စပါတာ

ဝီကီပီးဒီးယား မှ

စပါတာမြို့ပြနိုင်ငံ ဒီမိုကရေစီ[ပြင်ဆင်ရန်]

ရှေးဟောင်းဂရိနိုင်ငံ၏ အစောပိုင်းကာလတွင် မြို့ပြနိုင်ငံငယ်လေးများသည် နိုင်ငံရေး လွတ်လပ်မှုအားနည်းသေးသည်ဟုဆိုရမည်။ မြို့ပြနိုင်ငံအုပ်ချုပ်သူများကို Poleis ဟုခေါ်ကြပြီး လူနည်းစုကိုယ်စားပြုသည့် အုပ်ချုပ်သူများ လည်းဖြစ်ကြသည်။ ဂရိခေတ်အုပ်ချုပ်ရေးအဆင့်အတန်းတွင် ဒီမိုကရေစီသဘောတရား အထွန်းကားဆုံး မြို့ပြနိုင်ငံ နှစ်ခုမှာ အေသင် (Athens) နှင့် စပါတာ(Sparta) မြို့ပြနိုင်ငံများဖြစ်သည်။ စပါတာတို့သည် ပုဂ္ဂလိကပိုင်ဆိုင်မှုကို ငြင်းပယ်ကြသည့်အပြင် လူတန်းစားလည်းခွဲခြားကြသဖြင့် ထူဆန်းသည့် လူ့ဘောင်အဖွဲ့အစည်းတစ်ခုဟုဆိုနိုင်သည်။ စပါတန်အစိုးရသည် နိုင်ငံရေးအာဏာပိုင်အဖွဲ့ကို လေးမျိုးခွဲခြားထားသည်။

ပထမ အမျိုးအစားမှာ ဘုရင်အဖွဲ့ဖြစ်သည်။ ဘုရင်အဖွဲ့တွင် ဘုရင်နှစ်ပါး ပါဝင်ရသည်။ စပါတာဘုရင်နှင့် ဂျီရွန်တီ (Gerontes) ဟုခေါ်သည့် အသက်အရွယ်ကြီးသူများကို ကိုယ်စားပြုရသည့်ဘုရင် (Gerousia) တိုဖြစ်သည်။ တတိယတစ်မျိုးမှာ ဘုရင်ကိုကြီးကြပ်ရသည့် (Ephors) ဖြစ်ပြီး၊ စတုတ္ထတစ်မျိုးမှာ စပါတန်ညီလာခံတက်ရောက်ခွင့်ရသူ များ (Apella) တို့ဖြစ်သည်။

ဘုရင်နှစ်ပါးသည် အစိုးရအဖွဲ့ကို ဦးဆောင်ရသူများဖြစ်ပြီး၊ ကိုယ့်နေရာနှင့်ကိုယ် သီးခြားရပ်တည်ကာ အုပ်စိုးမှုကို ညီညွတ်စွာပြုလုပ်ကြရသည်။ သို့သော် ဘုရင်နှစ်ပါးဖြစ်နေသဖြင့် အုပ်ချုပ်ရေးတွင် ထိရောက်မှုမရှိဘဲ အားနည်းမှု ကတော့ ရှိနေသည်။ ဘုရင်တို့က တရားစီရင်ရေးကို Gerousia တို့ပါမှ စီရင်ပိုင်ခွင့်ရှိသည်။ Gerousia အဖွဲ့ဝင်များသည် အသက် ၆၀ ကျော် အရွယ်မှရွေးကောက်ခံပိုင်ခွင့်ရှိကြသည်။ သို့သော်လက်တွေ့တွင်မူ ချမ်းသာသူများ၊ သူကောင်း မျိုးနွယ်ဝင်များ ထဲမှသာ ရွေးချယ်တင်မြှောက်ကြသည်ကများသည်။ Gerousia တို့သည် အမှုများတွင် ရှေးဦး ကြားနာမှုများကိုပြုကြရသည်။

Apella များသည် ဒီမိုကရေစီနည်းအကျဆုံး ရွေးကောက်တင်မြှောက်ခံရသူများဖြစ်သည်။ အသက် ၃၀ ကျော်မှ ညီလာခံတက်ရောက်ခွင့်အတွက် ရွေးချယ်ခံရပြီး Apella သို့မဟုတ် Ephors များဖြစ်ခွင့်ရှိသည်။ သူတို့သည် ညီလာခံ တွင် Gerousia တို့၏ ဆုံးဖြတ်ချက်များကို ငြင်းပယ်ပိုင်ခွင့်ရှိသူများဖြစ်သည်။ Ephors တို့ကို စပါတန်ညီလာခံမှ ဘုရင့်ကို ကြီးကြပ်အကြံဉာဏ်ပေးနိုင်စွမ်းရှိမည့် Apella တို့ထဲမှ ၅ ဦးကို ရွေးကောက်တင်မြှောက်ကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အောက်ခြေလူတန်းစားသည်လည်း ဘုရင့်အကြံပေးဖြစ်နိုင်ခွင့်ကို စပါတန်လူ့ဘောင်တွင် တွေ့ရှိရ သည်။ မျိုးနွယ်ကြောင့်မဟုတ်ဘဲ အောက်ခြေမှတက်လာသည့် နိုင်ငံသားများက ဘုရင့်ကို အကြံပေးနိုင်ရုံမျှမက ဘုရင်ကို မကြိုက်လျှင် ဖြုတ်ချခွင့်ရှိခြင်းသည် စပါတန်ခေတ်အုပ်ချုပ်ရေး၏ ထူးခြားချက်ဟုဆိုနိုင်သည်။

စပါတန်အုပ်ချုပ်ရေးစနစ်ကို တီထွင်သူမှာ ထင်ရှားသည့် ဥပဒေပြုသူ Lycurgus ဖြစ်သည်။ ဘီစီ ၇ ရာစုအလယ် လောက်တွင် စပါတာ၌ ကျေးကျွန်တို့၏ တော်လှန်ရေးတစ်ရပ်ဖြစ်ပွားခဲ့သည်။ သူက ကျေးကျွန်များနှင့်ပူးပေါင်းပြီး စပါတာပြန်လည်ပြုပြင်ရေးစနစ်များကို ရေးဆွဲချမှတ်အကောင်အထည်ဖော်ခဲ့သည်။ နောက်ထပ် ကျေးကျွန်တို့၏ တော်လှန်ရေးတစ်ရပ် ထပ်မံမပေါ်ပေါက်စေရန်အတွက် Lycurgus သည် အဆင့်မြင့် စစ်တပ်နှင့် စစ်မှုထမ်းအဖွဲ့အစည်း တစ်ခုကို ထူထောင်ကာ ဂရိ မြို့ပြနိုင်ငံများတွင် စပါတာကို အင်အားအတောင့်တင်းဆုံးနိုင်ငံကြီးတစ်နိုင်ငံဖြစ်စေရန် ပြုပြင်ပြောင်းလဲခဲ့သည်။ Lycurgus ၏ ပြုပြင်ပြောင်းလဲမှုသည် စပါတာကို အားသာချက် သုံးချက်ဖြစ်ပေါ်စေခဲ့သည်။

  1. ပြည်သူများကြားတွင် တန်းတူညီမျှမှုကိုဖြစ်စေခြင်း
  2. စစ်တပ်ကို ဖွဲ့စည်းထူထောင်နိုင်ခဲ့ခြင်းနှင့်
  3. စည်းကမ်းရှိရှိ တာဝန်သိသိနေထိုင်တတ်သည့်လူ့ဘောင်တစ်ခုကိုဖြစ်ထွန်းလာစေခြင်း တို့ဖြစ်သည်။ ထို့ပြင် Lycurgus သည် စပါတန်အစိုးရ၏ အဓိကယန္တရားသည် Gerousia နှင့် စေနူa တို့ဖြစ်ပြီး၊ ဘုရင်၏အခန်းကဏ္ဍကို နည်းနိုင်သမျှနည်းအောင် လျှော့ချထားခဲ့သည်။

Lycurgus ၏ ပြုပြင်ပြောင်းလဲမှုများကို ဥပဒေအဖြစ် ရေးသားမှတ်တမ်းတင်ခဲ့သည်။ ထိုဥပဒေကို Great Rhetra ဟုခေါ်သည်။ ကမ္ဘာ့ပထမဦးဆုံး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟူ၍လည်းဆိုနိုင်သည်။ နောက်ပိုင်းတွင် စပါတာတို့သည် စစ်ရေးတွင် စူပါပါဝါအနေအထားသို့ရောက်လာခဲ့သည်။ ဂရိနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့အတွက် စံပြုလောက်သည့် ဥပဒေနှင့် ခိုင်မာတောင့်တင်းသည့် စစ်တပ်အင်အားကို စပါတာတို့ ပိုင်ဆိုင်သွားနိုင်ခဲ့ခြင်း ကြောင့်ဖြစ်သည်။ စပါတန်တို့က သူတို့ကိုသူတို့ သာတူညီမျှ လူနေမှုဘဝကိုစတင်ထူထောင် နိုင်ခဲ့သူများအဖြစ် ဂုဏ်ယူဝံ့ကြွားခဲ့ကြသည်။ စပါတာတို့ လူနေမှုမြင့်မားရခြင်းသည် ပညာရေးကြောင့်လည်းဖြစ်သည်။ စပါတာပညာရေးစနစ် (agoge) သည်စပါနိုင်ငံအတွင်းရှိ ဆင်းရဲ ချမ်းသာ မည်သည့်အဆင့်အတန်းရှိသည်ဖြစ်စေ တန်းတူညီမျှ ပညာသင်ကြားခွင့်ရကြခြင်းကြောင့် စိတ်ဓာတ်ရေးရာအရလည်း အတော်လေးမြင့်မားသူများဖြစ်ကြောင်း ဆိုနိုင်သည်။

စပါတန်တို့သည် ခေတ်ပြိုင် သမိုင်းပညာရှင်များဖြစ်ကြသည့် ဟီရိုဒိုးတပ်စ်နှင့် ဇီနိုဖုန်းမှသည် အတွေးအခေါ်ပညာ ရှင်များဖြစ်သည့် ပလေတိုနှင့် အရစ္စတိုတယ်တို့အထိ လေးစားကြည်ညိုတန်ဖိုးထားခဲ့ကြသည်။ စပါတန်အမျိုးသမီးများသည် အခြားအမျိုးသမီးများနှင့်မတူ အမွေဆက်ခံပိုင်ခွင့်ရှိခြင်း၊ မိမိကြိုက်နှစ်သက်သူနှင့် လက်ထပ်ခွင့်ရှိခြင်း၊ လွတ်လပ်စွာ ပညာသင်ကြားပိုင်ခွင့်ရှိခြင်းတို့သည် ထိုခေတ်အမျိုးသမီးတို့၏ဘဝတွင် ထူးခြားချက်တစ်ခုဖြစ်သည်။ စပါတန် လူ့ဘောင်အဖွဲ့အစည်းသည် ပြည်သူကို ဘုရင်၏စိုးမိုးချုပ်ကိုင်မှုကြောင့် ကြောက်ရွံ့ထိတ်လန့်အားငယ်နေရမည့် စိတ်တွေကိုပယ်စေပြီး ဘုရင်ကိုမကြိုက်လျှင် ဖြုတ်ချခွင့်၊ ပြည်နှင်ခွင့်များရထားသည့် လွတ်လပ်သောပြည်သူများဟု ဆိုနိုင်သည်။


စပါတန်ဖွဲ့စည်းအုပ်ချုပ်ပုံတွင် အထက်ပါဒီမိုကရေစီနည်းကျကျစနစ်များ ရှိခဲ့သော်လည်း လူနည်းစုအသိုင်းအဝိုင်းကို ကိုယ်စားပြုသည့်အုပ်ချုပ်ရေးအဖွဲ့က အားနည်းချက်လိုဖြစ်နေသည်။ ပထမဦးဆုံးအားနည်းချက်မှာ လွတ်လပ်သည် ဆိုသော်လည်း တစ်ဦးချင်းဆိုင်ရာ လွတ်လပ်မှုကိုချုပ်ကိုင်ထားမှုများ ရှိနေကြောင်းတွေ့ရသည်။ Plutarch ဆိုသူက ထိုစဉ်ကတည်းက စပါတာအုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး ဤသို့ဝေဖန်ခဲ့သည်။ "လူတိုင်း မိမိဆန္ဒရှိသည့်အတိုင်း နေထိုင်ခွင့်မရှိ။ စစ်မှုထမ်းချင်သည်ဖြစ်စေ မထမ်းချင်သည်ဖြစ်စေ နိုင်ငံရေးအရ စစ်တပ်သို့သွားကြရသည်"။ ဒုတိယအားနည်းချက်မှာ Gerousia များသည် မိမိတို့အာဏာတည်မြဲရေးနှင့် ဩဇာသက်ရောက်ရေးတို့အတွက် အာဏာကို ချုပ်ကိုင်ကာ အစိုးရအဖွဲ့နေရာအတော်များများတွင် ဖြန့်ကျက်နေရာဝင်ယူနေကြခြင်းဖြစ်သည်။


စပါတန်အုပ်ချုပ်ပုံစနစ်တွင် စနစ်အမျိုးမျိုးရောပြွမ်းနေသည်။ ဘုရင်နှစ်ဦးဖြင့်အုပ်စိုးခြင်းကပင် ပဒေသရာဇ်စနစ်ကို မစွန့်လွှတ်နိုင်သေးပဲ၊ ဥပဒေပြုကောင်စီကလည်း မှူးမတ်အုပ်ချုပ်ရေးစနစ်နှင့်တူနေသည်။ စပါတန်တို့တွင် ယောက်ျား တိုင်းအုပ်ချုပ်ရေးတွင်ပါဝင်ခွင့် တန်းတူညီမျှရှိသည်ဆိုခြင်းကလည်း အမျိုးသမီးများပါဝင်ခွင့်မရသေးသောကြောင့် စစ်မှန်သည့် ဒီမိုကရေစီဟူ၍ မပြောနိုင်သေးပေ။


စပါတန်တို့သည် ပြည်သူ့လွှတ်တော်တွင် ပါဝင်ခွင့်ရသည်ဆိုစေ ထိုအချိန်က စပါတန်လူမျိုးစစ်စစ်မှာ တိုင်းပြည် လူဦးရေ၏ ၅ ရာခိုင်နှုန်းသာရှိသဖြင့် လူနည်းစု မိမိတို့အဝန်းအဝိုင်းအတွင်း၌သာ အုပ်ချုပ်ရေးစနစ်ကိုထူထောင်ခြင်း ဖြစ်သည်ဟူ၍လည်းဆိုနိုင်သည်။ အုပ်ချုပ်ရေးတွင် ကျန်လူတန်းစားများဖြစ်သော တိုင်းရင်းသားကုန်သည်များ၊ လက်မှုပညာရှင်များ၊ ကျေးကျွန်များသည် အုပ်ချုပ်ရေးတွင် လုံး၀ပါဝင်ခွင့်မရှိသည့်အပြင် နိုင်ငံခြားသားများဆိုပါက ပို၍ အခွင့်အရေးမရရှိကြပေ။

ကိုးကား[ပြင်ဆင်ရန်]