စစ်အုပ်ချုပ်ရေးနှင့် စစ်အာဏာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

Military Regime နှင့်ပတ်သက်၍ "Military" ဆိုသည်မှာ "စစ်၊ တပ်မတော်" ဆိုသည့်အဓိပ္ပာယ်ကိုဖော်ဆောင်ပြီး "Regime" ဆိုသည် မှာ Oxford အဘိဓာန်တွင် "a method or system of government, especially one that has not been elected in a fair way" ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ Regime ဆိုသည်မှာ "အစိုးရစနစ် တစ်မျိုး၊ အစိုးရတစ်ရပ်" ဟူ၍ လည်းဖွင့်ဆိုနိုင်ပါသည်။ Military Regime ဆိုသည်မှာ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင် မြှောက်ခံအစိုးရတစ်ရပ် အုပ်ချုပ်သည့်စနစ်မဟုတ်ဘဲ၊ အခြေအနေ တစ်ရပ်ရပ်ကြောင့် တက်ရောက်အုပ်ချုပ်လာသည့် စစ်အစိုးရတစ်ရပ်ကို ခေါ်ဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးသည် ဗြိတိသျှတို့အုပ်ချုပ်သည့် ကာလကတည်းက စတင်ရှိနေခဲ့သည်။ ဗြိတိသျှ ရေတပ်ဗိုလ်ချုပ်ကြီး လော့ဒ် လူဝီ မောင့်ဘက်တန် အရှေ့တောင်အာရှ၊ မဟာမိတ် စစ် သေနာပတိချုပ်အဖြစ် တာဝန် မထမ်းဆောင်မီ၊ ဂျပန်များ မသိမ်းပိုက်နိုင်သေးသည့် တောင်တန်းဒေသအချို့ကို အခြေအနေအရ ၁၉၄၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံ စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဝေဗဲလ် လက်အောက်သို့ လွှဲပြောင်းပေးရာမှ အစပြုပြီး စစ်အုပ်ချုပ်ရေး စတင်ပေါ်ပေါက်ခဲ့ကြောင်း သိရပါသည်။

ဝေဗဲလ်သည် ထိုနေ့မှအစပြုပြီး အိန္ဒိယစစ်ဌာနချုပ်လက် အောက်ခံအဖွဲ့အစည်းဖြစ်သည့် ကက်စဘီ CAS (B) ခေါ် "မြန်မာပြည် မြို့ပြရေးရာ အုပ်ချုပ်ရေးအဖွဲ့Civil Affairs Service (Burma) ကို ဖွဲ့စည်းလိုက်ပါသည်။ ထိုအဖွဲ့သည် အမည်အားဖြင့် နယ်ဘက် အဖွဲ့အစည်းတစ်ရပ်ဟုထင်ရသော်လည်း စစ်အုပ်ချုပ်ရေး အဖွဲ့အစည်း တစ်ရပ်သာဖြစ်သည်။

စစ်အုပ်ချုပ်ရေးဆိုသည်မှာ ပုံသဏ္ဍန်အမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုးရှိနိုင်သလို အုပ်ချုပ်သည့် အဆင့်အမျိုးမျိုး လည်းရှိနိုင်သည်။ စစ်တပ်အာဏာသိမ်းခြင်းဆိုသည်မှာလည်း အသွင်အမျိုးမျိုးရှိနိုင်သည်။ လက်တင်အမေရိကနှင့် အရှေ့အလယ် ပိုင်းနိုင်ငံများတွင် စစ်တပ်ကအာဏာသိမ်းသည်ဆိုသော်လည်း ဒီမိုကရေစီဗန်းပြကာ အုပ်ချုပ်ခဲ့မှုများကိုတွေ့ရသည်။ စစ်ဘက်နှင့် အရပ်ဘက် ပူးတွဲအုပ်ချုပ်ရင်းမှ လစ်ဘရယ်ဒီမိုကရေစီလိုင်းသို့ ကူးပြောင်းသွားသည့် အစဉ်အလာများလည်းရှိခဲ့သည်။ အထူးသဖြင့် အာဖရိကနိုင်ငံများတွင် စစ်တပ်သည် တစ်ပါတီစနစ်အသွင်ကူးပြောင်းကာ အုပ်ချုပ်ခြင်းမျိုး ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း စစ်တပ်မှ အာဏာကို လွှဲပြောင်း ရယူပြီး တစ်ပါတီစနစ် (မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ) အဖြစ် ကူးပြောင်းအုပ်ချုပ်ခဲ့သည့် သာဓကများ ရှိခဲ့ဖူးသည်။

စစ်တပ်မှတိုင်းပြည်အုပ်ချုပ်ရေးအတွက် ကြားဝင်လာရခြင်းကို နိုင်ငံရေးအရစွက်ဖက်လာခြင်းဟူ၍လည်း ဆိုနိုင်ပါသည်။ စစ်တပ်နိုင်ငံရေးဘက်သို့ ဝင်လာရခြင်းကို ကမ္ဘာစစ်ကြီးများကာလ ဂျာမနီ၊ ဂျပန်၊ စပိန်နှင့် အရှေ့ဥရောပတို့တွင်လည်း ကြုံခဲ့ရဖူး သည်။ ပြင်သစ် နှင့် ဂရိတို့သည်လည်း စစ်ဘက်အုပ်ချုပ်ရေးနှင့် ကင်းခဲ့သည့်နိုင်ငံများ မဟုတ်ပေ။ ဆင်းရဲသည့်နိုင်ငံအများစုသည် စစ်တပ်မှအုပ်ချုပ်ရေးနှင့် နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှုအများဆုံးခံရသည့်နိုင်ငံများအဖြစ် မှတ်တမ်းများတွင် တွေ့ရသည်။

၁၉၅၈ ခုနှစ် ဇန်နဝါရီမှ ၁၉၆၉ ခုနှစ် နိုဝင်ဘာလအထိ ကမ္ဘာ့ နိုင်ငံပေါင်း ၅၂ နိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းမှုပေါင်း ၈၈ ကြိမ် ဖြစ်ပွားခဲ့သည်။ အာဖရိကတိုက် ၃၈ နိုင်ငံတွင် ၂၂ နိုင်ငံ၊ အာရှ ၂၆ နိုင်ငံတွင် ၁၄ နိုင်ငံ၊ လက်တင်အမေရိက ၂၃ နိုင်ငံတွင် ၁၁ နိုင်ငံသည် စစ်တပ်၏ဝင်ရောက်အုပ်ချုပ်မှုကို ခံခဲ့ရသည့်နိုင်ငံများဖြစ်ခဲ့သည်။ နှစ်ပေါင်း ၁၅၀ အတွင်း ကမ္ဘာ့ နိုင်ငံများအားလုံးကို နှိုင်းယှဉ်ကြည့်လျှင် ၂၈ ရာခိုင်နှုန်းခန့်သည် စစ်တပ်အုပ်ချုပ်လွှမ်းမိုးမှုအောက်သို့ ကျရောက်ခဲ့ရသည်။ ၁၅ နှစ်အတွင်း နိုင်ငံပေါင်း ၁၄၉ နိုင်ငံကျ ရောက်ခဲ့သဖြင့် ၃၇ ရာခိုင်နှုန်းခန့်အထိရှိခဲ့သည်။ အားလုံးခြုံကြည့်လျှင် ဆင်းရဲတွင်းနက်လေ၊ စစ်တပ်ကဝင်ရောက်စွက်ဖက်မှုကို ခံရလေဟုဆိုနိုင်သည်။

၁၉၆၃ ခုနှစ်စစ်တမ်းတစ်ခုအရ လူတစ်ဦး ဒေါ်လာ ၃၃၀ အောက်ဝင်ငွေရှိသည့် နိုင်ငံပေါင်း ၇၃ နိုင်ငံကိုလေ့လာကြည့်ရာတွင် ၄၅ နိုင်ငံသည် စစ်တပ်အာဏာသိမ်းမှုကို မကြာခဏခံရသည့် နိုင်ငံများဖြစ်နေကြောင်းတွေ့ရသည်။ ရာခိုင်နှုန်းအားဖြင့် ၆၂ ရာခိုင်နှုန်းခန့် ဖြစ်သည်။ လူတစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၃၀၀ မှ ၈၉၉ ဒေါ်လာကြား တွင်ရှိသည့် နိုင်ငံပေါင်း ၂၅ နိုင်ငံကို လေ့လာသုံး သပ်ကြည့်ရာတွင် ၅ နိုင်ငံသာ စစ်တပ်စွက်ဖက်မှုကို ခံရသဖြင့် ၂၀ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟုဆိုနိုင်သည်။ ချမ်းသာကြွယ်၀သည့် လူတစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၉၀၀ နှင့်အထက်ရှိ နိုင်ငံ ၁၉ နိုင်ငံ ကိုလေ့လာကြည့်ရာတွင် ပြင်သစ်နှင့် ယခင် ချက်ကိုစလိုဗက်ကီးယား နိုင်ငံ ၂ နိုင်ငံသာ ရှိကြောင်းတွေ့ရသည်။

စစ်တပ်ကကြားဝင်လာမှုသည် စစ်ဝါဒ (Militarism) နှင့် မသက်ဆိုင်ပေ။ စစ်တပ်စွက်ဖက်မှုသည် အရပ်ဘက်အုပ်ချုပ်ရေး၏ အားနည်းချက်ကြောင့်သော်လည်းကောင်း၊ အရပ်ဘက်အုပ်ချုပ်ရေး မစွမ်းဆောင်နိုင်လောက်အောင် ဖြစ်လာသည့်အတွက် လည်းကောင်း ပေါ်ပေါက်လာရခြင်းဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းပြည်မငြိမ်မသက် ဖြစ်နေချိန် ၁၉၅၈ ခုနှစ် စက်တင်ဘာလတွင် ၂၅ ရက်နေ့ နံနက် အရုဏ်ကျင်းခါစအချိန်တွင် တပ်မတော်မှအာဏာသိမ်းယူလိုက်ကြောင်းကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် နိုင်ငံတော် ဝန်ကြီးချုပ်ဦးနုအား တပ်မတော်အရာရှိများက သွားရောက်အစီခံရာ ဦးနုပြောလိုက်သည့် မှတ်သားစရာတစ်ခွန်းမှာ

"အာဏာမသိမ်းကြနဲ့။ အာဏာသိမ်းတာဟာ စစ်တပ်လည်း နာမည်ပျက်တယ်၊ တိုင်းပြည်လည်း နာမည်ပျက်တယ်။ အဲဒီတော့ နောက် ၆ လကြာရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးပါ့မယ်လို့ စစ်တပ်က ကတိပြုရင်၊ စစ်တပ်ကို သူအာဏာ လွှဲပေးမယ်။ ဒီလိုအာဏာလွှဲပေးဖို့အတွက် လွှတ်တော်ကိုခေါ်လိုက်မယ်။ လွှတ်တော်ကျင်းပတဲ့နေ့မှာ သူ ဝန်ကြီးချုပ် ရာထူးကထွက်ပြီး လွှတ်တော်က ဗိုလ်ချုပ်ကြီးနေဝင်းကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်အောင် သူအဆိုသွင်းမယ်" ဟူ၍ဖြစ်သည်။ (ဦးနုကိုယ် တိုင်ရေးသည့် တာတေစနေသား၊ စာ ၅၃၆)

စစ်တပ်ကကြားဝင်ခြင်းသည် "အမျိုးသားရေး" ကြောင့်လား၊ "နိုင်ငံရေး" ကြောင့်လားဟူ၍ နှစ်ပိုင်းကွဲနိုင်သည်။ အမျိုးသားရေး ကြောင့်ဆိုလျှင် "နိုင်ငံ" ၏မျက်နှာကိုကြည့်ရမည်။ နိုင်ငံရေးကြောင့် ဆိုလျှင် "လူ" မျက်နှာကိုကြည့်ရမည်။ နိုင်ငံရေးအရဆိုလျှင် ပြည်သူ့ကိုယ်စား ပြည်သူကရွေးချယ်ပိုင်ခွင့်ဖြင့်တက်လာသည့် ပြည်သူ့အစိုးရမျိုးသာဖြစ်ရမည်။ အမျိုးသားရေးကြောင့် တက်လာ သည့်အစိုးရသည် နိုင်ငံရေးကြောင့်ဖြစ်လာမည့်အစိုးရသို့ ပခုံးပြောင်းတာဝန်လွှဲ ပြောင်းပေးရမည်သာဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ထာ၀ရ စစ်တပ်အုပ်ချုပ်သည့်နိုင်ငံ၊ စစ်အစိုးရမျိုးကို ပြည်သူတို့မလိုလား၊ မထောက်ခံကြသောကြောင့်ဖြစ်သည်။

နိုင်ငံရေးအာဏာကို စစ်တပ်ကချုပ်ကိုင်ထားလျှင် စစ်အာဏာရှင်ဟူ၍ ခေါ်လေ့ရှိကြသည်။ စစ်အာဏာရှင်ဆိုသည်မှာ တစ်ဦး တစ်ယောက်အာဏာတစ်ခုတည်းဖြစ်အုပ်ချုပ်သလား၊ စစ်ကောင်စီအဖွဲ့ဖြင့် အုပ်ချုပ်သလား ပြန်လည် ဆန်းစစ်ကြည့်ရမည်ဖြစ် သည်။ ထို့ပြင် တစ်ဦးတစ်ယောက်ကောင်း အာဏာဖြင့်အုပ်ချုပ်ခြင်းနှင့် စစ်တပ်မှတိုက်ရိုက်ကွပ်ကဲအုပ်ချုပ်ခြင်းလည်း မတူညီ သေးပေ။ နိုင်ငံတစ်နိုင်ငံ တွင် အာဏာရှင်စနစ်လွှမ်းမိုးသလား၊ ဖက်စစ်စနစ်လွှမ်းမိုးသလားဆို သည်မှာ "တရားဥပဒေစိုးမိုးမှု" နှင့်သာတိုင်းတာရပါသည်။ နိုင်ငံ တစ်နိုင်ငံတွင် Rule of Law အရအုပ်ချုပ်သလား၊ Rule of Men အရ အုပ်ချုပ်သလားဖြင့်သာ တိုင်းတာပြီး အာဏာရှင်ဟုတ် မဟုတ် ဆုံးဖြတ်ရပေလိမ့်မည်။ ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အမေရိကန်နိုင်ငံတွင်ပင် သမ္မတကိုယ်တိုင် Power of Veto (ဗီတိုအာဏာ) တစ်ချက် လွှတ်ပိတ်ပင်သည့်အာဏာသုံးခွင့်ရှိပါသည်။

မာရှယ်လော (Martial Law) ခေါ် စစ်ဥပဒေအရ အာဏာကျင့်သုံးမှုစနစ်နှင့် အာဏာတည်ဆဲအစိုးရတစ်ရပ်သည် တပ်မတော်အား ခေတ္တအုပ်ချုပ်ရေး လွှဲပြောင်းပေးသဖြင့် အရေးပေါ်အခြေအနေအရ စစ်အုပ်ချုပ်ရေး (Military Administration) တို့လည်းမတူပေ။

စစ်ဥပဒေအရအာဏာကျင့်သုံးမှုစနစ် (Martial Law) သည် စစ်မြေပြင်တွင် တပ်မှူးကအာဏာကျင့်သုံးပုံအတိုင်း တာဝန်ယူ ကျင့်သုံးခွင့်ရှိသည့် အာဏာမျိုးဖြစ်သည်။ စစ်အာဏာပိုင်များအနေဖြင့် အခြေခံဥပဒေကို ထောက်ထားခြင်း၊ အထက်အဆင့်ဆင့် တင်ပြအစီရင်ခံခြင်း၊ အခွင့်အာဏာရယူခြင်းများ လုပ်ဆောင်စရာမလိုဘဲ၊ မိမိကိုယ်တိုင် တာဝန်ခံဆုံးဖြတ် လုပ်ဆောင်နိုင်သည့် အခြေအနေကို မာရှယ်လောဟုခေါ်သည်။ စစ်အာဏာပိုင်များအထက်တွင် မည်သည့် အာဏာပိုင်အဖွဲ့အစည်းမျှမရှိဆိုသည့် သဘောမျိုးဖြစ်သည်။

စစ်အုပ်ချုပ်ရေးစနစ် (Military Administration) ဆိုသည်မှာ အခြေခံဥပဒေအရ လွှဲပြောင်းတာဝန်ပေးအပ်ရခြင်းဖြစ်ပြီး မာရှယ်လောနှင့် များစွာကွာခြားသည်။ စစ်အုပ်ချုပ်ရေးစနစ်သည် အဖွဲ့ဖြင့် အုပ်ချုပ်ရခြင်းဖြစ်ပြီး ထိုအဖွဲ့သည် အခြေခံဥပဒေ၏ ထိန်းချုပ်မှုကိုခံယူရပါသည်။ စစ်အာဏာပိုင်များ၏အထက်တွင် အာဏာပိုင်အဖွဲ့အစည်း တစ်ရပ် ရှိနေသေးသည်ဟု မှတ်ယူရမည် ဖြစ်ပါသည်။

တိုင်းပြည်တစ်ပြည်တွင် မာရှယ်လောကျင့်သုံးရလောက်အောင် အခြေအနေဆိုးရွားနေပါက မာရှယ်လောထုတ်ကာ အုပ်ချုပ် လေ့ရှိကြသည်။ မာရှယ်လောအမှန်တကယ်ကျင့်သုံးလျှင် အခြေခံဥပဒေကို ဘေးဖယ်ထားခြင်းခံရတတ်သည်။ အခြေခံဥပဒေမှ လိုအပ်သည်များကို သုံးကောင်းသုံးနိုင်သော်လည်း စစ်အာဏာပိုင်များအပေါ်တွင် မည်သည့်အဖွဲ့အစည်းကမှ လွှမ်းမိုးထိန်းချုပ်၍ မရပေ။ စစ်အာဏာ ပိုင်များအပေါ်တွင် လုံး၀အာဏာတည်ပြီး အခြေအနေ အချိန်အခါ လိုအပ်ချက်အရ စစ်အာဏာပိုင်များက မှန်ကန်သည်ဟု ယူဆလျှင် အမိန့်၊ ကြေညာချက်များထုတ်ပြန်ပြီး အာဏာကိုကျင့်သုံးပိုင်ခွင့်ရှိ သည်။

မာရှယ်လောကိုကျင့်သုံးလျှင် ထုတ်ပြန်သည့် အမိန့်နှင့်ဥပဒေ များကို မလိုက်နာသူမရှိရလေအောင် လုပ်ပိုင်ခွင့်အာဏာများ ပေး ထားတတ်သည်။ မာရှယ်လောကို မည်မျှအထိအခွင့်အာဏာပေးထားသနည်းဆိုသော် စိတ်စေတနာအမှန်ဖြင့် ယုံကြည်ချက် အတိုင်း ဆောင်ရွက်သည့်အတွက် မှားယွင်းသွားခြင်းဖြစ်လျှင်လည်း ခွင့်လွှတ်ရမည်ဟု ပြဋ္ဌာန်းထားချက်များတွေ့ရသည်။

မာရှယ်လောကျင့်သုံးလိုက်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူတစ်ဦးချင်းကာကွယ်နိုင်၊ ရယူနိုင်သည့်အခွင့်အရေးများ ရပ်ဆိုင်းသွားတတ်သည်။ ထို့ကြောင့် မာရှယ်လောဆိုသည်မှာ ပြင်းထန်သည့် စီရင်ခွင့်တစ်ခုဟုဆိုနိုင်သည်။ မာရှယ်လောအရ ဖြစ်ပေါ်ခဲ့သည့် ကိစ္စများနှင့်ပတ်သက်ပြီး နစ်နာခဲ့သူတစ်ဦးသည် နောင်အစိုးရလက်ထက်တွင် အရပ်ဘက်တရားရုံးများမှ အမှုဖွင့် တိုင်တန်းခွင့်၊ စုံစမ်းစစ်ဆေး ခွင့်လည်းမရှိပေ။ ထို့ကြောင့် မာရှယ်လောဖြင့် အုပ်ချုပ်သည်ဆိုလျှင် ဥပဒေဖြင့် ထိန်းချုပ်ခြင်းမရှိသော အကန့်အသတ်မဲ့အာဏာဟူ၍ ပြောနိုင်သည်။ထို့ကြောင့် မာရှယ်လောသည် စစ်အုပ်ချုပ်ရေးထက် အဆပေါင်းများစွာ ပြင်းထန် သည်ဟုဆိုနိုင်သည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ (၉၄) ပါပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်က စစ်ဥပဒေထုတ်ပြန် ကြေညာမှုဆိုင်ရာ တစ်ချက်လွှတ်ဥပဒေကို ထုတ်ပြန် ခဲ့ဖူးသည်။ တစ်ချက်လွှတ်ဥပဒေအရ ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူထားရသည့် ဗိုလ်ချုပ်ကြီး စမစ်ဒွန်းက စစ်ဘက်ဆိုင်ရာ အာဏာပိုင်အမိန့်နှင့် စည်းကမ်းချက်များနှင့်အညီ စစ်အုပ်ချုပ်ရေး (Military Administration) ကို စီရင်ပိုင်ခွင့် ရရှိခဲ့သည်။

၁၉၅၈ ခုနှစ်တွင်လည်း စစ်ဘက်ဆိုင်ရာ အာဏာပိုင်များဦးစီးသည့် အိမ်စောင့်အစိုးရက ကြားဖြတ်အစိုးရအနေဖြင့် စစ်အုပ်ချုပ်ရေးကို ကျင့်သုံးခဲ့ဖူးသည်။

၁၉၈၈ ခုနှစ်အတွင်းကလည်း တောင်ကြီးမြို့နှင့် ပြည်မြို့တို့တွင် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၇၆ အရ အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်အာဏာလွှဲအပ်သည့် စစ်အုပ်ချုပ်ရေးကို ထုတ်ပြန်အုပ်ချုပ်ခဲ့ပါသည်။

တိုင်းပြည်အခြေအနေက ပိုပြီးဆိုးရွားလာသဖြင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် နောက်တစ်ကြိမ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ကြေညာချက်အမှတ် ၁/၈၈ ဖြင့် တပ်မတော်မှ နိုင်ငံတော်အာဏာအရပ်ရပ်ကို လွှဲပြောင်း တာဝန်ယူခဲ့ရ ပြန်သည်။ ထိုသို့တာဝန်လွှဲပြောင်းယူနိုင်ရန်အတွက် အမိန့်အမှတ် ၁/၈၈ ကို ထုတ်ပြန်ကြေညာပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပါသည်။ ထိုအဖွဲ့တွင် အဖွဲ့ဝင် ၁၉ ဦးပါရှိပြီး၊ အရပ်သားဘက်မှ တစ်ဦးမျှမပါဘဲ၊ စစ်ဘက်မှ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် ဗိုလ်ချုပ်ကြီးအဆင့်များသာပါဝင်ကြောင်းတွေ့ရသည်။