စတုမဓူ

ဝီကီပီးဒီးယား မှ

စတုမဓူသည် စတုမဓု ဟူသော ပါဠိဘာသာမှ ဆင်းသက်လာသည်၊ စတု၏အနက်မှာ လေးခုသင်္ချာ၊ မဓု၏ အနက်မှာ အချိုအရသာဖြစ်၏။ ထိုကြောင့် စတုမဓုသည် အချို ၄ မျိုးဟု အဓိပ္ပာယ်ရသည်။ ထိုအချိုလေးမျိုးကား၊ ထောပတ်၊ တင်လဲ၊ ပျားရည်နှင့် ဆီဖြစ်သည်။ ယင်းလေးပါးကို အမျှစီပေါင်းစပ်လျက် နေ သို့မဟုတ် မီးဖြင့်ချက်လျှင် စတုမဓုဖြစ်သည်။

မြတ်စွာဘုရားသခင်က နိဿဂ္ဂိယပါစိတ်၊ ပတ္တဝင်္ဂ၊ ဘေသဇ္ဇသိက္ခာပုဒ်တွင် ရဟန်းတော်များသည် စတုမဓူကို ဆေးဝါးအဖြစ် အခါမရွေး သုံးဆောင်နိုင်ကြောင်း ခွင့်ပြုတော်မူသည်ကို ထောက်၍ စတုမဓူသည် မြတ်စွာဘုရားလက်ထက်တော်ကပင်ရှိနှင့်ပြီးဖြစ်သည်ဟုသိရသည်။ သမန္တစက္ခုဒီပနီကျမ်း၊ ရှင်သီဝလိရုပ်တု ဓာတ်တော်အကြောင်းကိုဆိုရာ၌ 'မထေရ်သည် ကောသလမင်း၏ နန်းတော်သို့သွား၏။ မင်းသည် သပိတ်တော်ကိုလှမ်း၍ ဤအခါသည် ဆွမ်း၏အခါ မဟုတ်ပြီဟု သပိတ်ပြည့်အောင် စတုမဓူကို မွတ်သိပ်ဆာလောင်ရုံသက်သက်ဖြင့် မစားကောင်း၊ အားနည်းသော ရောဂါနှင့်လေရောဂါ စသည်ရှိသူတို့ စားကောင်းသည်ဟု ဝိနည်းတော်လာ စကားကို အဋ္ဌကထာဋီကာဆရာတို့က ဖွင့်ထားသဖြင့် စတုမဓူသည် ထိုရောဂါများအတွက်ဆေးတစ်ပါး ဖြစ်သည်ဟု ပိုမိုထင်ရှား၏။ ပါရာဇိကဏ် အဋ္ဌကထာ၌ 'ကောန္တတိဿထေရ်သည် လေနာကို ကုအံ့သောငှာ ဆွမ်းခံဝတ်ဖြင့် လှည့်လည်လတ်သော်၊ တစ်လက်ဆွမ်းမျှလောက်သော ထောပတ်ကို မရ၍ အနာသည်းသဖြင့် ကုန်သော အာယုသင်္ခါရ ရှိသည်ဖြစ်၍ ရဟန်းအပေါင်းကို မမေ့မလျော့သော သတိတရားဖြင့် ဆုံးမ၍ ကောင်းကင်၌ တေဇောဓာတ်လျှင် အာရုံရှိသော တေဇောကသိုဏ်းကို ဝင်စား၍ ပရိနိဗ္ဗာန်ပြုတော်မူ၏။

အသောကမင်းကြီးသည် ထိုအကြောင်းကိုကြား၍ ထေရဿမထေရ်အား ကောင်းစွာ အရိုအသေကိုပြု၍ ငါသို့သောမင်း မည်သည် မင်းအဖြစ်ကို ပြုပါလျက်သာလျှင် သခင်ရဟန်းတို့အား ဆေး ပစ္စည်းတို့သည် ရခဲ့ကုန်၏တကား။ ဤသို့ကြံ၍ မြို့၏တံခါး လေးပေါက်တို့၌ လေးခုလေးခုသော ကန်တို့ကို တူးစေ၍ စတုမဓူဖြင့် ပြည့်စေ၍ လှူ၏။'ဟု လာရှိသည်က ထင်ရှားစေသည်။

ဇိနတ္ထပကာသနီကျမ်း၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခြင်းကို အမတ်တို့က အဇာတသတ်မင်းအား လျှောက်ထားခန်း၌ 'ဤမင်းသည် ဘုရား လွန်တော်မူကြောင်းကို ကြားရလျှင် တစ်ခဏခြင်း နှလုံးကွဲ၍ သေရာသည်။ ထိုကြောင့် ငါတို့သည် မင်း၏အသက်ကို စောင့်သင့်ပေသည်ဟု ကြံ၍၊ လျောင်းတန်ရုံသော ရွှေကျင်းသုံးခုကိုယူ၍၊ စတုမဓူဖြင့် ပြည့်စေပြီးသော်၊ မင်းကြီးထံသို့ ကပ်၍ ဤသို့ လျှောက်ကြ၏။ အရှင်မင်းကြီး အကျွန်ုပ်တို့သည် ကြောက်မက်ဘွယ်သော အိပ်မက်ကို မြင်ပါသည်။ ထိုအိပ်မက်ကို ဖျောက်ဖျက်စေချင်ပါသည်။ အရှင်မင်းကြီးသည် ဘွဲ့ဖြူပုဆိုးနှစ်ထည်ကိုဝတ်၍ နှာခေါင်းဝမျှကို ဘော်စေလျက်၊ ဤစတုမဓူ ကျင်းထဲ၌ အိပ်စက်တော်မူပါဟု ဆို၏။ ထိုစကားကို ကြားသောအခါ အဇာတသတ်မင်းကြီးကလည်း ငါ၏အကျိုးစီးပွားကို ရွက်ဆောင်လို၍ ဆိုသည်ကို ဘယ်မှာ နားမထောင် ရှိတော့အံ့နည်းဆို၍ ထိုအမတ်တို့ လျှောက်ထားတိုင်း အိပ်ပေ၏။ ထိုအခါ အမတ် တစ်ယောက်သည် ဘုရားပရိနိဗ္ဗာန်စံတော်မူရာ အရပ်ဆီသို့ လက်အုပ်ချီပြီးသော်၊ အရှင်မင်းကြီး၊ ကိုယ်တော်၏ သံသယကို ပျောက်ပ ကျေနပ်စေတတ်သော ရိုသေလေးမြတ် ဆည်းကပ်ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကုသိနာရုံပြည်အပါး၌ နိဗ္ဗာန်လားတော်မူချေပြီဟု လျှောက်တင်၏။ မင်းကြီးလည်း ထိုစကားကို ကြားလျှင် သစ်ပင်ထက်မှ ကျသောသူကဲ့သို့ သည်းအူလိုက်ဖိုလျက် ကိုယ်အလုံးတုန်ဘိ၍ သတိမရ၊ တသမိန်းမော၍ မြောလေ၏။ စိမ်အပ်သောစတုမဓူပင် ကျိုက်ကျိုက်ဆူ၍ အငွေ့ထွက်၏။ အမတ်တို့ကလည်း မင်း၏ကိုယ်ကို ချီ၍ တစ်ခုသော ကျင်း၌ သိပ်ပြန်ကြသဖြင့် သတိရသောအခါ အမောင်တို့ အဘယ်ကို ဆိုကြသနည်းဟု မေးပြန်လျှင်၊ အရှင်မင်းကြီး မြတ်စွာဘုရား ပရိနိဗ္ဗာန်လားချေပြီဟု လျှောက်ကြ၏။ မင်းကြီးလည်း ရှေးနည်းတူ မိန်းမော၍ မြောပြန်သဖြင့် တစ်တန်သောကျင်းသို့ ပြောင်းရ၏။'ဟု ဖော်ပြထားသည်ကိုထောက်၍ စတုမဓူသည် မဇ္ဈိမဒေသတိုက်၌ အသုံးပြုလေ့ပြုထရှိသော ပစ္စည်းတစ်မျိုးဟု သိနိုင်သည်။

စတုမဓူကို ရှေးအခါက မုံ့ပြုလုပ်၍၎င်း၊ စတုမဓူနှင့် ယှဉ်သော ဆွမ်းများပြုလုပ်၍၎င်း၊ ကျွေးမွေးပေးကမ်း လှူဒါန်းကြကြောင်းကို မဟာဝင်ဝတ္ထု၌ ဗိန္ဒုသာရ အကြောင်းတွင်၎င်း၊ ဇိနတ္ထပကာသနီကျမ်း၌ ရှင်ဥပဂုတ်ထေရ်သည် မာရ်နတ်သားကို ဆုံးမခြင်းတွင်၎င်း တွေ့ရသည်။ နရသာသနကျမ်းတွင် 'အပျော်ဆေးကု၊ စတုမဓူ၊ ပေးကမ်းလှူသည်' ဟုလည်း ဖော်ပြထားသဖြင့် စတုမဓူကို ပေးလှူကြောင်း သိရ၏။ ယခုတိုင်အောင် စတုမဓူကို ရဟန်းတော်များအား ပေးလှူဆက်ကပ်ကြလေ သည်။

စတုမဓူ ပြုလုပ်နည်း[ပြင်ဆင်ရန်]

မြန်မာ့ရှေးသူဟောင်း တို့သည် စတုမဓူ အသက်ရှည်ဆေးကို အမြတ်တနိုးထားကာ မှီဝဲသုံးဆောင် ခဲ့ကြသည်။ သုံးဆောင်ဆဲလည်း ဖြစ်သည်။ ထို့ကြောင့် နောင်လာနောက်သားတို့ မှတ်သားလွယ်ကူစေရန် ကဗျာတို့ဖြင့် ဖွဲ့နွဲ့ သီကုံးခဲ့ကြသည်။ ယင်းတို့မှာ−

  • (၁) နှမ်း ၊ ထော ၊ တင် ၊ ပျား ၊ ဤလေးပါး ၊ ယူငြားမဓူမှတ်။
  • (၂) ဧက် ၊ ဒွေး ၊ ပဉ္စ ၊ သတ္တရ ၊ ပေါင်း တစ်ဆယ့်ငါးကျပ်။
  • (၃) ရိပ်တွင်မွှေကာ ၊ ရောစပ်ပါ ၊ ရသာဂုဏ်ကြီးမြတ်
  • (၄) စတုမဓူ ၊ သုံးလိုသူ ၊ ဖော်ယူ ဤနည်းမှတ်။
  • (၅) သွေးသားဖွံ့ဖြိုး ၊ အားခွန်တိုး၊ ကောင်းကျိုးဖြစ်စေတတ်

အထက်ပါ သံပေါက် ၅ ပိုဒ်အရ ရသာယန အာယုဝဍ္ဎန ဆေးမျိုးဖြစ်သော စတုမဓူ တွင် ပျားရည်ကို အများဆုံး ကဲထားသည်ကို တွေ့ရှိရသည်။


  1. နှမ်းဆီ ၁
  2. ထောပတ် ၂
  3. တင်လဲရည် သို့မဟုတ် သကာရည် ၅
  4. ပျားရည် ၇
  • ပေါင်း ၁၅

ဆေးအမည် လေးမျိုးကို ကြွေဇလုံကြီးထဲတွင် ထည့်၍ ဒန်အိုးကြီးထဲတွင် ရေထည့်ပြီး ဆေးဇလုံကို အပေါ်တင်၍ အဖုံးဖုံးကာ ရေနွေးငွေ့ဖြင့် နှစ်နာရီမှ သုံးနာရီထိ ချက်ရသည်။

[၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ယဉ်နွယ် ပြုစုရေးသားသည့် အသက်ရှည်ဆေးဖက်ဝင် နွယ်မြက်သစ်ပင် စာအုပ်မှ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)