စတူးဝပ် ဘုရင်မျိုးနွယ်

ဝီကီပီးဒီးယား မှ

စတူးဝပ်ဘုရင်များ[ပြင်ဆင်ရန်]

စတူးဝပ်မင်းဆက်သည် ခရစ် ၁၄ ရာစုနှစ်နှင့် ၁၈ ရာစု နှစ်များအတွင်းက စကော့တလန်နှင့် အင်္ဂလန်ပြည်များတွင် အလွန်ထင်ရှားခဲ့သော မင်းဆက်ဖြစ်သည်။ စကော့တလန် ပြည့်ရှင် ရောဗတ်ဘရုစ်(ခရစ် ၁၃ဝ၆ -၁၃၉ဝ)၏ သမီးတော် မာဂျရီနှင့် ဝေါ်လတာ စတူးဝပ်တို့သင့်မြတ်ရာတွင် ဖွားမြင် သော သားတော် ဒုတိယရောဘတ် (၁၃၇၁-၁၃၉ဝ) သည် စတူးဝပ်မင်းဆက်ကို စတင်တည်ထောင်၍ စကော့တလန် ပြည်တွင် မင်းပြုသည်။ ဒုတိယရောဘတ် ဘုရင် နတ်ရွာစံ ပြီးနောက် တတိယရောဘတ်ဘုရင်နှင့်ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ ဂျိမ်းစ်ဘုရင်များ၊ စကော့ ဘုရင်မ မေရီတို့သည် စကော့တလန်ပြည်အား အစဉ်အဆက် အုပ်ချုပ်သွားသော စတူးဝပ်မင်းဆက်များ ဖြစ်ကြသည်။

အင်္ဂလန်ပြည်၌ ပထမ အယ်လစ်ဇဘက်ဘုရင်မ (၁၅၅၈- ၁၆ဝ၃)နတ်ရွာစံလျှင် စကော့ဘုရင်မ မေရီ၏ သားတော် စကော့တလန်ပြည့်ရှင် ဆဋ္ဌမဂျိမ်းစ်သည် ပထမဂျိမ်းစ် (၁၆ဝ၃- ၁၆၂၅) အမည်ဖြင့် ဗြိတိသျှ ထီးနန်းကို ဆက်ခံလေသည်။ ဤသို့ဖြင့် ဗြိတိသျှထီးနန်းတွင် စတူးဝပ်မင်းဆက် ပေါ်ပေါက် လာကာ အထက်ထက်က မကြာခဏ စစ်မက်ဖြစ်ပွားခဲ့သော စကော့တလန်ပြည်နှင့် အင်္ဂလန်ပြည်တို့သည် ဘုရင်တစ်ပါး တည်း၏ လက်အောက်၌ နှစ်ပြည့်တစ်ပြည်အဖြစ်သို့ ပူးပေါင်း မိကြ၏။ သို့သော် နှစ်ပြည်ထောင်၏ အုပ်ချုပ်ရေးကဲ့သို့သော အရေးကိစ္စတို့၌မူ တစ်သီးတစ်ခြားစီ ဆောင်ရွက်ကြသည်။

ပထမဂျိမ်း ဘုရင်အား ဆက်ခံသော ပထမချားလ်စ်ဘုရင် (၁၆၂၅- ၁၆၄၉) လက်ထက်တွင် ပြည်တွင်းစစ်ဖြစ်ရာ ဘုရင်အား ဆန့်ကျင်သော တော်လှန်ရေးခေါင်းဆောင် ကရွမ်းဝဲလ် ၏ ကွန်မွန်းဝဲ့ခေါ် အုပ်ချုပ်ရေးတစ်မျိုး ပေါ်လာသဖြင့် အင်္ဂလန် ပြည်၌ စတူးဝပ်မင်းဆက် ခေတ္တမျှပြတ်နေခဲ့သည်။

သို့သော် ပြည်တွင်းစစ်အပြီးတွင် ပထမချားဘုရင် ၏သားတော် ဒုတိယချားလ်စ်ဘုရင် (၁၆၆ဝ-၁၆၈၅)အား နန်းတင် နိုင်ခဲ့သဖြင့် အင်္ဂလန်၌ စတူးဝပ် မင်းဆက်များ ဆက်လက် အုပ်စိုးနိုင်ခဲ့သည်။ ဒုတိယဂျိမ်းစ်ဘုရင်(၁၆၈၅-၁၆၈၈)၊ ကြင်ဖက် တော် တတိယဝီလျံ (၁၆၈၈-၁၆၉၄)၊ မေရီ၏ညီမတော် အန်း ဘုရင်မ (၁၇ဝ၂-၁၇၁၄)တို့သည်ကား ဒုတိယချားလ်စ်ဘုရင်နောက် အင်္ဂလန် တွင် အစဉ်အတိုင်း ဆက်လက်စိုးစံသော စတူးဝပ် မင်းဆက်များ ဖြစ်ကြသည်။


စတူးဝပ် နောက်ဆုံး မင်းဆက်ဖြစ်သော အန်းဘုရင်မတွင် သားသမီးမရှိသည်ကတစ်ကြောင်း၊ အခြား စတူးဝပ်အနွယ်ဝင် များမှလည်း နိုင်ငံတော်က အသိအမှတ်ပြုသော ခရစ်ယန် ပရိုတက်စတန့်ဂိုဏ်းဝင်များ မဟုတ်သည့်ပြင် ဗရင်ဂျီဂိုဏ်းဝင် များ ဖြစ်ကြသည်က တစ်ကြောင်း၊ ထိုအကြောင်းတို့ကြောင့် အန်ဘုရင်မ နတ်ရွာစံလျှင် ဗြိတိသျှထီးနန်း၌ စတူးဝပ်မင်းဆက် ပြတ်ကာ ဟန်နိုဗာခေါ် ဝင်ဆာမင်းဆက် စတင်လေတော့သည်။ ယင်းဝင်ဆာမင်းဆက်များ လက်ထက် ၁၇၁၅ ခုနှစ်နှင့် ၁၇၄၅ ခုနှစ်များတွင် စတူးဝပ်အနွယ်တော်များကို လိုလားသူများက ဗြိတိသျှထီးနန်းတွင် စတူးဝပ်မင်းဆက်အား ဆက်လက်ထား ရှိရန် ပုန်ကန်ထကြွသော်လည်း မအောင်မြင်ချေ။ ထိုအချိန်မှ စ၍ စတူးဝပ်အနွယ်ဝင်များမှာ ဗြိတိသျှ ထီးနန်းတွင် တန်ခိုး မှိန်ကာ၊ မင်းဆက်ပြတ်သွားလေတော့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)