စန္ဒိမာ၊ ဦး၊ မဟာအောင်မြေဘုံစံဆရာတော်

ဝီကီပီးဒီးယား မှ

မဟာအောင်မြေ ဘုံစံဆရာတော် ဦစန္ဒိမာသည် ဓမ္မပဒ ဝတ္ထုတော်ကြီးကို မြန်မာဘာသာဖြင့် ပြန်ဆိုတော်မူသောပုဂ္ဂိုလ်ဖြစ်ပြီး များစွာထင်ရှားသည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

ထိုပုဂ္ဂိုလ်သည် သက္ကရာဇ် ၁၂၃၆ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက် အင်္ဂါနေ့ တွင် မြန်အောင်မြို့၊ မြို့မရပ်၊ ရွှေဘုံသာကုန်း၌ ဖခင်ဦးကြီး၊ မိခင်ဒေါ်ဆိုင်းတို့မှ ဖွားမြင်ရာ မွေးချင်းပေါက်ဖော်အားလုံး ၁ဝ ယောက်ရှိသည့်အနက် ဆရာ တော်မှာရှစ်ယောက်မြောက်ဖြစ်သည်။ ဆရာတော်၏ ငယ်မည်မှာ မောင်ညိုထွားဟူ၍ဖြစ်သည်။ ၆ နှစ်သားအရွယ်တွင် မြန်အောင် မြို့ သင်္ဂဇာကျောင်းဆရာတော် သီရိသဒ္ဓမ္မပါလထံတွင် အပ်နှံ ပညာသင်ကြား၍ ၁၃ နှစ်သားအရွယ်တွင် ယင်းဆရာတော် ထံ၌ပင် ရှင်သာမဏေပြုသည်။ ရှင်စန္ဒိမာဟု ဘွဲ့အမည်ရသည်။ ၁၂၅၅ ခုနှစ် တပို့တွဲလဆန်း ၅ ရက် သော်ကြာနေ့တွင် ဆရာ တော်သီရိသဒ္ဓမ္မပါလကိုပင် ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်ရာ၊ သာမဏေဘွဲ့အတိုင်း ဦးစန္ဒိမာဟူ၍ပင် တွင်သည်။ ရဟန်းဒကာများကား၊ သာယာဝတီ၊ တာပွန်မြို့၊ အမိန့်တော်ရ ဦးရွှေသဲ၊ ဒေါ်နုတို့ ဖြစ်သည်။

စာပေသင်ကြားခြင်း[ပြင်ဆင်ရန်]

ရဟန်းဖြစ်၍ တစ်နှစ်ခန့်အကြာတွင် မန္တလေးမြို့ မြတောင်ကျောင်းတိုက်၌ စာပေသင်ကြားနေထိုင်သည်။ ၁၂၅၈ ခုတွင် ရန်ကုန်မြို့သို့ ကြွလာပြီးလျှင်၊ အရှေ့တောရမြန်အောင် ကျောင်းတိုက်၌ သီတင်းသုံးသည်။ ထိုအခါက ဘုရားရင်ပြင် ပေါ် ဖိနပ်စီးကောင်း၊ မစီးကောင်း ဟူသော ဝိဝါဒပေါ်လာ သဖြင့်၊ လေးဝါမျှသာရသေးသော ရဟန်းတော်ဦးစန္ဒိမာ မစီး ကောင်းသည့်ဖက်က သတ္ထုဂါရဝ စာတမ်းကိုရေးသားသည်။ ယင်း စာတမ်းကို ရေးသားသဖြင့် မန်လည်ဆရာတော်ဘုရား၏ ချီးကျူးခြင်းကိုခံရသည်။ ဤအတွက်ကြောင့်လည်း ဦးစိန္ဒိမာ သည် ထင်ရှားကျော်ကြားလာသည်။ ထို့နောက်၌ကား ၁၂၆ဝ ခုနှစ်တွင် ငါးထပ်ကြီးဆရာတော်ထံ အပါး၌၎င်း၊ ၁၂၆၄ ခုနှစ် တွင် သိမ်ဖြူလိပ်ပြာကန်ကျောင်း၌၎င်း စာပေပို့ချခဲ့သည်။ မိမိ ကိုယ်တိုင်လည်း ဗင်္ဂလားဆရာတော်ကြီးထံတွင် သက္ကဋဘာသာ များကို သင်ကြားဆည်းပူးခဲ့သည်။

ကျောင်းထိုင်တော်မူခြင်း[ပြင်ဆင်ရန်]

၁၂၆၇ ခုနှစ်၊ နတ်တော်လအတွင်း တန်ဆောင်းအမကြီး ဒေါ်ဖွားနှင့်တကွ ငွေစာရင်းမင်းကြီးကတော် ဒေါ်မြမေတို့၏ ပင့်လျှောက်တောင်းပန်ချက်အရ မဟာအောင်မြေဘုံစံကျောင်း တိုက်ကြီးကို ဦးစီးအုပ်ချုပ်၍ ကျောင်းထိုင်တော်မူသည်။ ၁၂၈၇ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ရတော်မူသည်။

ရေးသားပြုစုသော ကျမ်းများ[ပြင်ဆင်ရန်]

အထက်က ပြဆိုခဲ့သော သတ္ထုဂါရဝစာတမ်းနှင့် ဓမ္မပဒ ဝတ္တုတော်ကြီး (ငါးစောင်တွဲ)တို့အပြင်၊ ဆရာတော်ပြုစုခဲ့သော ကျမ်းများမှာ ဝိနိစ္ဆယစာတမ်း၊ ပရမတ္ထသရူပဝန္ဒနာကျမ်း၊ နဝ ကမ္မဝိနိစ္ဆယကျမ်း၊ အရှင် မဟာဗုဒ္ဓဃောသဝတ္ထုစကားပြေ၊ ခဲရာခဲဆစ် အမေးအဖြေ၊ စာဏကျနီတိဘာသာပြန်၊ သဒ္ဒန္တဘေဒ စိန္တာယောဇနာကျမ်း၊ ဋီကာကျော်နိဿယည်းချနက်၊ ဝိနည်း အဋ္ဌကထာနိဿယည်းချနက်စသည်တို့ဖြစ်သည်။

ဘဝနတ်ထံပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

၁၂၉၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်၊ အင်္ဂါနေ့ညနေ ၄ နာရီခွဲအချိန် တွင် ဖားကူးရွာ၌ ဘဝနတ်ထံ စံလွန်တော်မူသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)