မာတိကာသို့ ခုန်သွားရန်

စတီရီယိုစကုပ်

ဝီကီပီးဒီးယား မှ
၁၈၆၀ က နှစ်ဖက်မြင်ပုံ

ပစ္စည်းတစ်ခုကို မျက်စိ နှစ်လုံးဖြင့် ကြည့်ရာ၌ မျက်စိ တစ်ဖက်က မြင်သကဲ့သို့ အခြားတစ်ဖက်ကလည်း အတူတူ ပင် မြင်သည်ဟု ယူဆကြသည်။ အမှန်မှာ လကျာ်ဖက် မျက်စိသည် ပစ္စည်း၏လကျာ်ဖက်ကို ပိုမြင်၍ လက်ဝဲဘက် မျက်စိကလည်း ထိုပစ္စည်း၏လက်ဝဲဘက်ကို ပို၍မြင်သည်။ လက်တွေ့သိလိုလျှင် မျက်စိတစ်ဖက်စီကို ပိတ်၍ ကြည့်ပါ။ မျက်စိနှစ်လုံးဖြင့် ပစ္စည်း တစ်ခုကို ကြည့်ရာ၌ ပုံနှစ်ပုံပေါ် မလာဘဲ တစ်ပုံတည်း ပေါ်လာသည်။ ထိုသို့ ပေါ်လာစေရန် အသိဉာဏ်က ပြုပြင်၍ပေးလေသည်။ ပစ္စည်း၏ ရုပ်လုံးပုံကို မြင်ရခြင်းမှာ မျက်စိနှစ်လုံးဖြင့် ကြည့်သောကြောင့် မြင်ရ ခြင်းပင် ဖြစ်လေသည်။ သာမန်ဓာတ်ပုံရိုက်ကိရိယာသည် မျက်စိတစ်ဖက်တည်းကဲ့သို့သော မှန်ဘီလူးတစ်ခုသာရှိသဖြင့် ထိုကိရိယာမျိုးဖြင့် ရိုက်ယူသော ဓာတ်ပုံများသည် ပြား၍ နေကြသည်။

စတီရီယိုစကုပ်၏သဘောမှာ မျက်စိ၏သဘောအတိုင်းပင် ဖြစ်သည်။



စတီရီယိုစကုပ်ပစ် ကင်မရာသည်ပစ္စည်းတစ်ခုကို ဓာတ်ပုံရိုက်ရာ၌ မှန်ဘီလူးတစ်ချပ်ကို ထို ပစ္စည်း၏ လက်ျာဘက်သို့ အနည်းငယ် ပို၍ ရိုက်နိုင်ရန် အနည်းငယ်ရွှေ့ထား၍ အခြားမှန်ဘီလူးတချပ်ကို ပစ္စည်း၏ လက်ဝဲဘက်သို့ အနည်းငယ်ပို၍ ရိုက်နိုင်ရန် အနည်းငယ် ရွှေ့ထားပြီး ဓာတ်ပုံနှစ်ခုကို တစ်ပြိုင်တည်း ရိုက်ယူသည်။ ထိုစတီရီယို ဓာတ်ပုံနှစ်ခုကို ဘေးချင်းယှဉ်၍ ကပ်ထားသည်။ ထိုဓာတ်ပုံနှစ်ပုံကို မှန်ဘီလူးနှစ်ခု တပ်ဆင်ထားသည့် ကိရိယာ တွင် ထည့်၍ကြည့်လိုက်သောအခါ ထိုဓာတ်ပုံနှစ်ပုံသည် တစ်ပုံ တည်းသဘောဖြင့် သဘာဝကျကျ ရုပ်လုံးဒြဗ် ပေါ်လာသည်။ ထိုသို့ တပုံတည်း သဘာဝကျကျ ပေါ်လာစေရန် ကြည့်ရှုရ သော မှန်ပြောင်းကို စတီရီယိုစကုပ်ဟု ခေါ်သည်။ စတီရီယို စကုပ် ဟူသည်မှာ ဂရိဘာသာဝေါဟာရဖြစ်၍ မြန်မာဘာသာ ဖြင့် ဆိုရလျှင် ရုပ်လုံးဒြပ်ပေါ်အောင်ကြည့်ခြင်းဟု အဓိပ္ပာယ် ပေါက်သည်။

စတီရီယိုစကုပ်သည် ယခု ခေတ်သစ်မှ ပေါ်ပေါက်လာသော ကိရိယာဖြစ်သည်။ ပထမအမျိုးအစားကို ၁၈၃၈ ခုနှစ်လောက် တွင် အင်္ဂလိပ်ရူပဗေဒ ကဝိတစ်ဦးဖြစ်သူ ဆာချားဝှိစတုန်း ဆိုသူက စတင်ပြုလုပ်ခဲ့လေသည်။ ထိုနောက် ၁၈၉၄ ခုနှစ် လောက်တွင် ဆာဒေးဗစ်ဗရူးစတား ဆိုသူက ပို၍ကောင်းအောင် ပြုပြင်ပြီးလျှင် လူကြိုက်အလွန်များသော လင်းစတီရီယိုစတုပ်ကို တီထွင်ခဲ့လေသည်။ လူသုံးများသော စတီရီယိုစကုပ်ကိုကား အော်လီဗာ ဝင်းဒဲ ဟုမ်းဆိုသူ တီထွင် ခဲ့လေသည်။

စတီရီယိုစကုပ် သရီးဒီတောင်တန်း (မှန်ကန်စွာ ရှုမြင်နိုင်ရန် သရီးဒီမျက်မှန် လိုအပ်သည်။)

စတီရီယိုစတုပ်၏နည်းကို စစ်မြေပြင်တွင်သုံးသည့် မှန် ဘီလူး များတွင် အသုံးပြုလျက်ရှိသည်။ ရုပ်ရှင်ရိုက်ကူးသည့် စက်များ တွင်လည်း အသုံးပြုရန် ကြံစည်ခဲ့ကြရာ အောင်မြင်ပြီ ဖြစ်၍ ယခုအခါ 'သရီးဒီ'ခေါ် ရုပ်လုံးပေါ်ရုပ်ရှင်ကားများကို ကျွန်ုပ်တို့ ကြည့်ရှုနေကြရပြီဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)