန္ဓုလဦးစိန် အကူအညီဖြင့် လွတ်မြောက်စေခဲ့သည်။

စစ်ပြီးနောက် ရွှေစက်တော်မှ စလင်းကန်လယ်ကို ပြောင်းရွှေ့ သီတင်းသုံးရာ စလင်းကန်လယ်ဆရာတော်ဟု ထင်ရှား၏။ လွတ်လပ်ရေး ခေတ်ဦး နိုင်ငံတော်သမ္မတ၏ ပင့်လျှောက်ချက်အရ ရန်ကုန် သမ္မတ အိမ်တော်ကြွ၍ ပရိတ်တော်များ ချီးမြှင့်သည်။ ဆဋ္ဌသင်္ဂါယနာတင်ရန် လိုဏ်ဂူဆောက်လုပ်မည့်နေရာကိုလည်း ပရိတ်အရံအတားများ ချီးမြှင့်သည်။ ထိုစဉ်က ဝန်ကြီးချုပ်၏ လျှောက်ထားချက်အရ ရန်ကုန် မဟာစည် သာသနာ့ရိပ်သာ၌ တရားဟော၏။ ရန်ကုန်မြို့၌ သီတင်းသုံးရန် လျှောက်ထားသော်လည်း ငြင်းပယ်၍ စလင်းကန်လယ်၌ ပဋိပတ္တိတရား ကျင့်ကြံ အားထုတ်ခဲ့သည်။

သက်တော် ၈၄-နှစ်အရွယ်တိုင် ကျန်းမာရေးကို မငဲ့ကွက်ဘဲ နယ်ထွက် တရားအားထုတ်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ရဟန္တာဟု ထင်ရှားသော တောင်ပုလုတောရ ကမ္ဘာအေးဆရာတော် ရှင်နန္ဒိယ (၁၈၉၇— ၁၉၈၆) စလင်းကို ကြွရောက်လာရာ စလင်းကန်လယ်ဆရာတော်နှင့် တွေ့ဆုံခဲ့ကြသည်။ သက်တော် ၈၈ သိက္ခာ ၆၈ ဝါရ ၁၉၈၉ ခု ဖေဖော်ဝါရီလ ၄-ရက်နေ့တွင် စလင်းမြို့ ကန်လယ်ကျောင်းတိုက်၌ ခန္ဓာဝန်ချခဲ့ပါသည်။ []

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. မောင်ဇေယျာ (၂၀၁၅ - ခုနှစ်)။ ရှင်ကျော် ၁၀၀ (ဒုတိယတွဲ)။ ရန်ကုန်မြို့: ပဉ္စဂံစာအုပ်တိုက်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)