စတာလင်ဂရက်တိုက်ပွဲ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဒုတိယကမ္ဘာစစ်ရဲ့ အထင်ကရ တိုက်ပွဲကြီးတခု ဖြစ်တယ်။ ဥရောပစစ်မြေပြင်ရဲ့ အရှေ့ပိုင်းစစ်မျက်နှာမှာ နာဇီဂျာမနီနဲ့ ဆိုဗီယက်ပြည်ထောင်စုကြား ဖြစ်ပွားခဲ့ပြီး သမိုင်းတလျှောက် အပြင်းထန်ဆုံးနဲ့ လူအသေအပျောက် အများဆုံး တိုက်ပွဲကြီးတခု ဖြစ်တယ်။ ဒုတိယကမ္ဘာစစ် အနိုင်အရှုံးကို ဆုံးဖြတ်ပေးခဲ့တဲ့ အဓိကတိုက်ပွဲတခု ဖြစ်ပြီး ဆိုဗီယက်တပ်နီက ဂျာမန်တပ်မတော်ကို လုံးဝချေမှုန်း အနိုင်ယူခဲ့တယ်။

နာဇီဂျာမနီအဖို့ ဒုတိယယကမ္ဘာစစ်ရဲ့ ပထမဆုံး ရှုံးပွဲကြုံရခြင်းလည်းဖြစ်ပြီး ဂျာမန်အမှတ်(၆)တပ်မတော်ရဲ့ စစ်သူကြီး ဗွန်ပေါက်လုစ်(von Paulus)နဲ့ အခြားဗိုလ်ချုပ်ကြီး ၂၄ ဦးအပါအဝင် စစ်ဗိုလ်စစ်သားပေါင်း ၉၁၀၀၀ လောက် လက်နက်ချ စစ်သုံ့ပန်းဘဝရောက်ခဲ့ရတယ်။ ဆိုဗီယက်ပြည်သူတို့ရဲ့ ဇွဲသတ္တိကို ကမ္ဘာက ယနေ့ထက်တိုင် အသိအမှတ်ပြုနေရဆဲလည်း ဖြစ်တယ်။

၁၉၄၁/၁၉၄၂ ဆောင်းရာသီမှာ ဆိုဗီယက်တပ်နီရဲ့ တန်ပြန်ထိုးစစ်ကြောင့် မော်စကိုမြို့တော် သိမ်းပိုက်ရေး မအောင်မမြင်ဖြစ်ခဲ့ရပြီးနောက် ၁၉၄၂ နွေရာသီ စစ်ဆင်ရေးတွေ ပြန်စတင်ချိန်မှာ ဂျာမန်တပ်မတော်ဟာ ရုရှားတောင်ပိုင်း ရေနံထွက်ရာ ကော့ကဆပ် တောင်တန်းတွေဘက်ကို ထိုးစစ်ဆင်ရာမှာ မော်စကိုမြို့တော်ကို ဂျုံနဲ့ဓာတ်ဆီ ပေးပို့ရာ ဗော်လဂါမြစ်ကြောင်းပေါ်က စတာလင်ဂရက်မြို့ကိုလည်း ဂျာမန်တို့ သိမ်းပိုက်ဖို့ ဖြစ်လာရတော့တယ်။

ဆိုဗီယက်ခေါင်းဆောင် စတာလင်ရဲ့ အမည်ကို အစွဲပြုခေါ်တဲ့ မြို့ဖြစ်ရုံမက ဒီမြို့ကျရင် မော်စကိုလည်းကြာရှည် ခုခံနိုင်ဖို့ မဟန်တာကြောင့် ဆိုဗီယက်စစ်ဦးစီးအဖွဲ့ဟာ စစ်အင်အားဖြည့်တင်းပေးပြီး ယယ်ရီမင်ကာ(Yeremenko) ကိုသေနာပတိခန့်လို့ ဗော်လဂါစစ်ပွဲအနိုင်တိုက်ဖို့ တာဝန်ပေးလိုက်တော့တယ်။ မြို့စောင့်တပ်ဖြစ်တဲ့ ဆိုဗီယက်အမှတ်(၆၂)တပ်မတော်ဟာ ရွပ်ရွပ်ချွံချွံ ခုခံခဲ့ပေမယ့် အင်အားချင်း မမျှလို့ မြို့ဟာ ရန်သူအဝိုင်းခံရတော့တယ်။ မြို့သိမ်းထိုးစစ် စတဲ့အချိန်မှာ ဆိုဗီယက်တပ်သားတွေဟာ မြို့တွင်းအဆောက်အဦတွေကို မစွန့်ခွာပဲ လမ်းပေါ်တိုက်ပွဲတွေနဲ့ တအိမ်ချင်း၊ တလမ်းချင်း အသက်စွန့်ခုခံကြတယ်။

စတာလင်ဂရက်မြို့ ပါတီကော်မတီဟာ တမြို့လုံးကို အခိုင်အမာစည်းရုံးထားပြီး စက်ရုံအလုပ်ရုံတွေဟာ အလှည့်ကျလူလဲလို့ ၂၄နာရီပတ်လုံး မရပ်မနား အလုပ်လုပ်ကြတယ်။ စက်သေနတ်၊ အမြောက်၊ တင့်ကားစတဲ့ စစ်လက်နက်တွေကို မိနစ်တိုင်းထွက်အောင် ထုတ်လုပ်ကြတယ်။ ဆိုဗီယက်ရဲ့ ဒုတိယကမ္ဘာစစ်ဂန္ထဝင် တီ-၃၄ တင့်ကားထုတ်စက်ရုံမှာဆိုရင် လုပ်သားတွေဟာ ဂျာမန်စစ်သားတွေ စက်ရုံထဲ ဝင်ရောက်စီးနင်းသိမ်းပိုက်လာချိန် နောက်ဆုံးမိနစ်အထိ တင့်ကားတွေ မရပ်မနား ထုတ်လုပ်ပေးခဲ့ကြတယ်။ မြို့စောင့်တပ်မှူး ဗိုလ်ချုပ်ရွှီကော့ဗ်(Chuikov)ရဲ့ ကွပ်ကဲမှုအောက်မှာ ဆိုဗီယက်တပ်သားတွေဟာ အသက်ကို ပဓာနမထားဘဲ တိုက်ပွဲဝင်ကြတယ်။ တပ်ကြပ်ပါဗလော့ဗ် ဆိုသူကတော့ သူ့တပ်စိတ်နဲ့အတူလေးထပ်တိုက်ပျ​က်တလုံးကို ခံတပ်လု​ပ်ပြီး ဂျာမန်ထိုးစစ်ကို သုံးလ ကျော်ကြာအောင် ခုခံထားနိုင်ခဲ့လို့ ပြောစမတ်တွင်အောင် ဖြစ်ခဲ့ရတယ်။ တိုက်ပြိုတိုက်ပျက်ကြားက ဆိုဗီယက်လက်ဖြောင့်တပ်သားတွေ လက်ချက်နဲ့ ဂျာမန်စစ်သား အကျအဆုံးများခဲ့ပြီး မြေတလက်မ သိမ်းဖို့ အသက်ပေါင်းများစွာ စတေးခဲ့ကြရတယ်။

မြို့ကို မရ ရအောင် သိမ်းပိုက်ဖျက်ဆီးဖို့ ဟစ်တလာ့အမိန့်ကြောင့် ဂျာမန်တပ်သားတွေ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တာကြောင့် နိုဝင်ဘာလလယ်လောက်ရောက်တော့ ဗော်လဂါမြစ်ကူး ကမ်းနားကူးတို့ဆိပ်နဲ့ အနီးအနားရပ်ကွက်လေးတချို့လောက်သာ သိမ်းဖို့ကျန်တော့တယ်။ လက်ကျန်ဆိုဗီယက်တပ်သားတွေဟာ မြစ်ကိုကူးပြီး အသာအယာ ဆုတ်ခွာသွားနိုင်ပေမယ့် သူတို့ခေါင်းဆောင် ဗိုလ်ချုပ်ရွှီကော့ဗ်နဲ့အတူ နောက်ဆုံးတယောက်ကျန်သည်အထိ ဆက်ခုခံသွားဖို့ ဆုံးဖြတ်ထားကြတယ်။

မြို့ကိုသိမ်းဖို့ မဲနေတဲ့ ဂျာမန်တပ်ဟာ ထောင်ချောက်ထဲကို တဖြည်းဖြည်းဝင်တိုးမိမှန်းမသိ ဝင်တိုးနေကြတော့တယ်။ မြို့တွင်းက ခုခံတဲ့ ဆိုဗီယက်တပ်သားတွေရဲ့ ကျားကုပ်ကျားခဲ စွမ်းရည်ကြောင့် ဆိုဗီယက်စစ်ဦးစီးအဖွဲ့ဟာ တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်ဖို့ အချိန်ကောင်းကောင်းရခဲ့ပြီး ဆိုဗီယက်အရန်တပ်တွေကို ဂျာမန်စစ်ကြောင်းရဲ့ ဘေးနံတဘက်တချက်စီမှာ အလုံးအရင်း စုရုံးနိုင်ခဲ့တယ်။ စစ်ပြင်ဆင်မှု အားနည်းနောက်ကျခဲ့လို့ စစ်အစပိုင်းမှာ အလူးအလဲ ခံခဲ့ရတဲ့ ဆိုဗီယက်တို့ဟာ တဖြည်းဖြည်းနဲ့ ပြန်လည်အင်အားပြည့်လာခဲ့တယ်။နောက်ပိုင်းမှာ စစ်လက်နက်တွေ အလုံအလောက် ထုတ်လုပ်လာနိုင်ပြီး၊ ဆိုဗီယက်တပ်သားတွေဟာလည်း တိုက်ရည်ခိုက်ရည်နဲ့ စစ်ပရိယာယ်ကြွယ်လာကြတယ်။ ဂျာမန်စစ်ကြောင်းနောက်က ဆိုဗီယက်ပြည်သူတွေကလည်း ပြောက်ကျားတပ်တွေဖွဲ့ပြီး စစ်ရေးအရ ကျွမ်းကျင်ထိရောက်စွာ ထိုးနှက်လာနိုင်ကြတော့တယ်။ ဒီလို အဖက်ဖက်က အခြေအနေကောင်းတွေရလာလို့ ဗိုလ်ချုပ်ရှုကော့ဗ်(Zhukov) ခေါင်ဆောင်တဲ့ ဆိုဗီယက်တပ်နီဟာ ဂျာမန်တပ်တွေကို အပြီးတိုင်ချေမှုန်းမယ့် သမိုင်းဝင်တန်ပြန်ထိုးစစ်ကို စနိုင်ပါတော့တယ်။

ဆောင်းရာသီမှာတိုက်ပွဲဝင်နိုင်ဖို့ အထူးအဝတ်အစား၊အသုံးအဆောင်တွေ ဖြည့်ဆည်း၊ တပ်ဆင်၊ လေ့ကျင့်ပေးထားတဲ့ ဆိုဗီယက်ခြေလျင်တပ်၊ တင့်ကားတပ်၊ လေတပ်တို့ဟာ စတာလင်ဂရက်မြို့ ကိုဝိုင်းထားတဲ့ ဂျာမန်စစ်ကြောင်းကြီးကို အပိုင်းပိုင်းပြတ်သွားအောင် အပြင်းအထန် ချိုးဖြတ်ပစ်လိုက်ကြတယ်။ လေးရက်တိုင်တိုင် နှစ်ဖက် သဲသဲမဲမဲ တိုက်ပြီးကြတဲ့နောက်မှာတော့ ဂျာမန်တပ်အားလုံးကို ဆိုဗီယက်တပ်နီက ဝိုင်းမိလေတော့တယ်။

ဝိုင်းမိနေတဲ့ ဂျာမန်တပ်အင်အားဟာ သုံးသိန်းသုံးသောင်းကျော်လောက်တောင်ရှိတယ်။ ဆိုဗီယက်စစ်ဦးစီးချုပ်က သွေးထွက်သံယို နည်းရလေအောင် လက်နက်ချဖို့ ဂျာမန်တပ်မှူးကို တိုက်တွန်းပေမယ့် ဟစ်တလာ့အမိန့်ကြောင့် ဂျာမန်တပ်တွေ လက်နက်မချပဲ အသေခံခုခံကြတယ်။ ဗိုလ်ချုပ်မန်းရှတိုင်း(Manstein)လက်အောက်က ဂျာမန်တပ်တွေကို စစ်ကူပို့ပေးခဲ့ပေမယ့် ဆိုဗီယက်ပြည်သူတွေက လမ်းကကြားဖြတ် ချေမှုန်းပစ်လိုက်နိုင်ခဲ့ကြတယ်။ လေကြောင်းကနေ လက်နက်ခဲယမ်း၊ ရိက္ခာ ထောက်ပံ့ဖို့ ကြိုးစားခဲ့ပေမယ့် ဆိုးဝါးတဲ့ ရုရှားဆောင်းရာသီကြောင့်ရယ်၊ ဆိုဗီယက်တိုက်လေယာဉ်တွေ ကြားဖြတ်ဟန့်တားတာတွေရယ်ကြောင့် ထိထိရောက်ရောက် မထောက်ပံ့နိုင်ခဲ့ပါဘူး။

ဗော်လဂါနဲ့ ဒွန် မြစ်နှစ်စင်းကြားမှာ ညှပ်ပူးညှပ်ပိတ်မိနေတဲ့ ဂျာမန်တပ်တွေဟာ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမျိုးရောက်နေတာတောင် စည်းကမ်းသေဝပ်စွာ၊ အမိန့်နာခံစွာနဲ့ ရက်ပေါင်းခြောက်ဆယ်ကျော် ခုခံတိုက်ပွဲဝင်ကြပေမယ့် ဆိုဗီယက်တပ်နီရဲ့ အမှည့်ချွေ စစ်ဆင်ရေးအောက်မှာ လုံးပါးပါးသွားကြရပါတော့တယ်။ ဟစ်တလာဟာ သူ့အမိန့်ကိုအဆုံးစွန် လိုက်နာခဲ့ကြတဲ့ အမှတ်(၆)ဂျာမန်တပ်မတော်က အရာရှိ၊ စစ်သည်များစွာကို ရာထူးတိုး ဂုဏ်ပြုပေးခဲ့ပြီး ဗိုလ်ချုပ်ဗွန်ပေါက်လုစ်ကို စစ်သူကြီးအဖြစ် ရာထူးတိုးခန့်အပ်ခဲ့ခြင်းကတော့ အထင်ကရအဖြစ်ဆုံး ဖြစ်ပါတယ်။ ဂျာမန်စစ်သမိုင်းမှာ ဘယ်စစ်သူကြီးမှ လက်နက်ချခဲ့တာ မရှိတာကြောင့် ဗွန်ပေါက်လုစ်လည်း အစဉ်အလာကို ထိန်းသိမ်းတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို ရန်သူ့လက် အကျမခံ၊ အဆုံးစီရင်ဖို့ အရိပ်အမြွက်ပြခဲ့တာ ဖြစ်ပေမယ့် ဗွန်ပေါက်လုစ်ကတော့ လက်နက်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၁၉၄၃ ဖေဖော်ဝါရီ လဆန်းမှာတော့ လက်နက်ခဲယမ်း၊ ရိက္ခာ ကုန်ခမ်းပြတ်လပ်သွားကြပြီ ဖြစ်လို့ အမှတ်(၆)ဂျာမန်တပ်မတော်ဟာ အားလျှော့ လက်နက်ချလိုက်ရပြီး အသက်ရှင်ကျန်ရစ်သူ စစ်ဗိုလ်၊ စစ်သားပေါင်း ကိုးသောင်းတထောင်ကျော်တို့ဟာ စစ်သုံ့ပန်းများ အနေနဲ့ စစ်ပြီးနောက် ကာလအတန်ကြာအထိ ဆိုဗီယက်အကျဉ်းစခန်းများမှာ ခက်ကြမ်းတမ်းစွာ ရှင်သန်ရပ်တည်ကြရလို့ နောက်ဆုံး စစ်သုံ့ပန်းတွေ လဲလှယ်တဲ့ ၁၉၅၀ ပြည့်နှစ်များမှာ ဖခင်ဂျာမနီနိုင်ငံတော်ကို ပြန်​ရောက်သူ ၅၀၀၀ ခန့်လောက်ပဲ ရှိပါတော့တယ်။

ဒီ စတာလင်ဂရက်တိုက်ပွဲမှာ ဂျာမန်တို့ဟာ ကြုံရမယ် ​မမျှော်လင့်တဲ့ အရှုံးကြီးကို နာနာကျည်းကျည်းကြုံတွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ ယန္တယားတပ်များလည်း ပြုတ်ပြုတ်ပြုန်း သွားခဲ့ရပါတယ်။ တိုက်တိုင်းအောင်တပ်တွေနဲ့ စစ်ဗျူဟာ ပျက်စီးသွားရသလို သူတို့ မျှော်မှန်းချက်နဲ့ စိတ်ဓာတ်တွေလည်း ပျက်သုဉ်းကျဆင်းသွားခဲ့ရပါတယ်။

ဆိုဗီယက်တပ်နီကတော့ စိတ်ဓာတ်ခွန်အားနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးတက်ရရှိခဲ့ပြီး အဆုံးစွန်အောင်ပွဲ ရရှိဖို့ တွန်းအားတရပ်ဖြစ်ခဲ့ပါတယ်။ မြို့စောင့်တပ်မှူး ဗိုလ်ချုပ်ရွှီကော့ဗ်ဟာ သူရဲကောင်းတဦး ဖြစ်လာခဲ့ပြီး နောင်သုံးနှစ်အကြာမှာ ဂျာမန်မြို့တော် ဘာလင်ကို သိမ်းပိုက်မယ့် စစ်ဆင်ရေးကို ရှေ့တန်းကနေဦးစီးဖို့ တာဝ​န်ပေး ဂုဏ်ပြုခံခဲ့ရပါတယ်။ စတာလင်ဂရက်တိုက်ပွဲမှာ ထုသား၊ပေသားရခဲ့တဲ့ သူ့ရဲ့ အမာခံတပ်သားတွေဟာ ဘာလင်မြို့၊ လွှတ်တော် အဆောက်အဦးကြီးပေါ်မှာ ဆိုဗီယက်အောင်လံကို စိုက်ထူလွှင့်တင် အောင်ပွဲခံနိုင်ကြပါတယ်။