စည်းဝါးကိုက် ကိုယ်လက်လေ့ကျင့်ခြင်း

ဝီကီပီးဒီးယား မှ

စည်းဝါးကိုက် ကိုယ်လက်လေ့ကျင့်ခြင်း။ ။ ကိုယ်လက်လေ့ကျင့်ခြင်း၌ ကိုယ်အင်္ဂါအစိတ်အပိုင်းတို့၏ လှုပ်ရှားခြင်းသည် ညီညွတ်စေရန် အရေးကြီးသည်။ လှုပ်ရှားမှု ညီညွတ်မှ နှလုံးသွေး အညီအညွှတ်ပျံ့နှံ့၍ ကြွက်သားများ ဖွံ့ဖြိုးလာနိုင်သည်။ ယင်းညီညွတ်မှုကို ရရှိနိုင်ရန် စည်းချက် ဝါးချက်ရှိဖို့ လိုလေသည်။ စည်းချက်ဝါးချက်ဖြင့် ကိုယ်လက် လှုပ်ရှား ကစားခြင်းကို စည်းဝါးကိုက် ကိုယ်လက်လေ့ကျင့်ခြင်း ဟု ခေါ်သည်။

စည်းဝါးကိုက် ကိုယ်လက်လေ့ကျင့်ခြင်းကို စတင်တီထွင် သူမှာ ဆွစ်လူမျိုး ပါမောက္ခကြီး ဒါးလခရိုးဆိုသူဖြစ်သည်။ ဒါးလခရိုးသည် ဤစည်းဝါးကိုက်ကိုယ်လက်လေ့ကျင့်ခြင်းကို ဂီတပညာရပ်ကို မှီး၍ တီထွင်ခြင်းဖြစ်သည်။ ဂီတပညာရပ်၌ ပညာသည်များသည် စည်းနှင့် ဝါးကို နားလည်ရသည်။ စည်း ဝင် စည်းထွက်ကို တတ်သိရသည်။ စည်းချက် ဝါးချက်နှင့် ညီညွတ်စွာ ကိုယ်လက်များလည်း လှုပ်ရှားရသည်။ ယင်း အချက်များကိုမှီး၍ ခရစ် ၁၉ဝ၅ ခုနှစ်လောက်၌ ဒါးလခရိုး သည် စည်းဝါးကိုက် ကိုယ်လက်လေ့ကျင့်နည်းကို သင်ကြား ပြသပေးနိုင်လေအောင် တီထွင်လိုက်ရာ၊ ဥရောပတိုက်နှင့် အမေရိကတိုက်များတွင် ထိုလေ့ကျင့်နည်းသည် များစွာခေတ် စားလာခဲ့သည်။

ယင်းလေ့ကျင့်နည်း၌ စည်းချက်ကျအောင် လှုပ်ရှားတတ်ရ သည်။ နားအာရုံဖွံ့ဖြိုးစူးရှဖို့လည်းလိုသည်။ မိမိသည် အများနှင့် အတူ ယိမ်းကရာ၌ကဲ့သို့ ညီညာစွာ လှုပ်ရှားတတ်ဖို့လည်းလိုပေ သည်။ အထက်ပါ အချက်သုံးချက်အနက် စည်းချက်ကျလှုပ်ရှား ခြင်းသည် အဓိကအခြေခံပင်ဖြစ်သည်။

ဤစည်းဝါးကိုက် ကိုယ်လက်လေ့ကျင့်ခြင်း၏ ရည်ရွယ် ချက်မှာ အလုပ်လုပ်ကိုင်ရာ၌ စိတ်သွားတိုင်း ကိုယ်ပါနိုင်မှု၊ စိတ်နှင့်လိုက်၍ ကိုယ်ခန္ဓာကလည်း စွမ်းစွမ်းတမံလျင်မြန်စွာ ဆောင်ရွက်နိုင်မှုတို့ တိုးတက် ဖွံ့ဖြိုးလာစေရန်ဖြစ်သည်။ လေ့ကျင့်ခဏ်းများကို ပြုလုပ်ရာ၌ လှုပ်ရှားနေသော စိတ် ကို ကိုယ်ခန္ဓာအစိတ်အပိုင်းများက အမီလိုက်၍ လှုပ်ရှားနိုင်ရန် ကြိုးစားရသည်။ ဤတွင် ဂီတသံဖြင့် စည်းချက်တိုင်ပေးနေ သည်ကို ဖမ်းမိရန် နားအာရုံစိုက်မှုသည် အရေးကြီးသည်။ ဂီတသံစည်းချက်မြန်လျှင် မြန်သကဲ့သို့၊ နှေးလျှင်နှေးသကဲ့သို့။ စိတ်ရော ကိုယ်ပါလိုက်၍ လှုပ်ရှားလေ့ကျင့်ရသည်။ လေ့ကျင့် ခန်း တစ်ခန်းနှင့် တစ်ခန်း အကူးအပြောင်း၌ ဆရာဖြစ်သူက အမိန့်ပေးရန်လိုလေသည်။ စည်းဝါးကိုက် ကိုယ်လက်လေ့ကျင့် ခြင်းသည် စည်းချက် ဝါးချက်ကို သိနားလည်စေသောကြောင့် ဂီတနှင့် ပန်တျာအနုပညာတို့ကို လေ့လာဆည်းပူးရာ၌ အဖိုး တန်သောလေ့ကျင့် ခြင်းဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၄)