စစ်သူကြီး သံကိုးမောင်း
စစ်သူကြီး သံကိုးမောင်း ဟူသော ဝေါဟာရကို တတိယဓညဝတီခေတ်တွင် တွေ့ရသည်။ သံကိုးမောင်းသည် ရခိုင်ဘုရင်မင်းမြတ် စန္ဒသူရိယနှင့် အဖိုးတူညီအစ်ကိုများဖြစ်ကြသည်။ သံကိုးမောင်းတို့တွင် ညီအစ်ကို သုံးယောက်ရှိပြီး ညီနှစ်ယောက်မှာ သံဘောတူနှင့်သံခဲ တို့ဖြစ်ကြသည်။ ဖခင်မှာ သေနကုမ္မာဖြစ်၍ ဥဂ္ဂရီအရပ်တွင် ဘုရင့်အမှုတော်ထမ်းနေသူဖြစ်သည်။ သားသုံးယောက် အရွယ်ရောက်ချိန်တွင် သူတို့၏ဖခင်မှာ ကွယ်လွန်သွားလေသည်။ ရခိုင်ဘုရင်တို့သည် လောင်းလှေများကို စစ်အင်္ဂါအနေဖြင့် ရေလမ်းခရီးစစ်ကြောင်းများတွင် တိုက်လှေအဖြစ်အသုံးပြု ခဲ့ကြသည်။ ရခိုင်ဘုရင်တို့၏ လောင်းလှေအသုံးပြု ပုံများဆိုင်ရာကို တတိယဓညဝတီခေတ် စန္ဒသူရိယမင်းလက်ထက်တွင် သံကိုးမောင်းညီအစ်ကို သုံးယောက်အကြောင်းနှင့် ဆက်စပ်ရေးသားထားသည်ကိုတွေ့ရလေသည်။
တစ်နေ့တွင် ဘုရင်မင်းကြီးသည် သံဘောတူနှင့်သံခဲတို့ကို ရေတပ်ဗိုလ်မှူးများအဖြစ်ခန့်အပ်လျှက် တိုက်လောင်းလှေ(၁၀၀၀)ဖြင့်လည်းကောင်း၊ ကံသာစား ‘အောင်ဇီဝင်း’ကို တိုက်လောင်းလှေ(၃၀၀)ဖြင့်လည်းကောင်း၊ စုစုပေါင်း တိုက်လောင်းလှေ(၁၃၀၀)ဖြင့် သက်မင်း၏ အန္တရာယ်ကို နှိမ်နှင်းစေခဲ့သည်။ ယင်းအချိန်က အစ်ကိုကြီး သံကိုးမောင်းမှာ ကံသာချောင်း (ယခု စစ်တကောင်းနယ်) သို့ရောက်ရှိနေရာ ညီအစ်ကိုများစုစည်းလျှက် စစ်သည်ပေါင်း (၆၀၀၀)ဖြင့် သက်မင်း၏ စစ်သည်တော်များကို ဖြို ခွင်းရာ အောင်မြင်လေသည်။ စစ်ပွဲကြီးအောင်မြင်သဖြင့် စန္ဒာသူရိယဘုရင်သည် သံကိုးမောင်းအား တိုက်လောင်းလှေများကို ဦးစီးရသူ စစ်ဦးစီး(စစ်သူကြီး) အဖြစ်ရာထူးတိုး ခန့်အပ်မြှောက်စားလေသည်။ ထိုအခါမှစ၍ စစ်သူကြီးသံကိုးမောင်း ဟုထင်ရှားလာလေသည်။ ‘သံကိုးမောင်း’ တိုက်လောင်းလှေကြီးများဖြင့် စစ်စခန်းချနေထိုင်ရာဖြစ်ခဲ့သော ပလက်ဝမြို့ ကျီးကန်းတောင်ခြေရင်းအနီးရှိကျောက်ကို ယခုထက်တိုင် ‘သံကိုးမောင်းကျောက်’ဟု သမိုင်းတွင်ခေါ်ဝေါ်လျက် ရှိကြောင်းတွေ့ရသည်။
ဤဖြစ်ရပ်သည် လွန်ခဲ့သော နှစ်သောနှစ်ပေါင်း (၂၅၆၀) ကျော်ခန့်က ဖြစ်ရပ်ဖြစ်ပေသည်။ ရခိုင်တို့၏ ဖြစ်ရပ်မှန်ပင်ဖြစ်စေ၊ ဒဏ္ဍာရီပင်ဖြစ်စေ သံကိုးမောင်းဟူသော သတ္တိ ဗျတ္တိ နှင့်ပြည့်စုံသော အားကောင်းမောင်းသန် ရခိုင်အမျိုးသားတစ်ဦးကား သမိုင်းမှာ အမှန်ပင်ပေါ်ထွန်းခဲ့ပေသည်။ သူသည် သူ၏အောင်မြင်မှု အတွက် ဝမ်းသာအားရဖြစ်လျက် ရခိုင်ရိုးရာထုံးစံအတိုင်း ‘ကျင်ကွင်း’ ဟန်ပျော်မြူးနေသည်ကို တွေ့ရသည်။
(စကားချပ်။ ။ ရွှေတိဂုံ စေတီတော် အရှေ့ဘက်မုခ် အလယ်ပစ္စယံ ကားလမ်းမအောက် ပိဋကတ်တိုက် တစ်ခု၏ မုခ်ဝတွင်လည်း နှောင်းလူတို့ ပြုလုပ်ထားသော သံကိုးမောင်းအရုပ်နှင့် နီးပါးလောက်တူသည့် အင်္ဂတေရုပ်တုနှစ်ခု ထုလုပ်ထားသည်မှာ သံကိုးမောင်းနှင့် တစ်ခုခုများဆက်စပ်နေသလား ထင်မိပါသည်။)
ကိုးကား
[ပြင်ဆင်ရန်]- သံတွဲမြို့ ၊ အောင်မြေသာစည်ဆရာတော်၊ဒွါရာဝတီ အရှင်ကုသလ (ငွေသဇင်) စီရင်ရေးသားသော ‘ရက္ခပူရဒွါဒသရာသီဋီကာ’ အမည်ရှိ ရခိုင်ဌာနီ လရာသီကျမ်း။
- [[၁]]